ဆိုဗီယက်/ ရုရှားခေတ်များမှ အားကျအတုယူဖွယ်မျိုးချစ်စိတ်ဓာတ်

Type

 

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အကျပ်အတည်းမျိုးစုံအောက်မှာ ပြိုကွဲခဲ့ရသည့် ဆိုဗီယက်ယူနီယံကြီး  တစ်ဖြစ်လဲ  ယနေ့မျက်မှောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံကြီးကား သမ္မတ ဗလာဒီမာပူတင် ဦးဆောင်တာဝန်ယူခဲ့သည့်ကာလတစ်လျှောက် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံအဖြစ် ထင်ထင်ရှားရှား ရပ်တည် လျက်ရှိနေပေပြီ။

 

ကမ္ဘာ့ရေးရာများနှင့်ပတ်သက်၍ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်မှုဆိုသည်မှာ နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်နှင့်အညီ      အလေးအနက် ထားရသည်သာဖြစ်သည်။ အင်အားကြီးနိုင်ငံအဖြစ် ထင်ရှားသည့်သာဓကများဖြစ်သော ခေတ်မီမှု၊ နိုင်ငံ ရေး၊ စီးပွားရေးတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊  နိုင်ငံသားများ၏  ပညာရေးနှင့် လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်မှု၊ စစ်အင်အား တောင့်တင်းမှု စသည်များအားလုံး ယနေ့  ရုရှား ဖက်ဒရေးရှင်းနိုင်ငံကြီးက ပိုင်ဆိုင်ထားသည်။ ပြိုကွဲ ပြိုလဲခဲ့ရသည့် ယခင် ဆိုဗီယက်နိုင်ငံတော်ကြီး နှစ် ၃၀ အတွင်း   ရုရှားနိုင်ငံတော်ကြီးအဖြစ်   တစ်ဖန် ပြန်လည်ခေတ်မီဖွံ့ဖြိုးတိုးတက်လာခြင်း၏ လျှို့ဝှက် သော့ချက်များကား အဘယ်နည်း။  ဖွံ့ဖြိုးဆဲနိုင်ငံ ဘဝတွင် ရုန်းကန်နေရသည့် နိုင်ငံများအနေနှင့်ရော ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်လိုသည့်    နိုင်ငံ တစ်နိုင်ငံအနေဖြင့်ပါ ကောင်းစွာလေ့လာစေလိုပါ သည်။ 
မတူကွဲပြားကြသော်လည်း နိုင်ငံအရေးကို 
ပိုမိုအလေးထားကြသူများ 
ပထဝီအနေအထားအရ အာရှတိုက်နှင့် ဥရောပ တိုက်နှစ်ခုကို လွှမ်းခြုံတည်ရှိနေသည့် ကမ္ဘာ့ကြီးမား အကျယ်ဝန်းဆုံးသော နိုင်ငံကြီးက နိုင်ငံ ၁၅ နိုင်ငံမျှ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထိစပ်နေသည့် နိုင်ငံများတွင် ဂျပန်၊ တရုတ်နှင့် အမေရိကန်ကဲ့သို့ သော နိုင်ငံရေး၊  စီးပွားရေး၊  ကာကွယ်ရေးအရ မဟာဗျူဟာကျသော နိုင်ငံများပါဝင်သည်။ စံတော် ချိန်ဇုန် ၁၁ ခု၊ ဘာသာစကား ၂၇ မျိုးနှင့် လူဦးရေ အရ ကမ္ဘာ့အဆင့် ၉ ဖြင့်လူဦးရေများပြားပြီး သယံဇာတပေါကြွယ်၀သောနိုင်ငံဖြစ်သည်။ 
ယနေ့ရုရှားနိုင်ငံတော်ကြီးသည် ယဉ်ကျေးမှုအနုပညာအမွေအနှစ်များစွာဖြင့် အင်ပါယာအဆက် ဆက်ကို ဆက်ခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ် သည်။ ရှေး ဆလပ်ဗ်လူမျိုးများက စတင်ခဲ့သည့် ယနေ့ရုရှားလူမျိုးများ၏ အင်ပါယာအစသည် ရုရှား အင်ပါယာအမည်ဖြင့်ပင် စတင်ခဲ့သည်ကို လေ့လာ မိသည်။ အင်ပါယာအဆက်ဆက်နှင့်အတူ ပထဝီ အနေအထား၊ ၂၀၀ ခန့်ရှိသည့် ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုး   များစွာနေထိုင်ကြသည်။ ယဉ်ကျေးမှု၊ ဘာသာ၊ အယူအဆ၊ ဓလေ့ထုံးစံများ မတူကွဲပြားသည်။
သို့သော်  ထိုသို့မတူကွဲပြားသည့်   ကိုယ်ပိုင် ဟန်ပန်လက္ခဏာများစွာနှင့်  သူတို့၏  သီးခြား ဝိသေသလက္ခဏာများအပေါ် သစ္စာမပျက်ကြသော် လည်း  တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုတွင်မူ ပိုမို ပြင်းထန်ကြသည်ဟု မှတ်သားဖူးသည်။ မိမိလူမျိုးစု အရေး ဦးစားပေးကြသည့်နည်းတူ နိုင်ငံအရေးနှင့် ယှဉ်လာလျှင်  နိုင်ငံချစ်စိတ်အပြည့်ဖြင့်   အလေး ထားမှု ဘယ်ခါမှ မလျော့တတ်ကြသည့် ရုရှားလူမျိုး များအနေဖြင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ရဲဘော် ရဲဘက်စိတ်ကြီးမားကြသည်မှာ မဆန်းပါ။ ကိုယ့် အမျိုးသားရေးစရိုက်ကို ထိန်းသိမ်းလျက် နိုင်ငံတော် ၏ အမျိုးဂုဏ်ကိုလည်း မြှင့်တင်ရန်  အဆင်သင့် ဖြစ်နေတတ်ကြသည်မှာ  အားကျအတုယူဖွယ်ရာ ဖြစ်သည်။ 
ရုရှားလူမျိုးများ ကိုယ့်အမျိုးကိုယ် အလွန်အမင်း ချစ်ကြသည်ဆိုရာဝယ် သူတို့နေထိုင်ရာ ဇာတိရပ်ရွာ နှင့် ရိုးရာဓလေ့တန်ဖိုးများကို သံယောဇဉ်ကြီးလွန်း ခြင်းကြောင့်လည်း ပါမည်ထင်သည်။  အမျိုးစုံလှ သည့် တိုင်းရင်းသားလူနည်းစုများ၏ ရုရှားနိုင်ငံတော် ကြီးအပေါ် သစ္စာစောင့်သိမှုကို သမိုင်းတစ်လျှောက် နယ်ချဲ့တို့၏ ကျူးကျော်စစ်အားလုံးကို တိုက်ခိုက် အနိုင်ယူတွန်းလှန်နိုင်ခဲ့ခြင်းနှင့်ဆက်စပ်၍ နားလည် သဘော ပေါက်မိပါသည်။ 
ပြိုကွဲပျက်စီးမှုအရှုံးမှ စနစ်သစ်ကို
မွေးဖွားနိုင်ခဲ့သည့်ရလဒ်ကောင်းများဖြင့် 
ပထဝီအနေအထား   လူမျိုး၊ ဘာသာစကား၊  ယဉ်ကျေးမှုပုံစံ    ကွဲပြားခြားနားသည့်နိုင်ငံတိုင်း သည် စည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာပိုင်မှုတွင် စိန်ခေါ်ချက်များစွာ ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်မှုပုံစံနှင့်  ခေါင်းဆောင်တို့၏ ခေါင်းဆောင်မှုနှင့် အမြော်အမြင် ဆင်ခြင်တုံတရား သည် ထိုစိန်ခေါ်မှုများကို  ဖြေရှင်းရာတွင်   များစွာ သက်ရောက်မှုရှိသည်။    တင်းကျပ်လွန်းသည့် ဆိုဗီယက်ခေတ်တွင် ပြန်လည် တည်ဆောက်ရေး ပီရက်စ်ထရွိုင်ကာနှင့် ဂလပ်စနော့ပွင့်လင်းမှု မူဝါဒ များကြောင့် အချိန် မတန်ခင် အဆောတလျင်ပြုပြင် ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ရပြီး ပြောင်းလဲမှုတိုင်းတွင် အသင့်မဖြစ်နိုင်သေးသည့် ဆိုဗီယက်ပြည်သူများနှင့် ဆိုဗီယက်ပြည်ထောင်စုကြီးမှာ နိုင်ငံ ၁၅ နိုင်ငံ ခွဲထွက်သွားသည်အထိ အစိတ်စိတ်အမြွှာမြွှာပြိုကွဲ ပျက်စီးသွားခဲ့ရသည်။ 
ဤကာလသည် ၁၉၉၀-၁၉၉၁ ခုနှစ်ကာလများ ဖြစ်ပြီး ၁၉၉၁ တွင် သမ္မတဂေါ်ဘာချော့ နုတ်ထွက် ခဲ့ရပြီး   အရှေ့ဥရောပကွန်မြူနစ်နိုင်ငံများလည်း ကျဆုံးခဲ့ရကာ ဆိုဗီယက်ဦးဆောင်သည့် အရှေ့ဥရောပ ကွန်မြူနစ်တစ်ခေတ် ဇာတ်သိမ်းခဲ့ရသည်။ သို့သော် လည်း  ထိုသို့ကျဆုံးမှုများသည်ပင်   စနစ်သစ်ကို မွေးဖွားသလိုဖြစ်ခဲ့သည်။ ယခင် ကွန်မြူနစ်နိုင်ငံများ ဒီမိုကရေစီနိုင်ငံများဖြစ်လာခဲ့ကြပြီး ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးနိုင်မှုနှင့်အတူ ဈေးကွက်စီးပွား ရေးစနစ်၏ အသီးအပွင့်ရလဒ်ကောင်းများကို ရရှိ ခံစားနေကြသည့်နိုင်ငံများကို တွေ့မြင်လာရသည်။ ထိုနိုင်ငံများတွင် ယနေ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လည်း  ပါဝင်နေပြီး   မျက်မှောက်ကမ္ဘာ့ဦးဆောင် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေသည်မှာ အရှုံးထဲ က အမြတ်ပင်ဖြစ်သည်။ 
ဆုံးရှုံးမှု၏အကြောင်းတရားများကို ယနေ့
အောင်မြင်မှု၏အားသာချက်များအဖြစ် အသုံးချခဲ့
တိုးတက်မှု၏ အကြောင်းတရားကိုသိလိုလျှင် ဆုတ်ယုတ်မှု၏အကြောင်းတရားကို ရှေးဦးသိရန် လိုသည်။ ဆုံးရှုံးမှုအခြေခံအကြောင်းတရားများကို သိရှိထားမှ  အောင်မြင်မှုအပေါ်   လွှမ်းမိုးသော အကြောင်းတရားများကို အလွယ်တကူရှာဖွေနိုင်ပါ မည်။ ရုရှားနိုင်ငံကြီး၏ တိုးတက်အောင်မြင်မှုများ သည် ယခင်ဆိုဗီယက်ယူနီယံကြီး၏  ဆုံးရှုံးမှုများ နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုဘဝမှာ   ဖြစ်ခဲ့တာတွေသည်  ယနေ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတော်အတွက် အားသာချက် များအဖြစ် အရေးပါခဲ့သည်။ မိမိနိုင်ငံအချုပ်အခြာ ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် ငြိမ်းချမ်းသာယာဝ ပြောရန်၊ မှန်ကန် သော ဖွံ့ဖြိုးတိုးတက်ရေးဟူသည် မိမိနိုင်ငံ  မိမိလူမျိုးသမိုင်းကြောင်းနှင့်   သဘော သဘာဝများအပေါ်တွင်   များစွာအခြေခံသည်။ သမ္မတဗလာဒီမာပူတင်အပါအ၀င် ယနေ့ရုရှား နိုင်ငံ ခေါင်းဆောင်များသည် ဆိုဗီယက်ခေတ်က အမှား များနှင့် ဆိုဗီယက်ပြိုကွဲခြင်း၏ အကြောင်းတရား များကို ကောင်းစွာကြေညက်ဟန်တူသည်။ 
သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ဆိုဗီယက် ခေတ် အမျိုးသားရေးအတွေးအခေါ်များကို အခြေခံ သည့် ယနေ့ရုရှားခေတ်အမျိုးသားရေးအယူအဆများက ခေတ်နှင့်အညီ ဆန်းသစ်လာသည်ကို တွေ့ရ သည်။ ရုရှားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်လာသည်။ ဤသည်ပင် ဆိုဗီယက်ကွန်မြူနစ်တစ်ပါတီစနစ်မှ အလှမ်းကွာသွားခြင်းဖြစ်ပြီး ယနေ့ခေတ်ပုံစံသည် ရုရှားအမျိုးသားရေးနှင့်  မျိုးချစ်စိတ်ကို   အခြေခံ အလေးပေးထားသော ဒီမိုကရေစီမော်ဒယ်လ်တစ်ခု ဖြစ်လာသည်။ 
အတိတ်သမိုင်းကိုမမေ့၊ ဂုဏ်ယူကြသည့် မျိုးချစ်စိတ် 
ရုရှားနိုင်ငံကြီးသည် နိုင်ငံခြားတပ်များ၏ ခေတ် အဆက်ဆက်   ကျူးကျော်တိုက်ခိုက်ခံခဲ့ရသည့် အတွက်  သူတို့ ရုရှားများတွင် ခါးသီးလှသည့် သမိုင်းကြောင်းများစွာ  ရှိခဲ့သည်။ ၁၈ ရာစုနှစ်က ဆွီဒင်၊ ၁၉ ရာစုနှစ်က ပြင်သစ်၊ ၂၀ ရာစုနှစ်တွင် ဂျာမန်တို့၏ ရုရှားနယ်နိမိတ်အတွင်းပိုင်းအထိ၀င်ရောက် ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြီး လွတ်လပ်ရေးဆုံးရှုံးမည့်အနေအထားအထိ ရောက် ခဲ့ရသည်။ သမိုင်းကြောင်းအရ   သူတို့နယ်နိမိတ်၊ သူတို့အချုပ်အခြာမဆုံးရှုံးရန် ဖိအားများစွာသည် ယနေ့ရုရှားခေါင်းဆောင်များနှင့် ရုရှားပြည်သူများ တွင်  ကိန်းအောင်းနေသည်။   ဤသည်ကပင် ထက်သန်အားကောင်းသည့် မျိုးချစ်စိတ်ကို မွေးဖွား စေခြင်းဖြစ်သည့်အတွက်   ထိုကဲ့သို့မျိုးချစ်စိတ် ဓာတ်နှင့် အမျိုးသားရေးအတွေးအခေါ်များကို ရုရှား လူမျိုးများက များစွာဂုဏ်ယူကြသည်။ နိုင်ငံဂုဏ် အမျိုးဂုဏ်တက်စေသည်ဟု ခံယူကြသည်။ 
 တည်ရှိမှု ရပ်တည်မှု အခြိမ်းခြောက်ခံရသည့် နိုင်ငံတိုင်းသည် မိမိ၏ အချုပ်အခြာအတွက် အစဉ် သတိထားရမြဲဖြစ်သည်။ ယနေ့ ရုရှားလူငယ်များ အပါအဝင် ရုရှားလူမျိုးများသည် သူတို့၏ အတိတ် သမိုင်းကြောင်းနှင့် နီးစပ်မှုရှိကြသည်။ သူတို့၏ သမိုင်းကို ဘယ်တော့မှ မေ့လျော့မထားကြ။ နယ်ချဲ့ စနစ်နှင့် နယ်ချဲ့ကို ဘယ်လိုတွန်းလှန် ဖြိုလှဲခဲ့ကြ သလဲ..  ရှေးသူရဲကောင်းများထံမှ  သင်ယူရန် စိတ်အားထက်သန်ကြသူများ ဖြစ်သည်။  နောက် တစ်ချက်မှာ ရုရှားလူမျိုးအများစုသည် အလွယ်တကူ မယုံတတ်ကြဘဲ ရှေးရိုးဆန်ကြခြင်း ဖြစ်သည်။ 
အပြောင်းအလဲကို    တွန့်ဆုတ်တတ်ကြပြီး ပြောင်းလဲမှုတစ်ခုခုကိုပြုလုပ်ရန် ဝန်လေးတတ် ကြသည်ဟု  ဆိုသည်။  ထို့ကြောင့်လည်း မကြာ မကြာဖြစ်ပေါ်တတ်သည့်  ပြည်တွင်းဆူပူအုံကြွမှုများ သည် လူထုအားလုံး၏  အမြင်ကို   မထင်ဟပ်ဘဲ လွယ်လွယ်နှင့် ပြီးသွားသည်ကများသည်။ ယနေ့ ရုရှားလူငယ်များသည် ၁၉၉၀ မတိုင်ခင်က ဖြစ်ပျက် ခဲ့သည့်    နိုင်ငံရေးဖြစ်စဉ်များနှင့်  ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရသည့်   စီးပွားရေးအခြေအနေများကို သင်ခန်းစာယူရုံကလွဲပြီး လျစ်လျူရှုနိုင်နေကြပြီဖြစ် သည်။ သို့သော် သူတို့အနာဂတ်အတွက် စိတ်ပျက် အားလျော့မှု မဖြစ်ကြသည်ကို မကြာမီက သမ္မတ ဗလာဒီမာပူတင်  တက်ရောက် စကားပြောခဲ့သည့် လူထုအစည်းအဝေးကြီးတွင် တက်ကြွအားမာန်ပါသည့်    ရုရှားလူထုကြီးကို ကြည့်၍ မှန်းဆနိုင်ပါသည်။  
ရုရှားလူမျိုးတိုင်းက ဂုဏ်ယူကြသည့် 
ကမ္ဘာစစ်အောင်နိုင်မှု 
ဆင်းရဲနွမ်းပါးသည့်   ရုရှားလူမျိုးများသည် တစ်ဖန်ပြန်၍ဆင်းရဲသွားမှာ   ကြောက်ကြသည်။ ပြည်သူအသက်ပေါင်း သန်းနဲ့ချီ၍ ပေးဆပ်ခဲ့ရသည့် စစ်ပွဲအနိဋ္ဌာရုံများကို အခြားနိုင်ငံများထက် ပိုခံစား ခဲ့ရ၊   ပိုသိခဲ့ရသည့်အတွက်   ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်ရာ နောက်ထပ်ကမ္ဘာစစ်ကြီးများ ဖြစ်ပွားမည်ကို မလိုလားဆုံးမှာ ရုရှားလူမျိုးပင် ဖြစ်လိမ့်မည်ဟု ဆိုချင်ပါသည်။ ဒုတိယကမ္ဘာစစ် နယ်ချဲ့ဖက်ဆစ်နာဇီတို့ကို  တွန်းလှန်သည့် မဟာ မျိုးချစ်စစ်ပွဲအတွင်း   ဆိုဗီယက်ရုရှားစစ်သည် အရပ်သားပေါင်း ၂၇ သန်းအထိ  သေဆုံးခဲ့သည့် အရေအတွက်သည် ကမ္ဘာပေါ်တွင် အမေရိကန်နှင့် အင်္ဂလိပ်မဟာမိတ်များ   သေဆုံးမှုအရေအတွက် ထက် ပိုမိုများပြားလွန်းသည့်အတွက် စစ်ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ သည်။ ဒုတိယကမ္ဘာစစ်၏  အထင်ကရတိုက်ပွဲကြီး များဆိုလျှင် ရုရှားမြေပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
စတာလင်ဂရက်တိုက်ပွဲ 
ကမ္ဘာ့သမိုင်းတစ်လျှောက်  အသေအပျောက် အများဆုံးနှင့် အပြင်းထန်ဆုံးစစ်ပွဲအဖြစ် တင်စား ခံရသည့် စတာလင်ဂရက်တိုက်ပွဲကို ရုရှားပြည်သူ အားလုံး အသက်စွန့်လွှတ်စိတ်ဓာတ်ဖြင့်  ဆင်နွှဲ အနိုင်ယူခဲ့ကြသည်မှာ သမိုင်းတွင်ထင်ရှားလှသည်။ ဒုတိယ ကမ္ဘာစစ်အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခဲ့ သည့် ထိုကမ္ဘာစစ်အောင်နိုင်မှုကို ဘယ်ရုရှားလူမျိုး နှင့်မျှ ကင်း၍ မရလောက်အောင် ရုရှားလူမျိုးတိုင်းက အလေးအနက်ထား ဂုဏ်ယူကြသည်။ ထိုစိတ်ဓာတ် ကို  အနှစ်သာရရှိရှိဖြင့်   မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ခဲ့ကြသည်ကို တွေ့ရသည်မှာ ဂုဏ်ယူအားကျဖွယ်ဖြစ်သည်။ 
ဤနေရာတွင်  ရုရှားနှင့်   မြန်မာနှစ်နိုင်ငံလုံး က ပထဝီနိုင်ငံရေးအနေအထားအရ   အမျိုးသား လုံခြုံရေးကို အာရုံစိုက်၍ ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသည်ဟု ခံယူထားကြသည်မှာ သဘာဝ ကျပါသည်။ ရုရှားနယ်နိမိတ်ကို အစဉ်အဆက်ကာရံ ပေးထားသော ယူကရိန်းကဲ့သို့သော ယခင်ဆိုဗီယက် နိုင်ငံဟောင်းများသည်  ရုရှားကို   အင်အားချည့်နဲ့ သွားစေလိုသောနိုင်ငံများနှင့်  ရုရှားနိုင်ငံအကြား အသုံးချကြားခံနိုင်ငံများ ဖြစ်လာသည်။ ဤသည်ပင် ရုရှားနိုင်ငံတည်ရှိမှု      ခြိမ်းခြောက်ခံရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည့်အခါ အားလုံး သိကြသည့်အတိုင်း ယခုကဲ့သို့သော   ယူကရိန်း ပြဿနာကြီး   ဖြစ်ပေါ်လာခဲ့ရပြီး   ထိုသို့ဖြစ်ပေါ် လာရခြင်းသည်ပင်   နိုင်ငံငယ်များစွာအတွက် သင်ခန်းစာယူစရာတစ်ခုအဖြစ် အလေးထားသင့်ပါ သည်။ 
အမှန်တော့ ဆိုဗီယက်ခေတ်မှ ယနေ့ရုရှားခေတ် အထိ ခေါင်းဆောင်များ၊ ပြည်သူများသည် သမိုင်း၏ အဆိုးအကောင်း၊  အနိမ့်အမြင့်ကို ကောင်းစွာခံယူ၍ ခါးသီးလှသည့်  သင်ခန်းစာများကို  အကောင်းဆုံး အသုံးချကာ  ယနေ့ခေတ်မီ   ရုရှားဖက်ဒရေးရှင်း နိုင်ငံတော်ကြီးကို တည်ဆောက်လျက်ရှိကြသည်ဟု ယူဆပါသည်။ အရေးကြီးသည်မှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းနိုင်ခဲ့သော မျိုးချစ်စိတ်နှင့် အမျိုးသား ရေးစိတ်ဓာတ်များကို  အခြေခံ၍   ပညာဉာဏ် အမြော်အမြင်ဖြင့် စိတ်ဓာတ်ခွန်အားများရယူနိုင်၍ သာ   ယနေ့  အားလုံးမြင်တွေ့နေရသည့်   ကမ္ဘာ့ ထိပ်တန်းနိုင်ငံတစ်နိုင်ငံကို ယုံကြည်ချက်အပြည့် ဖြင့် တည်ဆောက်နိုင်ခဲ့ကြသည်ဟု မှတ်သားမိပါ သည်။                
နာမည်ကျော် ကဗျာဆရာတစ်ဦး၏ မှတ်ချက် တစ်ခုကို ဖတ်ရှုဖူးပါသည်။ လိုရင်းက “ရုရှားလူမျိုး များ၏ စိတ်ဝိညာဉ်ကို နားလည်ရခက်နိုင်ပါသည်။ သို့သော် သူတို့ကို နှလုံးသားနှင့် ယုံကြည်လိုက်စမ်း ပါ” ဟူသော မှတ်ချက်အတိုင်းပင် နှလုံးသားချင်း နီးစပ်နေသမျှ   တစ်ဦးနှင့်တစ်ဦး   ယုံကြည်မှု နားလည်မှုက     အစဉ်ခိုင်မာနေမည်သာ   ဖြစ် သည်။ သူတို့၏  စိတ်ခံစားချက်နှင့် မျိုးချစ်စိတ်ဓာတ်၊ ထိုမှတစ်ဆင့်      နိုင်ငံတော်အပေါ်ခံယူပုံနှင့် တည်ဆောက်မှုစွမ်းရည်များကို    မိမိနိုင်ငံတော် အတွက် သင်ခန်းစာယူကာ  အကောင်းဆုံးအသုံးချ ခြင်းဖြင့်  နှစ်နိုင်ငံခေါင်းဆောင်များနှင့်      ပြည်သူများ အကြား ကာလရှည်မဟာမိတ်များအဖြစ်    အစဉ် ထာဝရချစ်ကြည်ရင်းနှီးခိုင်မာမှုကို     ရယူရမည်  သာ    ဖြစ်ပါကြောင်း          ရေးသားလိုက်ရ  ပါသည်။       ။