
နေပြည်တော် ဇန်နဝါရီ ၃၁
တပ်မတော်၌ ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံ မြို့နယ် တပ်မတော်ဆေးရုံကြီး (ခုတင်၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုမှာ ဦးသောင်းဝင်း နှင့် ၎င်း၏ အသည်းအလှူရှင်ဖြစ်သော ဦးဖြိုးအောင်ဇင် တို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက် ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်း ထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို မွန်းလွဲ ၃ နာရီခွဲခန့် တွင် အသည်းလက်ခံလူနာထံသို့ အသည်းအစားထိုး ခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီ ခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လိုအပ်သော ပြုစုကုသမှုများကို အထူးကြပ်မတ် ကုသခန်း၌ သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်