
တက္ကသိုလ်ဆရာတစ်ဦး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ကျောင်းနေရွယ်ကလေးတိုင်း (KG + 9) အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ” မကြာခဏ လမ်းညွှန်မှာကြားလေ့ရှိပါသည်။
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်အရေအတွက် သည် ကိုးသန်းကျော်ရှိပြီး အသက် ၁၅ နှစ်အောက် ကလေးအရေအတွက်သည် ၁၄ သန်းကျော် ရှိပါသည်။ ထိုလူငယ်တို့ ၏ ပညာရေးသည် များစွာအရေးကြီးပါ သည်။ ထိုလူငယ်များသည် အသက် မွေးဝမ်းကျောင်းပညာ ပြည့်ဝစွာဖြင့် နိုင်ငံတော်၏ လုပ်ငန်းအသီးသီးတွင် တစ်ချိန်ချိန်၌ တာဝန်ထမ်းဆောင်နိုင်ရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် ပေါများသကဲ့သို့ နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတ များလည်း ပေါကြွယ်ပါသည်။ အရေးကြီး သည်မှာ ကျောင်းနေအရွယ် ကလေးငယ် များ ကျောင်းထွက်မှုနည်းပါးစေ ရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ဖြစ်စေ မည့် အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်စေရန် လိုအပ်ပါသည်။
၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ဝေ သော ပညာရေးဝန်ကြီးဌာန၏ မြန်မာ နိုင်ငံရှိ ကျောင်းပြင်ပရောက် ကလေးများ အခြေအနေကို လေ့လာဆန်းစစ်ချက် စာအုပ်တွင် “နိုင်ငံတော်အဆင့် အလယ် တန်းမပြီးဆုံးမီ ကျောင်းထွက်နှုန်းမှာ (၁၅ ဒသမ ၈ ရာခိုင်နှုန်း) ဖြစ်၍ မူလ တန်းထက် ပိုမိုမြင့်မားလာသည်။ ဤ အညွှန်းကိန်းတွင်လည်း ယောင်္ကျားလေး များသည် မိန်းကလေးများထက်သော် လည်းကောင်း၊ ကျေးလက်ဒေသသည် မြို့ပြဒေသထက်သော် လည်းကောင်း ရာခိုင်နှုန်းပိုမိုမြင့်မားသည်” ဟု ဖော်ပြ ထားပါသည်။ ( စာ - ၂၂ )
အကြောင်းအမျိုးမျိုးကြောင့် KG +9 အထိ ပညာသင်ကြားပြီးသူများအတွက် လိုအပ်သည့် အသက်မွေးဝမ်းကျောင်း ပညာများကို သင်ကြားနိုင်ရန်အတွက် တာဝန်ယူ ဆောင်ရွက်ပေးနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စသည်တို့အနက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို လေ့လာကာ ယခုဆောင်းပါးကို ရေးသား ရခြင်းဖြစ်ပါသည်။
အခွင့်အလမ်းများစွာ
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂ - ၂၀၂၇) စာအုပ်ကို လေ့လာကြည့်ရာတွင် လူငယ် များအတွက် ပညာသင်ကြားမှု အခွင့် အလမ်းများစွာကို ဖွင့်လှစ်ထားကြောင်း တွေ့ရပါသည်။ စာအုပ်၏ ဥယျောဇဉ် တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က “ဝန်ကြီးဌာန၏ အဓိကအခန်းကဏ္ဍအနေဖြင့် နိုင်ငံ အကျိုးပြုလုပ်ငန်းခွင်များတွင် ကျွမ်းကျင် သူများ ဖြည့်ဆည်းပေးနိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ တစ်ဦးချင်းဝင်ငွေ မြင့်မားရေးတို့အတွက် နည်းပညာ ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးကဏ္ဍ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ကဏ္ဍတို့၏ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများနှင့် လေ့ကျင့်မှု စနစ်များမှတစ်ဆင့် ကျွမ်းကျင်လုပ်သား များ၊ အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် သုတေသီများ ပြုစု ပျိုးထောင်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ဖော်ပြထားပါသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် ဦးစီးဌာန ခုနစ်ခုရှိပြီး နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက် တွင် အသက်မွေးဝမ်းကျောင်း ပညာရပ် များကို တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ထားပါသည်။ အခြေခံပညာ အလယ်တန်း (KG + 9) ပြီးမြောက် အောင်မြင်ပြီးပါက အစိုးရနည်းပညာ အထက်တန်းကျောင်း (GTHS) များသို့ တက်ရောက်ရန် လျှောက်ထားနိုင်ပြီး တက်ရောက်ခွင့်ရပါက သင်တန်း ကာလ သုံးနှစ် တက်ရောက်သင်ကြားရပါသည်။ သင်တန်းအောင်မြင်ပြီးဆုံးပါက GTHS Certificate ချီးမြှင့်ပါသည်။ ပညာ သင်ကြားနေစဉ်ကာလအတွင်း ပညာ သင်ထောက်ပံ့ကြေး လျှောက်ထားလာ ပါက တစ်ဦးလျှင် တစ်လသုံးသောင်းကျပ် နှုန်းဖြင့် နိုင်ငံတော်က ပံ့ပိုးချီးမြှင့်ပေး ထားပါသည်။ ထိုကျောင်းများမှသင်တန်း ပြီးဆုံးအောင်မြင်ပြီး ပညာထူးချွန်သူများ ကို အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရ နည်းပညာကောလိပ်နှင့် နည်းပညာ တက္ကသိုလ်များသို့ ဆက်လက်တက် ရောက်ပညာသင်ယူနိုင်ရန် လမ်းဖွင့်ပေး ထားပါသည်။
၃၅ ကျောင်း ဖွင့်လှစ်
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (GTHS ) ပေါင်း ၃၅ ကျောင်း ဖွင့်လှစ် သင်ကြားပေးနေပြီး ပထမနှစ်သင်တန်း တွင် ကျောင်းသား ကျောင်းသူ ၁၉၃၁ ဦး နှင့် ဒုတိယနှစ်တွင် ၂၉၉ ဦး စုစုပေါင်း ၂၂၃၀ တက်ရောက်ပညာသင်ကြားနေ ပါသည်။ ထိုကျောင်းများတွင် အဆောက် အဦး နည်းပညာသင်တန်း၊ အီလက်ထရွန် နစ်နည်းပညာသင်တန်း၊ လျှပ်စစ် နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ် အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ သင်တန်း၊ အဆောက်အဦးပြုပြင် ထိန်းသိမ်းမှုနည်းပညာသင်တန်း၊ သတ္တု ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း နှင့် သုတနည်းပညာသင်တန်း စသည် တို့ကို ဖွင့်လှစ်သင်ကြား ပေးနေပါ သည်။
၂၀၂၂- ၂၀၂၃ ခုနှစ်ပညာသင်နှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(AGTI) ကျောင်း ပေါင်း ၂၈ ကျောင်း၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၉၈၀ တက် ရောက် ပညာသင်ကြားနေကြပါသည်။ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး အောင်မြင်ပြီးစီးပါက AGTI Diploma ချီးမြှင့်ပေးအပ်ပါသည်။ သင်ကြားပေး သည့်ဘာသာရပ်များမှာ မြို့ပြအင်ဂျင် နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှု လုပ်ငန်းအင်ဂျင်နီယာ၊ စက်မှုလယ်ယာ နည်းပညာ၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှုနည်းပညာနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် များကို သင်ကြားပေးပါသည်။
လမ်းဖွင့်ပေးထား
သင်တန်းအောင်မြင်ပြီး ထူးချွန်သည့် ကျောင်းသား ကျောင်းသူများအား အစိုးရ နည်းပညာကောလိပ် တတိယနှစ် သင်တန်းသို့လည်းကောင်း၊ နည်းပညာ တက္ကသိုလ် တတိယနှစ်သင်တန်းသို့ လည်းကောင်း ဆက်လက်တက်ရောက် ခွင့်ရရန် လမ်းဖွင့်ပေးထားပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပ ဗေဒ၊ ဓာတုဗေဒဘာသာတွဲများ ပါဝင် သောဘာသာတွဲများဖြင့် အောင်မြင်ပြီးသူ များကို အင်္ဂလိပ်စာ၊ သင်္ချာ ရမှတ်ပေါ် မူတည်၍ ရွေးချယ်ခေါ်ယူပါသည်။ လျှောက်ထားလိုသည့် ကျောင်းသား ကျောင်းသူများသည် မိမိတက်ရောက် လိုသော အစိုးရစက်မှုလက်မှုသိပ္ပံသို့ တိုက်ရိုက်လျှောက်ထားရပါသည်။ ထို ကျောင်းများတွင်လည်း ပညာသင်ကြား နေစဉ်ကာလအတွင်း ပညာသင်ထောက်ပံ့ ကြေး လျှောက်ထားလာပါက တစ်ဦးလျှင် တစ်လ သုံးသောင်းကျပ် ချီးမြှင့်သည့် အစီအစဉ်ထားရှိပါသည်။
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် B.Tech သင်တန်း စတင်ဖွင့်လှစ်ခဲ့သော အစိုးရနည်းပညာကောလိပ် လေးကျောင်း ၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၁ ဦး တက်ရောက်ပညာသင်ကြား နေပါသည်။ သင်တန်းကာလမှာ လေးနှစ် ဖြစ်ပြီး အောင်မြင်ပြီးပါက B.Tech ဘွဲ့ ချီးမြှင့်ပေးအပ်ပါသည်။ လျှောက်ထား လိုသူသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပါက ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခွင့်နှင့် အတူ လျှောက်ထားနိုင်ပါသည်။ သင်ကြား ပေးသည့် ဘာသာရပ်များမှာ မြို့ပြ အင်ဂျင်နီယာ (Civil)၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ(Electrical Power)၊ စက်မှု အင်ဂျင်နီယာ (Mechanical) တို့ ဖြစ် ပါသည်။
သင်တန်းအမျိုးအစား ၆၀
ထို့ပြင် အစိုးရစက်မှုလက်မှုသိပ္ပံ များနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများတွင် ကာလတိုနည်းပညာ နှင့် သက်မွေးပညာသင်တန်းအမျိုးအစား ၆၀ ကို ဒေသလိုအပ်ချက်နှင့် ဒေသမှ တောင်းဆိုမှုများပေါ်မူတည်၍ လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။
စာရေးသူသည် ရန်ကုန်မြို့ရှိ အစိုးရ နည်းပညာအထက်တန်းကျောင်း (ရွာမ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့်် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)တို့သို့ သွားရောက်လေ့လာကြည့်ပါ သည်။ သက်ဆိုင်ရာကျောင်းများမ၏ ကျောင်းအုပ်ကြီးများမှ ကျောင်းအလိုက် သင်ကြားပေးနေမှုများကို ခင်မင်ရင်းနှီး စွာ လိုက်လံရှင်းပြကြပါသည်။ သင်ကြား ရေး ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများကို ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပေးနေကြပါ သည်။ ပြင်ပစက်မှုလက်မှု ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် စက်ရုံအလုပ်ရုံများမှ တာဝန်ရှိသူများကိုလည်း ထိုကျောင်းများ တွင် လာရောက်လေ့လာပြီး၊ ပူးပေါင်း ကူညီဆောင်ရွက်ရန် ကြိုဆိုလျက်ရှိကြပါ သည်။
ခေတ်မီတိုးတက်နေသော နိုင်ငံတိုင်း မှာပင် အသက်မွေးဝမ်းကျောင်းကောလိပ် များသို့ တက်ရောက်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ကြပြီးမှ၊ သင့်လျော်သည့်အချိန်တွင် တက္ကသိုလ် ပညာကို ပြီးဆုံးအောင်သင်ကြားသူ အရေအတွက် များပြားကြောင်း သိရပါ သည်။ ထိုသို့ တက်ရောက်ရခြင်းမှာ သင်တန်းကာလတိုတောင်းသဖြင့် ကုန်ကျ စရိတ်နှင့် အချိန်သက်သာပြီး အလုပ်ခွင်ကို ဝင်ရောက်ပြီး မိမိဝင်ငွေနှင့် တက္ကသိုလ် သို့ ဆက်လက် တက်ရောက်နိုင်ခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရပါ သည်။
အလုပ်အကိုင်အခွင့်အလမ်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှု လုပ်ငန်းများ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ စက်မှုဇုန်များမှ တာဝန်ရှိသူ များနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်း၍လုပ်ငန်း လိုအပ်ချက်ရှိသော ကျွမ်းကျင်လုပ်သား များ ပိုမိုမွေးထုတ်သွားရန်နှင့် အသက် မွေးဝမ်းကျောင်းသင်တန်းဆင်း လူငယ် များကိုလည်း အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်ရန် စုပေါင်းဆောင်ရွက်ကြ ရမည် ဖြစ်ပါသည်။
ထို့ပြင် အခြေခံပညာအလယ်တန်း အဆင့် (Grade - 9 ) ပြီးမြောက်အောင်မြင် ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူများကို အခြေခံ ပညာအထက်တန်းအဆင့်သာမက အစိုးရ နည်းပညာ အထက်တန်းကျောင်းများသို့ လည်း ရွေးချယ်သင်ယူနိုင်မည့် အခွင့် အလမ်းများရှိကြောင်း အသိပေးပြော ကြားသည့်သတင်းများ မျှဝေပေးသင့်ပါ သည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ကူညီမှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း များ၏အောင်မြင်မှုများကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ များတွင် မကြာခဏ ထုတ်လွှင့်သင့်ပါ သည်။
နည်းပညာနှင့် အသက်မွေးဝမ်း ကျောင်းပညာရေးကဏ္ဍ တိုးတက်လာ သည်နှင့်အမျှ နိုင်ငံတော်၏ လူမှုစီးပွား ဘဝသည်လည်း အဆင့်မြင့်ပြောင်းလဲ လာမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုး တိုးတက်လာရေးကို ဂရုတစိုက်အားပေး ကူညီပေးနေမှု၊ ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို တွေ့မြင်ကြ ရတော့မည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။
- Log in to post comments