ငပလီကမ်းခြေ သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် စာနီတောင် ဆင်စခန်းဖွင့်

 

သံတွဲ   ဖေဖော်ဝါရီ   ၃


သဘာဝပတ်ဝန်းကျင်     ထိန်းသိမ်းရေး ဝန်ကြီးဌာန  မြန်မာ့သစ်လုပ်ငန်း   ရခိုင်ပြည်နယ်  သံတွဲသစ်ထုတ်လုပ်ရေးဒေသ စာနီတောင် ဆင်စခန်းဖွင့်ပွဲ    အခမ်းအနားကို   ယနေ့နံနက် ၉ နာရီက   အဆိုပါ   ဆင်စခန်းဝင်းအတွင်း၌ ပြုလုပ်သည်။

 


အဆိုပါဆင်စခန်းသည်     ငပလီမြို့နှင့် ခြောက်မိုင်အကွာ သံတွဲ - ဂွ ကားလမ်းမကြီးဘေး သံတွဲ မြို့အထွက်တွင် တည်ရှိပြီး ၄ ဒသမ ၃၆ ဧက ကျယ်ဝန်းကြောင်း သိရသည်။ စာနီတောင် ဆင်စခန်း  ဖွင့်လှစ်ရခြင်းမှာ ငပလီကမ်းခြေသို့ အပန်းဖြေအနားယူရန်     လာရောက်သည့် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များအား    အမှီပြု၍ သဘာဝအခြေခံ       ခရီးသွားလုပ်ငန်း   တစ်ခု  ဖွံ့ဖြိုးလာစေရန်၊  ဌာနဝင်ငွေတစ်ဖက်တစ်လမ်းမှ ရရှိနိုင်စေရန်နှင့်  ဌာနပိုင်ဆင်များအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ခြင်းဖြစ်ကြောင်း ဒေသတာဝန်ခံမန်နေဂျာ ဦးသန်း ဝင်းက ပြောသည်။  စာနီတောင်ဆင်စခန်းအား  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်သစ်တော ဦးစီးဌာန၊        လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဆင့်၊  သံတွဲသစ်ထုတ်ရေးဒေသ၊    ဒေသ တာဝန်ခံမန်နေဂျာ ဦးသန်းဝင်းတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး  ဆင်စခန်းရှိ  ဆင်များအား  အစာများ ကျွေးမွေးကြကာ စခန်းအတွင်းပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 


ယင်းဆင်စခန်းသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ၊    ဒေသခံပြည်သူများ  လာရောက် အပန်းဖြေအနားယူလည်ပတ်၍ ဆင်စီးနိုင်ပါကြောင်း နှင့် ဝင်ကြေးအဖြစ် လူတစ်ဦးလျှင်  ငွေကျပ် ၁၀၀ဝ၊ ဆင်စီးလျှင် လူတစ်ဦး ငွေကျပ် ၅၀၀ဝ နှုန်းကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။


  ခရိုင်(ပြန်/ဆက်)