တရားမဝင်ကုန်သွယ်မှု တားဆီး/ဖမ်းဆီးနိုင်ရေးအတွက် တားဆီး/ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေ ချီးမြှင့်လျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၈


တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်မှသာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

 


တရားမဝင်တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီး ပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင် ရောင်းချခြင်းမှ  ရရှိငွေ၏    ၃၀  ရာခိုင်နှုန်းအား    ဖမ်းဆီးသူများကို လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများကိုလည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏    အမိန့်ကြော်ငြာစာ  အမှတ်    ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက်ရှိသည်။

 


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး   ၂၀၂၁ ခုနှစ်   ဒီဇင်ဘာ ၁၇ ရက်မှ  ၂၀၂၂  ခုနှစ်  ဒီဇင်ဘာ ၃၁ ရက်အထိ  တရားမဝင်ကုန်ပစ္စည်းများ  တားဆီး/ဖမ်းဆီးမှုများ အနက် ဆုငွေချီးမြှင့်ရန် အတည်ပြုပြီးသည့်အမှုတွဲ (၇၉၂)မှုမှ အမှုတွဲ (၆၄၆) မှုအတွက် ဖမ်းဆီးသူနှင့် စုံစမ်းထောက်လှမ်းသည့်အဖွဲ့အစည်း များအား ဆုငွေကျပ် (၁၂၀၀ ဒသမ ၈၇၃)သန်း၊ တရားမဝင်ကုန်သွယ်မှု များနှင့် ပတ်သက်၍  သတင်းပေးတိုင်ကြားခဲ့သည့်  အမှုများအတွက် သတင်းပေးဆုငွေကျပ် (၆၆ ဒသမ ၀၂၇) သန်းတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သတင်းပေးသူများကို ဆုငွေထုတ်ပေးချီးမြှင့်ပြီး ဖြစ်သည်။ ကျန်ရှိသည့် ဆုငွေအတည်ပြု အမှုတွဲ (၁၄၆)မှုအတွက် ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေ အမြန်ဆုံးထုတ်ပေး ချီးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး  ကျန်တားဆီး/ ဖမ်းဆီးအမှုတွဲများကိုလည်း ဆုငွေ အတည်ပြုချီးမြှင့်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိသည်။

 


တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီး နိုင်သည့် သတင်းအချက်အလက် တိတိကျကျဖော်ပြ၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့များထံသို့ တရားမဝင် တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေး အတွက် ပြည်သူလူထုအနေဖြင့် သတင်းပေးဆက်သွယ်တိုင်ကြားနိုင် ရေးအတွက် လျှို့ဝှက်လုံခြုံစွာ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ 

 


သတင်းပေးပို့သူနှင့် ပတ်သက်သည့် အချက်အလက်များကိုလျှို့ဝှက် စွာ ထိန်းသိမ်းထားရှိမည်ဖြစ်သည်။ သတင်းပေးပို့ခြင်းအတွက် ရရှိမည့် ဆုငွေများအား   လျှို့ဝှက်စွာ   ဆက်သွယ်အကြောင်းကြား၍  လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ဆက်သွယ်ထုတ်ပေးသွားမည့်အပြင် သတင်း ပေးသူကို လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်