
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီအဝင်များပြီး ဈေးနှုန်းထပ်မံ ကျဆင်းလာသည်။ ပဲတီစိမ်း ခရမ်းရွှေဝါ ထိပ်စ သုံးရက်ဆက်တိုက် ဈေးတက်လာသည်။ ဆန်၊ စားအုန်းဆီ၊ သကြား၊ ငရုတ်များ ဈေးတက်လာပြီး ကြက်သွန်ဖြူနှင့် မန်ကျည်း ဈေးကျသည်။
ဆန်
ရန်ကုန်ဈေးကွက်တွင် ဆန်ကွဲ (Ex) တစ်အိတ် ကျပ် ၄၆၀၀၀၊ ဆန်ကြမ်း သုခရိုးရိုး အသစ်တစ်အိတ် ကျပ် ၅၀၀၀၀၊ သီးထပ်ဆန်ကြမ်းအသစ် ကျပ် ၅၅၀၀၀၊ ရက် ၉၀ ဆန်ကြမ်းအသစ် ကျပ် ၅၈၀၀၀၊ ရက် ၉၀ ဆန်ကြမ်းအဟောင်း ထိပ်စ ကျပ် ၆၃၀၀၀/၆၅၀၀၀၊ ပေါ်ကျွဲအသစ် ကျပ် ၅၅၀၀၀၊ ပေါ်ဆန်းလတ် ကျပ် ၆၂၀၀၀ နှုန်းရှိကြသည်။ ပေါ်ဆန်း ဆန်သစ်တစ်အိတ်လျှင် ဖျာပုံနယ်ထွက် ကျပ် ၇၀၀၀၀/၇၂၀၀၀၊ ပုသိမ်/မြောင်းမြ ကျပ် ၇၄၀၀၀-၇၆၀၀၀၊ ရွှေဘို ကျပ် ၇၈၀၀၀-၈၈၀၀၀ နှုန်း ရှိသည်။
စားအုန်းဆီ
ယခုအပတ် လက်ကားရည်ညွှန်းစားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာ ကျပ် ၄၄၈၀ ဖြစ်ရာ ယခင်အပတ်ထက် တစ်ပိဿာ ကျပ် ၅၀ ဈေးတက် လာသည်။ ပြင်ပ၏ အလှယ်လက်ငင်းစျေးမှာ အတက်ကြမ်းလာသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် လက်ကားအလှယ်ဈေး တစ်ပိဿာ ကျပ် ၆၃၀၀၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျပ် ၆၇၅၀နှုန်း ရှိလာသည်။ နယ်အချို့တွင် ဈေးနှုန်းအနိမ့်ဖြင့် ဝယ်ယူထားသည့် လက်ငင်းဆီရှိသူအချို့သည် ဖေဖော်ဝါရီ ၇ရက်တွင် နယ်ဈေး ကျပ် ၆၇၀၀ ဖြင့် နယ်တွင် ပြန်ရောင်း ကြသည်ဟုသိရသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ယခုကပ်မည့်သင်္ဘော DO ဆီထုတ်စာရွက် တစ်ပိဿာဈေး ကျပ် ၆၅၀၀ နှုန်းရှိသည်ဟု သိရသည်။ ပြည်ပ မလေးရှားဈေးမှာ တစ်တန် ၉၇၀ ဒေါ်လာသာ ရှိနေ ဆဲဖြစ်သည်။
ပဲအမျိုးမျိုး
ဖေဖော်ဝါရီ ၇ ရက်တွင် မတ်ပဲ (RC) တစ်တန် ကျပ် ၁၇၈၀၀၀၀၊ (SQ/RC) တစ်တန်ကျပ် ၂၀၀၁၀၀၀၊ ပဲစင်းငုံ (Red/RC) တစ်တန် ကျပ် ၁၉၃၅၀၀၀ နှုန်းရှိသည်။ ပဲတီစိမ်းခရမ်းရွှေဝါ ထိပ်စ တစ်ပိဿာ ကျပ် ၃၃၀၀-၃၄၂၀၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၀၀၀-၄၃၅၀ နှုန်း ရှိသည်။
ကြက်သွန်နီ
ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ ပွဲရုံဖွင့်ရက်တစ်ပတ်အတွင်း နယ်စုံမှ မိုးကြက်သွန်နီပိဿာချိန် ၁၃၂၀၀၀၀ ဝင်ရောက်လာပြီး ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးမှာ ကျပ်တစ်ထောင်ဝန်းကျင် သာရှိသည်။ လက်ကား တစ်ပိဿာစျေးနှုန်းများမှာ ဆိပ်ဖြူကြက်သွန်နီ ကျပ် ၁၁၅၀၊ မြင်းခြံ ကျပ် ၁၀၅၀၊ မြစ်သား ကျပ် ၁၅၀၀နှုန်းရှိသည်။
ကြက်သွန်ဖြူ/အာလူး/ငရုတ်
ရန်ကုန်ဈေးကွက်တွင် ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ကျပ် ၄၈၀၀ မှ ၆၀၀၀၊ ကြူကုတ်ကြက်သွန်ဖြူ ကျပ် ၃၆၅၀ နှုန်း ရှိသည်။ ဘုရင့်နောင် အာလူးဈေးကွက်တွင် ဗန်းမော်အာလူး လက်ကားတစ်ပိဿာ ကျပ် ၂၁၀၀၊ တရုတ်အာလူး ကျပ် ၂၄၀၀ နှုန်း ရှိနေသည်။ ငရုတ်မြားနီ ဟင်္သာတနယ်ထွက်နှင့် ပန်းရဲငရုတ်ရှည်အသစ် လက်ကားတစ်ပိဿာ ကျပ် ၁၂၀၀၀-၁၂၅၀၀၊ ပျော်ဘွယ်မိုးထောင် ကျပ် ၁၁၀၀၀-၁၁၅၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွအသစ် ကျပ် ၁၇၀၀၀ နှုန်း ရှိသည်။
အောင်ခင်နိုင်