မင်းလှမြို့နယ်၌ လျှိုပိတ်တမံတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

 

မကွေး    ဇန်နဝါရီ    ၂၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီ  ၂၃ ရက်က  မင်းလှမြို့နယ် ရေနံမကျေးရွာ လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှ မြို့နယ်  ရေနံမကျေးရွာအုပ်စု     သပြေညောင်ကျေးရွာ အနီးရှိ လျှိုပိတ်တမံ        တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစဉ်         တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍   တိုင်းဒေသကြီး    ဆည်မြောင်းနှင့် ရေအသုံးချမှု  စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သရက်ခရိုင် အတွင်း    မြို့နယ်အသီးသီးတွင်    စိုက်ပျိုးရေရရှိရေး အတွက် တည်ဆောက်ပြီးစီးသော     ရေလှောင်တမံ လေးခုနှင့်   ရေလွှဲဆည်နှစ်ခုတို့မှ   အကျိုးပြုဧရိယာ ၁၅၀၆၄ ဧကကို     နှစ်စဉ်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းနှင့် ဒေသခံ ပြည်သူတို့၏ လိုအပ်ချက်အရ ဒေသန္တရကျေးလက် ဆည်ကန်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်း တင်ပြခဲ့ပြီး၊ လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က      လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များ  မှာကြားသည်။
အဆိုပါ လျှိုပိတ်တမံတည်ဆောက်ခြင်းလုပ်ငန်း ကို    ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်   တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၆၂ သန်းဖြင့်     တမံအလျားပေ ၂၀၀၊ အမြင့် ၄၅ ပေနှင့် ကန်ရေပြည့် ရေလှောင်ပမာဏ ၁၃ ဒသမ ၅၀ ဂါလန်သန်းဖြင့် တည်ဆောက်ခြင်း လုပ်ငန်းကို  ၄-၁၂-၂၀၂၂ ရက်တွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်းတစ်ခုလုံးအနေဖြင့်  ၅၀  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့်        ရေနံမကျေးရွာလျှိုပိတ်တမံ    တည်ဆောက်ခြင်း လုပ်ငန်း  ဆောင်ရွက်ပြီးစီးပါက  ဒေသခံအိမ်ထောင်စု ၁၀၂၅ စု၏ လူဦးရေ ၄၀၁၂ ဦး၊   ကျွဲနွားတိရစ္ဆာန် အကောင်ရေ ၈၀၀၀ ကျော်အတွက် သောက်သုံးရေ   ဖူလုံစွာရရှိစေမည့်အပြင် ဒေသတွင်း စိမ်းလန်းစိုပြည် ရေးကိုပါ  အထောက်အကူပြုမည်ဖြစ်ကြောင်း သိရ သည်။   
   မောင်ညီညာ