NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်အား ဖောက်ခွဲဖျက်ဆီးမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

 

၁။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက် ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့်     ထုတ်လုပ်ပေးနိုင်မှုကို   အခြေခံ၍ မျှတစွာ ခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။

 

၂။    ထိုသို့ဆောင်ရွက်နေသည့်ကာလတွင်   NUG  လက်ဝေခံ   PDF အမည်ခံ အကြမ်းဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ် ပိုင်းဆိုင်ရာ   အခြေခံအဆောက်အအုံများအား    ဖောက်ခွဲဖျက်ဆီး မှုများ ရည်ရွယ်ချက်ရှိရှိဖြင့်  ပြုလုပ်လျက်ရှိရာ  ၈-၂-၂၀၂၃  ရက်နေ့ တွင်    ဘီလူးချောင်းရေအားလျှပ်စစ်   ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့်   လျှပ်စစ်ဓာတ်အားကို  နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့်  ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်  ဓာတ်အားလိုင်း၏   ရှမ်းပြည်နယ် (တောင်ပိုင်း)၊   မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားရှိ   တာဝါတိုင် (၂) တိုင်ကို   ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့်  တာဝါတိုင် (၂)  တိုင် ပြိုလဲပျက်စီးခဲ့ပါသည်။ အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ် အပါအဝင်  စုစုပေါင်း (၁၀)  ကြိမ်နှင့်  တာဝါတိုင်ပေါင်း  (၂၆)  တိုင်  ဖျက်ဆီးခံခဲ့ရသော်လည်း  လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့်     အမြန်ဆုံး   ပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက် ရှိပါသည်။ 

 

၃။    သို့ပါ၍   NUG  လက်ဝေခံ   PDF   အမည်ခံအကြမ်းဖက်သမားများမှ   ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့  လျှပ်စစ်ဓာတ်အား ဖြည့်ဆည်း ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့်  အကြိမ် ပေါင်း  (၂၂၁) ကြိမ်  ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြင်ဆင်ခြင်း လုပ်ငန်းများအား  ဆောင်ရွက်လျက်ရှိပါကြောင်း  သတင်းထုတ်ပြန် အပ်ပါသည်။    


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန