
တပ်မတော်အတွင်း၌ တပ်မတော်သားများ၏ သက်သာချောင်ချိရေးကို အထောက်အကူပြုစေသည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လို
နေပြည်တော် ဇန်နဝါရီ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရခိုင် ပြည်နယ် သံတွဲတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား နယ်မြေခံတပ်ရှိ ငပလီခန်းမ၌ သွားရောက် တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ် ဦးနှင့် တာဝန်ရှိသူများ၊ သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ သံတွဲ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များ ကို ထမ်းဆောင်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် အကြမ်းဖက်မှုများ မရှိစေရေး အတွက်လည်း ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း ဦးစွာပြောကြားပြီး ကမ္ဘာ့နိုင်ငံများ တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေ အနေများ၊ ထိုကဲ့သို့သော မဲမသမာမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ဘဲ နိုင်ငံတော်တွင် ဖြစ်ပေါ် လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ ရသည့် အကျပ်အတည်းများနှင့် နိုင်ငံရေးအမြတ် ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ တော်၏ စီးပွားရေးမြှင့်တင်ဆောင်ရွက်နေမှုများအား ဆက်လက်ပြောကြားရာတွင် ယခင်အစိုးရသက်တမ်း တွင် စီမံခန့်ခွဲအားနည်းခြင်းနှင့် ပြည်တွင်းစီးပွားရေး ကို အားပေးမှုမရှိခြင်းကြောင့် နိုင်ငံ့စီးပွားရေးကျဆင်း ခဲ့ပြီး ကုန်သွယ်မှုလိုငွေများလည်း များစွာဖြစ်ပေါ်ခဲ့ ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေး ခြင်း မရှိခြင်းကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင် ရမှုများရှိကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ထိုကဲ့သို့သော အခြေအနေများကြောင့် ကျဆင်း ခဲ့သည့်စီးပွားရေးများ ပြန်လည်တိုးတက်လာစေရေး အတွက် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားရေးနှင့် ကိုက်ညီသင့်တော်သည့် အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို အဓိကထား အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၏ စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ ပြန်လည် တိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်လျက် ရှိကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ယခု ထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အဖိုးတန် မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ များစွာရှိပြီးဖြစ်သဖြင့် အဆိုပါသယံဇာတများဖြင့် ရှိပြီးသားလူသားအရင်းအမြစ်များကို စနစ်တကျ အသုံးချမည်ဆိုပါက စီးပွားရေးလုပ်ငန်းများတိုးတက် လာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့စီးပွားရေးအားကောင်းလာစေရန် အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက မကြာမီအချိန်တွင် အာဆီယံနိုင်ငံများ၌ အလယ် အလတ်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့ဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
တပ်မတော်သားများ၏ သက်သာချောင်ချိရေး၊
ပညာရည်မြင့်မားရေးအတွက် ဖြည့်ဆည်းဆောင်ရွက်
တပ်မတော်အတွင်း၌လည်း တပ်မတော်သားများ ၏ သက်သာချောင်ချိရေးကို အထောက်အကူပြုစေ သည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် သမာအာဇီဝကျသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည် ဆိုပါကများစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မှီခိုသူ များ၏ စားရေး၊ ဝတ်ရေးနှင့် နေရေးတို့ကို တတ်နိုင် သမျှ ပြည့်စုံအောင် စီမံဆောင်ရွက်ပေးထားပြီးဖြစ် ကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံ၌ ပညာရေးအားနည်းမှု များရှိသဖြင့် ပညာရည်မြှင့်တင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် သားများ၏ ပညာရည်မြင့်မားရေးအတွက်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ အတန်းပညာများရှိရန် လိုအပ် သကဲ့သို့ စာဖတ်မှ စာတတ်မည်၊ စာတတ်မှ အသိ ပညာနှင့် အတတ်ပညာများ ရရှိမည်ဖြစ်ကြောင်း၊ စာပေပညာများ တတ်ကျွမ်းမှသာလျှင် သက်ဆိုင် ရာပညာရပ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ ပညာရည်မြင့်မားရေး အတွက်လည်း မိဘကောင်းသဖွယ်စိတ်ဓာတ်ဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တပ်မတော်သားများ၏ မိသားစုဝင်များ ပညာရည် မြင့်မားရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အရာရှိ၊ စစ်သည်များ ဗဟုသုတ နှင့် အသိအမြင်များ တိုးတက်ရေးအတွက် တပ်ရင်း တပ်ဖွဲ့များရှိ စာကြည့်တိုက်များတွင် စာအုပ်စာစောင် များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားကြောင်း၊ ထို့ကြောင့် အသိပညာအတတ်ပညာများ တိုးပွားရေး အတွက် စာအုပ်စာစောင်များကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ စားဝတ်နေရေးအပြင် အသိပညာနှင့် ဗဟုသုတများ ပြည့်စုံစေရေး အတွက်ကိုပါ ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့် သိပြီး မိမိတို့၏ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အရာရှိ၊ စစ်သည်များအနေဖြင့် ရန်သူကို နေလိုမီးလိုကျင့်ရန် နှင့် ပြည်သူကို ရေလိုလလို ကျင့်ရန်လိုကြောင်း၊ နိုင်ငံ၏အကျိုးကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ် ကို ကောင်းအောင်လုပ်ဆောင်ရန်၊ မိမိတို့တပ်မတော် ကို ကောင်းအောင်လုပ်ဆောင်ရန်နှင့် မိမိတို့နိုင်ငံကိုကောင်းအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း မှာကြားသည်။
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့် ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၁၈၂၄ ခုနှစ် မေလ ၁၇ ရက်တွင် ရခိုင်စစ်မျက်နှာ၌ စစ်သူ ကြီး မဟာဗန္ဓုလ ကွပ်ကဲမှုအောက်ရှိ မဟာသီဟသူရ (မြဝတီမင်းကြီး ဦးစ) ဦးစီးသော မြန်မာဘုရင့်တပ် များသည် ပန်းဝါမြစ်ကို ဖြတ်ကူး၍ ထိုမြစ်အနီးရှိ ရေကန်ဘေးတွင် အခိုင်အမာခြေကုပ်ယူစခန်းချနေ သည့် ဗြိတိသျှတပ်ဖွဲ့များအား ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်နေပုံကို သရုပ်ဖော်ရေးဆွဲထားသည့် ဆီဆေးပန်းချီကားအား အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်