အထူးကုဆရာဝန်ကြီးများက ပေါက်တောမြို့၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

 

ပေါက်တော  ဖေဖော်ဝါရီ  ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့်  စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ က ပေါက်တော မြို့သို့ လာရောက်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  ပေါက်တောမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗုဒ္ဓသာသနာ့ ဓမ္မဗိမာန်တော်နှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ ဖေဖော်ဝါရီ ၃ ရက်က  ဆောင်ရွက်ပေးသည်။
အဆိုပါ    အထူးကုဆရာဝန်ကြီးများအဖွဲ့က   သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊   အရိုး/အကြော  ရောဂါ၊   နား၊  နားခေါင်း၊ လည်ချောင်းရောဂါ၊    စိတ်ကျန်းမာရေးရောဂါ၊   အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး  ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးသည်။
ထိုသို့   ဆောင်ရွက်ပေးနေမှုများကို    ပြည်နယ်ဝန်ကြီးများဖြစ်သည့်    သယံဇာတရေးရာဝန်ကြီး    ဦးသန်းထွန်း ၊   လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့် တာဝန်ရှိသူများက   ကြည့်ရှုအားပေး၍   လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။  ဝင်းမင်းစိုး(ပြန်/ဆက်)