မန္တလေးမြို့ အ-ထ-က(၁၆)၌ သတင်းမီဒီယာနှင့်စာပေရေးရာဆိုင်ရာများ ဟောပြောပွဲကျင်းပ

 

မန္တလေး   ဇန်နဝါရီ   ၃၁


သတင်းအတု  သတင်းအမှားများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်မှု များ၊ ကျောင်းသား ကျောင်းသူများကြားတွင်   စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ခြင်း မရှိစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ပူးပေါင်းပြီး     သတင်းမီဒီယာနှင့် စာပေရေးရာဆိုင်ရာများ ဟောပြောပွဲကို ဇန်နဝါရီ  ၃၀ ရက်က မန္တလေးမြို့ အ-ထ-က (၁၆)ကျောင်း၌  ကျင်းပသည်။

 


အဆိုပါ ဟောပြောပွဲတွင်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ  စာရေးဆရာအသင်းတို့၏ဥက္ကဋ္ဌဖြစ်သူ   ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)  က ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံ ချစ်စိတ်  မျိုးချစ်စိတ်  မြင့်မားခိုင်မာလာစေရေးနှင့်   နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို   ခွဲခြားသုံးသပ်တတ်စေရေးအတွက်   ရည်ရွယ်ကာ စိတ်ဓာတ်ခွန်အားရှိလာစေမည့် စာပေရေးရာများ   ဟောပြောခြင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွှန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ များအတွက် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရေး ဟောပြော ခြင်း၊ မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းအမှားများကို  နည်းပညာအချက်အလက်များ အသုံးပြုကာရှာဖွေ စိစစ်နိုင်စေရေးနှင့် ကျောင်းသား  ကျောင်းသူများ အကျိုးရှိစေမည့် သတင်းအမှန်များ  ရရှိနိုင်မည့်နေရာများအကြောင်းတို့ကို  ဟောပြော ဆွေးနွေးကြသည်။

 


ဟောပြောမှုများအပြီးတွင်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)က အ-ထ-က (၁၆)ကျောင်းအုပ်ဆရာကြီး ဒေါက်တာ သန်းထိုက်စိုးထံသို့  သတင်းမီဒီယာဆိုင်ရာ  စာအုပ်များနှင့် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်းစာအုပ်များ အားပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အခမ်းအနားသို့   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး  ဒေါ်ဝေဝေဖြိုး ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဝင် ဦးဌေးအောင်တို့နှင့် အ-ထ-က (၁၆)မှ ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူစုစုပေါင်း  သုံးရာဝန်းကျင် တက်ရောက် ခဲ့ကြသည်။                       

သတင်းစဉ်