
နေပြည်တော် ဇန်နဝါရီ ၂၈
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်) မုခ်ဦးပန္နက်တော်တင် မင်္ဂလာအခမ်း အနားနှင့် ဘက်စုံတည်ဆောက်ရေး အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ် ပရိဝုဏ်၌ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ် (နေပြည်တော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒက (သာသနဓဇဓမ္မာစရိယ)၊ ကျီးသဲလေးထပ် ပညာရေးစင်တာ(နေပြည်တော်) ပန်းတင်ဆရာတော် ဒေါက်တာစန္ဒာဝရ၊ သီရိလင်္ကာ သမ္မတနိုင်ငံ ဒုတိယသာသနာပိုင်ဆရာတော် Rev Mugunuwela Anuruddha Thero၊ အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ မဟာမိတ်အဖွဲ့အစည်း (IBC)အထွေထွေအတွင်းရေးမှူးချုပ် Ven Dhamm-apiya၊ ထိုင်းနိုင်ငံ ကမ္ဘာဗုဒ္ဓဘာသာသာသနာအဖွဲ့ချုပ် (WAB)ဥက္ကဋ္ဌ Phra Pornchai Palawadhammo နှင့် ထိုင်းနိုင်ငံမှ သံဃာတော်များ ကြွရောက်တော်မူ ကြပြီး အလှူရှင်များ၊ တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်ဒေါက်တာနန္ဒက က အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်) တည်ဆောက်ခြင်းရခြင်း၏ ရည်ရွယ်ချက်များ ကိုရှင်းလင်းပြီး သီရိသုဓမ္မမဏိ ဇောတဓရ ဦးကျော်ဇေယျ ဇနီး ဒေါ်လှယဉ်ဧံ (Diamond Wall Co.,Ltd)နှင့် စေတနာရှင် အလှူရှင်များက ဆရာတော်ကြီးများအား ကျွန်းနက်ဘုရားဆင်းတု တော်များ၊ ကျွန်းနက်ကျွန်းမင်းစိတ်ပုတီးများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗုဒ္ဓဘာသာပါဠိတက္ကသိုလ်(နေပြည်တော်) တည်ဆောက်ရန်အတွက် အလှူရှင်များက စုစုပေါင်းငွေကျပ် ၁၀၈၉၀၅၀၀၀ ကို တက္ကသိုလ် တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ်(နေပြည်တော်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒက (သာသနဓဇဓမ္မာစရိယ)အမှူးပြုသော ပြည်တွင်း ပြည်ပ သံဃာတော်များက ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်) မုခ်ဦး ပန္နက်တော်ကို တင်ပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါတက္ကသိုလ်ကို နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် အောင်သီရိကျေးရွာအုပ်စု (ဗုဒ္ဓဂါယာသတ္တသတ္တာဟအနီး) မြေဧက ၂၉ ဧက နေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိသည်။
တက္ကသိုလ်တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာကို မှန်မှန်ကန်ကန်၊ သိနားလည်လွယ် စေရန်၊ အကျိုးဖြစ်ထွန်းစေလျက် အမှန်တရားကို ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် ဓမ္မကိုပြန့်ပွားအောင် ဖြန့်ဝေဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ လက်ရှိတွင် Online မှ သင်တန်းသား ၃၀၀ ကျော်ကို သင်ကြား ပို့ချလျက်ရှိပြီး နိကာယဝေဒဂူဒီပလိုမာနှင့် မဟာဘွဲ့ (MA)များ ပေးအပ်လျက်ရှိကြောင်း၊ တက္ကသိုလ် တည်ဆောက်ပြီးစီးပါက နိုင်ငံတကာနှင့် ပြည်တွင်းမှ သင်တန်းသား ၅၀၀ ခန့်ကို သင်ကြားပို့ချပေးနိုင် မည်ဖြစ်ပြီး ဒေါက်တာဘွဲ့ (Ph.D)များ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမြင့်