ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စု၌ စွမ်းအားမြှင့် CCC မီးဖို ၂၁၁ လုံး အခမဲ့ဖြန့်ဝေ

 

ငဖဲ   ဖေဖော်ဝါရီ  ၂၅


မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တောင်ကိုရီးယားနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့် အရှေ့တောင် အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ)  ၌  စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအရ  စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင် အခမဲ့ဖြန့်ဝေလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်က  ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာနှင့် စစ်တောကျေးရွာများ၌ စွမ်းအားမြှင့် CCC မီးဖို ၂၁၁  လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မီးဖိုများဖြန့်ဝေပေးရာတွင် ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသိန်းက ကျေးရွာပြည်သူ များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သဘာဝတောများ ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊  အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန်နှင့်    ကျေးလက်နေပြည်သူများ   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စွမ်းအားမြှင့် CCC မီးဖိုများ ပေးအပ်ရခြင်း ဖြစ်ကြောင်း ၊ CCC   မီးဖိုသုံးစွဲခြင်းအားဖြင့် အချိန်ကုန်သက်သာ၍ ချက်ပြုတ်ရာတွင်မြန်ဆန်ပြီး    မီးခိုးအထွက်နည်းခြင်း၊     မီးဘေး အန္တရာယ်စိတ်ချရခြင်း၊   ငွေကုန်သက်သာခြင်း၊  ထင်းလောင်စာကုန်ကျမှု သက်သာခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး    စွမ်းအားမြှင့်မီးဖိုသုံးစွဲမှု    အသိပညာပေး    လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးသည်။


ထို့နောက် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပန်းထိမ်းကျေးရွာရှိ အိမ်ထောင်စု ၁၀၅ စုအတွက် မီးဖို  ၁၀၅ လုံးနှင့် စစ်တောကျေးရွာရှိ အိမ်ထောင်စု ၁၀၆ စုအတွက် မီးဖို ၁၀၆ လုံး စုစုပေါင်း ၂၁၁ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊   ဖြန့်ဝေပေးအပ်ရန်ကျန်ရှိသည့်  ကျေးရွာများကို ဆက်လက်၍ ဖြန့်ဝေ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မယု(ငဖဲ)