နိုင်ငံတော်ဩဝါဒါစရိယ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁၀) ရပ်ကွက် မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိစာရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ထေရုပ္ပတ္တိအကျဉ်း

 

ဖွားမြင်တော်မူခြင်း
ဆရာတော်   လောင်းလျာသည်   မန္တလေးတိုင်း        ဒေသကြီး    မြင်းခြံမြို့နယ်   မြစ်သာကျေးရွာ တွင်   ခမည်းတော်   ဦးတေး+ မယ်တော် ဒေါ်ငွေရှင်တို့မှ  ၁၂၉၄ ခုနှစ်   နယုန်လဆန်း  ၅  ရက်  (ဗုဒ္ဓဟူးနေ့)တွင်   ဖွားမြင်တော် မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၁၀ ပြည့်နှစ်  ဝါဆိုလဆန်း ၉ ရက်တွင်   စစ်ကိုင်းတိုင်းဒေသကြီး  မြောင်မြို့နယ်  နဂါးပေါက် ကျေးရွာ  ရွှေမြင်တင်မြောက်ကျောင်းဆရာတော် ဘဒ္ဒန္တအာလောက ကို   ဥပဇ္ဈာယ်ပြု၍  မိဘနှစ်ပါးတို့၏   ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေပြုခဲ့ပါသည်။ ၁၃၁၃ ခုနှစ်  တန်ဆောင်မုန်းလဆန်း ၁၂ ရက်တွင်  မြင်းခြံမြို့နယ်  မြစ်သာကျေးရွာ  ခဏ္ဍသိမ်၌ ဖက်ပင် အိုင်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသမဟာထေရ်ကို ဥပဇ္ဈာယ် ပြု၍ ဦးသိန်းမောင်+ ဒေါ်ကြွေ တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ 
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်   ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၊  ရတနာသိဒ္ဓိကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒိယ၊  တိလောကာလင်္ကာရကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ မာဃိန္ဒ၊  ဓမ္မောဒယကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ သာသနာ့ဇောတိပါလကျောင်းကြီးဆရာတော် ဘဒ္ဒန္တ နန္ဒာစရိယ၊   ဈေးကျောင်းဆရာတော်   ဘဒ္ဒန္တနာယက၊   သဒ္ဓမ္မ ဇောတိကကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ သာသနာ လင်္ကာရ ကျောင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာ၊  မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ နယားကျောင်းဆရာတော်  ဘဒ္ဒန္တမေဃိယ၊   အမရပူရ‌ကျောင်း ဆရာတော် ဘဒ္ဒန္တဥက္ကံသ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝ စသည့် ဆရာတော်များထံမှ ပရိယတ္တိစာပေများကို သင်ယူ ဆည်းပူးခဲ့ပြီး  “သာသနဓဇ ဓမ္မာစရိယ၊ အဘိဓမ္မပါဠိပါရဂူ” ဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။ 
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် ပထမ အကြိမ်  မြို့နယ်ဝိနည်းဓိုရ်၊  တိုင်းဒေသကြီးဝိနည်းဓိုရ်၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ ဒုတိယအကြိမ် သက်တမ်းတစ်ဝက်နှင့် တတိယအကြိမ် သက်တမ်းတစ်ဝက်၌     မြို့နယ်သံဃနာယက    ဒုတိယဥက္ကဋ္ဌ ဆရာတော်အဖြစ်လည်းကောင်း၊   နိုင်ငံတော်သံဃမဟာနာယက အဖွဲ့  အဖွဲ့ဝင်နှင့် တွဲဖက်အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက် တော်မူခဲ့ခြင်းနှင့်    နိုင်ငံတော်ဩဝါဒါစရိယ  ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။      
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာ ပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယ ဆေကဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာ ဂရိယဂုဏ်၊ လဇ္ဇီ ပေသလ သိက္ခာ ကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၂ ခုနှစ်တွင် “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ” ၊ ၁၉၉၃ ခုနှစ်တွင် “အဂ္ဂမဟာ ပဏ္ဍိတ”၊ ၂၀၀၃ ခုနှစ်တွင် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ”၊ ၂၀၁၅ ခုနှစ်တွင်   “အဘိဓဇမဟာရဋ္ဌဂုရု”   ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည်   သာသနာတော်အကျိုးကို   သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၁)နှစ်၊ သိက္ခာတော်(၇၁)ဝါ အရ  ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း ၄ ရက်၊ (၂၄-၁-၂၀၂၃)၊ အင်္ဂါနေ့၊ ည ၁၀:၁၀ နာရီအချိန်တွင်   ဘဝနတ်ထံပျံလွန်တော်မူကြောင်း  သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။           သတင်းစဉ်