နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌ ယခုနှစ် မိုးနှင့်ဆောင်းရာသီများတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို ၁၅၄၉၇၅ ဧကအထိ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေပြည်တော် စိုက်ပျိူးရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီထွက်သီးနှံဖူလုံရေးကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ယခင်နှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီ ပိုမိုဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ အထွက်နှုန်း တိုးတက်စေရေး၊ စိုက်နည်းစနစ်မှန်ကန် စေရေး အလေးထားဆောင်ရွက်ပါက တစ်ဧကပန်းတိုင်အထွက်နှုန်းအနေဖြင့် မြေပဲတင်း ၅၀ ၊ နှမ်းတင်း ၂၀ နှင့်နေကြာ တင်း ၅၀ ခန့် ရရှိနိုင်ကြောင်း၊ နည်းစနစ် မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် နေကြာသီးနှံကို ဧက ၈၀၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးထားကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြော သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာ သီးနှံသည် ဆီထွက်ပမာဏ ပိုမိုများသည့် အတွက် ဧကတိုးချဲ့ခြင်း၊ အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်မည့်အပြင် အခြားဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း သီးနှံများကိုလည်း ပိုမိုတိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ တောင်သူများ အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးရာတွင် ရေဆင်းစပ်မျိုး(၁) နေကြာနှင့် ဆင်းရွှေကြာ နှစ်မျိုးကို စိုက်ပျိုးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နေကြာသီးနှံမှာ သီးထပ်သီးညှပ်ပုံစံ အမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး၊ မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပြီး တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း ၅၀ နှင့်အထက် ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာအများဆုံး ၂၀၀ နီးပါးအထိ ရရှိနိုင်သော ဆီထွက်သီးနှံဖြစ်ကြောင်း၊ မြေအမျိုးစားနှင့် မြေပြုပြင်ခြင်း၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင် ပြုစုစောင့်ရှောက်ခြင်း၊ ပိုမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်း ခြွေလှေ့ခြင်း စသည့် စိုက်ပျိုးရေးနည်းစနစ် ကောင်းများကို လိုက်နာစိုက်ပျိုးပါက တောင်သူများ၏ လူမှုစီးပွားဘဝပိုမို ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)