
ရန်ကုန် ဇန်နဝါရီ ၂၈
ရေထွက်ကုန်သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံ တွင် ပင်လယ်ပြင်ဖမ်းဆီးမှုနှင့် မွေးမြူရေးကဏ္ဍ ဟန်ချက်ညီစွာ ထုတ်လုပ်သုံးစွဲလျက်ရှိရာ ပြည်ပ သို့ ရေထွက်ကုန်များတင်ပို့ရာတွင် ခိုင်မာသော ဈေးကွက်ရရှိပြီး တင်ပို့နိုင်ရန် နိုင်ငံတော်မှ လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကာ မွေးမြူထုတ်လုပ်မှု အောင်မြင်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ ပနားမီး ပုစွန်ဖြူကို တရုတ်နိုင်ငံသို့ ဈေးကွက်တစ်ခုအဖြစ် တင်ပို့နိုင် ရန် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပနားမီး ပုစွန်ဖြူကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် မွေးမြူထုတ်လုပ်လျက်ရှိရာ ထိုင်းနိုင်ငံ၌ တစ်ဟက် တာကန် တစ်ကန်လျှင် ပနားမီးပုစွန်ဖြူ ၂၅ တန် ထွက်ရှိချိန်တွင် မြိတ်ကျွန်းစု၌ တန် ၄၀ အထိ ထွက်ရှိသောကြောင့် စားသုံးသူများသော တရုတ်နိုင်ငံသို့ မြန်မာ့ပနားမီးပုစွန်ဖြူများ တိုက်ရိုက်တင်ပို့နိုင်ရန် နှစ်နိုင်ငံ ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တရုတ်စီးပွားရေးသံမှူးနှင့်အဖွဲ့သည် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ် လျက်ရှိသော ပနားမီးပုစွန်ကန်များကို ကြည့်ရှု လေ့လာခဲ့ပြီး မြန်မာနိုင်ငံမှ တိုက်ရိုက်တင်ပို့ နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့ကာ မွေးမြူ ထုတ်လုပ်ရာ၌ လိုအပ်မှုအချို့ကို ငါးလုပ်ငန်း ဦးစီးဌာနမှတစ်ဆင့် မွေးမြူရေးတောင်သူ များနှင့် ချိတ်ဆက်ဆွေးနွေးကြောင်း သိရသည်။
“မြိတ်ကျွန်းစုနဲ့ သူဌေးကျွန်းမှာပနားမီပုစွန်ဖြူကိုမွေးမြူထုတ်လုပ်နေပါတယ်။ ရုရှား ကိုတင်ပို့နိုင်ဖို့ကိုလည်း ဆောင်ရွက်နေပြီးတော့ တရုတ်နိုင်ငံကိုတင်ပို့ဖို့ ဆွေးနွေးထားတာရှိ တယ်။ မြန်မာ့ပင်လယ်ပြင်ရဲ့ သန့်ရှင်းမှုကြောင့် ပုစွန်ပေါက်ဖွားနှုန်း ကောင်းမွန်တဲ့အတွက် ဈေးကွက်ခိုင်မာပြီး ဝယ်လိုအားကောင်းလာရင် တိုးချဲ့မွေးမြူဖို့ အသင့်ရှိနေကြပါတယ်။ လက်ရှိ မှာလုပ်ငန်းရှင် လေးဦးက ပုစွန်ကန်ပေါင်း ဟက်တာ ၃၀၀ နီးပါး မွေးမြူနေတာရှိတယ်။ လုပ်ငန်းရှင်အသစ်နှစ်ဦးကလည်း မွေးမြူဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ ပြုတ်ပြီးသား ပနားမီးပုစွန်ကို အေးခဲပြန်လုပ်ပြီးတော့ တင်ပို့ နေတာတော့ရှိတယ်။ ဂျပန်နိုင်ငံကို အေးခဲ ပြုလုပ်ပြီး ကွန်တိန်နာနဲ့ပို့နေတာရှိတယ်။ ပို့ကုန်ဈေးကွက်ရလာပြီဆိုရင် ရေခံမြေခံ ကောင်းတဲ့ မြန်မာ့ပနားမီးပုစွန်ဖြူကို တိုးချဲ့ မွေးမြူဖို့ အဆင်သင့်ရှိနေကြပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။
လက်ရှိတွင် ပနားမီးပုစွန်ဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ မှ ၈၀၀၀ ခန့်အထိ ရရှိပြီး ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ရန် ဝယ်လက်နိုင်ငံများနှင့် MoU လက်မှတ် ရေးထိုးပြီးပါက နိုင်ငံတကာ ပုစွန်ဈေးကွက် ပေါက်ဈေးအတိုင်း မွေးမြူရေးတောင်သူများ ဝင်ငွေရရှိလာမည်ဖြစ်သည်။
ပနားမီးပုစွန်ဖြူကို တစ်ဟက်တာကန်တွင် မွေးမြူပါက ကုန်ကျစရိတ် ငွေကျပ်သိန်း ၆၀၀၀ ရှိပြီး မျိုးနှင့် အစာကို ထိုင်းနိုင်ငံမှ တင်သွင်းကြောင်း မြန်မာနိုင်ငံတွင် ပုစွန် သားပေါက်ကို မွေးမြူထုတ်လုပ်နိုင်ပါက ပြည် ပထွက်ငွေလျော့နည်းစေမည့်အပြင် ငါး လုပ်ငန်းဦးစီးဌာနအနေဖြင့် ဝင်ငွေပိုမိုရရှိလာ မည်ဖြစ်သည်။ ပနားမီးပုစွန်ဖြူကို တစ်နှစ်လျှင် သုံးလတစ်ကြိမ် ကန်ဖော်ကြလေ့ရှိပြီး ပင်လယ် ပြင်၏ အကျိုးကျေးဇူးဖြင့် စီးပွားရေးအရ တွက်ခြေကိုက်သော ရေထွက်ကုန်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့် ပနားမီးပုစွန်ဖြူကို သားပေါက်ထုတ်လုပ်နိုင်ရန် တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါး လုပ်ငန်းဦးစီးဌာနမှ သုတေသနဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပနားမီးပုစွန်ဖြူ၏ မူလမျိုးရင်းသည် အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းမှဖြစ်ပြီး ရေခံမြေခံကောင်းသော မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံထက် မွေးမြူထုတ်လုပ်မှု အားသာ ကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ်)