ခေတ်မီသည့်လက်ရက်ကန်းနှင့် သဘာဝဆိုးဆေးသင်တန်း ကျေးရွာအရောက် အခမဲ့ဖွင့်လှစ်ပေး

 

မကွေး  ဇန်နဝါရီ   ၂၄
၂၀၂၃ ခုနှစ်  ပြည်ထောင်စုနေ့အား  ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဖွင့်လှစ်ပို့ချသည့် သဘာဝဆိုးဆေး  သင်တန်းနှင့် လက်ရက်ကန်းကာလတိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို   ဇန်နဝါရီ ၂၃ ရက်က မင်းလှမြို့နယ် ကိုင်းငယ်လေးကျေးရွာ၌  ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင် ချိန်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြ  များနှင့် သင်တန်းသား သင်တန်းသူများ၊ ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြသည်။ 
အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က  ယခုဖွင့်လှစ်သည့်   သဘာဝဆိုးဆေးသင်တန်းနှင့် လက်ရက်ကန်းကာလတို သင်တန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၈၅ သိန်းကျော်ခန့် အကုန်အကျခံ၍ အခမဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရက်ကန်းလုပ်ငန်းကို ရှေးအစဉ်ကတည်းက တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပြီး မင်းလှ မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဒေသရက်ကန်းစင်များဖြင့် ရက်ကန်း လုပ်ငန်းဆောင်ရွက်နေမှုများကိုတွေ့ရပြီး ခေတ်မီသည့်လက်ရက်ကန်းနှင့် သဘာဝဆိုးဆေးသင်တန်းအား ကျေးရွာအရောက် အခမဲ့ဖွင့်လှစ်ပေး ခြင်းနှင့် သင်တန်းဆင်းသင်တန်းသူများအား လက်ရက်ကန်းစင်တစ်ခုစီကို  ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် ရက်ကန်းပညာရပ်များ ကျွမ်းကျင်သည့်  သင်တန်းကျောင်းများမှ ဆရာမများ ကိုယ်တိုင်ဘာသာရပ် ခုနစ်ခုကို စာတွေ့လက်တွေ့ သင်ကြားပြသမည်ဖြစ်ပြီး သင်တန်းဆင်းပြီး ပခုက္ကူ ရက်ကန်းနှင့်   သက်မွေးပညာသင်တန်းကျောင်းရှိ စက်ရက်ကန်းများနှင့် လွန်းမဲ့စက်ရက်ကန်းများကို     လေ့လာသင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးသည့်နည်းပညာ များနှင့်    မိမိတို့ကိုယ်ရည်ကိုယ်သွေး အကြံဉာဏ်များအား ပေါင်းစပ်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းသူများအား   လက်ရက်ကန်းစင်များကို  ထောက်ပံ့ပေးအပ်ခဲ့ပြီး  သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား သည်။                                                                     မောင်ညီညာ