တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ‌ဈေးနှုန်းအတက်အကျ  မတည်ငြိမ် ဖြစ်နေပြီး စာအုန်းဆီဈေးနှုန်းမှာ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၆၀၀ ပြန်လည် မြင့်တက်လာခဲ့ကာ အာလူးဈေးနှုန်းများ ကျဆင်း လာခဲ့သည်ကို မြင်တွေ့ရသည်။

 


ဆန်


ဇန်နဝါရီ ၁၇ ရက် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ကွဲတစ်အိတ် ကျပ် ၄၀၆၀၀၊ ဆန်ကြမ်းဆင်းသုခအသစ် ကျပ် ၄၄၀၀၀၊ သီးထပ်ဆန် ကြမ်းအသစ်တစ်အိတ် ကျပ် ၄၅၀၀၀-၄၆၀၀၀၊  ရက် ၉၀ ဆန်ကြမ်း အသစ်တစ်အိတ် ကျပ်၄၉၀၀၀၊ ပေါ်ကျွဲဆန်သစ်တစ်အိတ် ကျပ် ၅၂၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းဆန်သစ်တစ်အိတ်ဈေးမှာ ဖျာပုံ ကျပ် ၆၀၀၀၀-၆၂၀၀၀၊ မြောင်းမြ/ပုသိမ် ကျပ် ၆၂၀၀၀-၆၅၀၀၀၊ ရွှေဘို ကျပ် ၇၄၀၀၀-၈၀၀၀၀ နှုန်းရှိပြီး‌  ပေါ်ဆန်းဆန်ဟောင်း  တစ်အိတ်ဈေးမှာ  ဖျာပုံ ကျပ် ၇၀၀၀၀-၇၂၀၀၀၊ ပုသိမ်/မြောင်းမြ ကျပ် ၇၂၀၀၀-၇၄၀၀၀၊ ရွှေဘို ကျပ် ၉၃၀၀၀-၁၀၅၀၀၀ နှုန်းရှိသည်။

 


စားအုန်းဆီ


ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးမှာ  စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၄၄၄၀  ရှိရာ  ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ် ၉၀ ဈေးကျလာသည်။ ယခုအပတ်အတွင်း ပြင်ပစားအုန်းဆီဈေးကွက်တွင် ဈေးနှုန်းအတက်အကျကြမ်းနေသည်။ ပြည်ပဈေးကျချိန်၊ ငွေလဲနှုန်းပြောင်းလဲမှုနည်းချိန်၊ ပြည်ပမှ စားအုန်းဆီအဝင်ရှိချိန်ဖြစ်သော်လည်း ဈေးကွက်တွင် လက်ငင်းဆီရှိသူများက ဈေးနှုန်းမြှင့်တင်လာကြပြီး  ဇန်နဝါရီ ၁၀ ရက်က စာရွက်ဈေး(ကန်တင်ဈေး) လက်ကားတစ်ပိဿာ ကျပ် ၅၉၅၀-၆၀၀၀ ရှိရာမှ ၁၇ ရက်တွင် ကျပ် ၆၁၀၀/ ၆၁၅၀  နှုန်းရှိလာကာ  ၁၈ ရက်တွင် ညောင်ပင်လေးဈေး၌ လက်လီတစ်ပိဿာ ကျပ် ၆၃၀၀ နှုန်း ရောင်းချလျက်ရှိသည်။

 


ပဲ


ဇန်နဝါရီ ၁၇ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ (FAQ/RC) တစ်တန် ကျပ် ၁၆၅၇၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၁၈၉၂၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန်ကျပ် ၁၈၀၀၀၀၀၊ ပဲတီစိမ်း(ခရမ်းရွှေဝါထိပ်စ)တစ်ပိဿာလျှင် ကျပ် ၂၈၀၀-၂၉၂၀ နှင့်  ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၂၅၀-၄၄၀၀ နှုန်းရှိသည်။ 

 


ကြက်သွန်နီ


ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်သို့ နယ်စုံမှ ကြက်သွန်နီ ပိဿာချိန် ၁၂၀၀၀ ဝင်ရောက်လာသော်လည်း တစ်ပိဿာလျှင် ကျပ် ၂၀၀ မှ ၃၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လာသည်။ ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်တွင်မူ နယ်စုံကြက်သွန်နီ ပိဿာချိန် ၂၁၀၀၀၀ စီ ဝင်ရောက်လာပြီး တစ်ပိဿာ  ကျပ် ၂၀၀ ခန့် ဈေးကျလာသည်။   ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြင်းခြံကြက်သွန်နီ လက်ကားတစ်ပိဿာ ကျပ် ၁၆၀၀-၁၈၀၀၊ မြစ်သား ကျပ်၂၀၀၀-၂၂၀၀ နှုန်းရှိသည်။ ပခုက္ကူဈေးကွက်တွင် ဇန်နဝါရီ ၁၈ ရက်က ကြက်သွန်နီ ပိဿာချိန် ၃၂၀၀၀  ဝင်ရောက်ပြီး တစ်ပိဿာအမြင့်ဆုံး လက်ကားဈေး ကျပ် ၁၆၅၀ နှုန်းရှိသည်။ မန္တလေးဈေးကွက်၌ ဇန်နဝါရီ ၁၈ ရက်က မြစ်သားကြက်သွန်နီ တစ်ပိဿာအမြင့်ဆုံးဈေး ကျပ်  ၂၂၀၀ ရှိသည်။ မြင်းခြံဈေးကွက်တွင်မူ ဇန်နဝါရီ ၁၇ ရက်က ကြက်သွန်နီပိဿာချိန် ၈၀၀၀၀ ‌ကျော်ဝင်ရောက်ပြီး အမြင့်ဆုံးဈေး တစ်ပိဿာ ကျပ် ၁၈၅၀ ရှိသည်။

 


ကြက်သွန်ဖြူ/အာလူး/ငရုတ်


ရှမ်းအောင်ပန်းကြက်သွန်ဖြူဈေးတက်ပြီး ကြူကုတ်ကြက်သွန်ဖြူ‌ ဈေးကျလာသည်။ ဇန်နဝါရီ ၁၈ ရက်တွင် ရှမ်းအောင်ပန်းကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၄၆၀၀-၅၉၀၀ ကျပ်နှုန်း၊ ကြူကုတ်ကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၃၇၀၀ နှုန်းရှိသည်။

 


တရုတ်အာလူးများ ဈေးကျလာသည်။ လက်ကားတစ်ပိဿာ ကျပ် ၂၄၀၀ နှုန်းအထိရှိခဲ့သော တရုတ်အာလူးအဟောင်းသည် ဇန်နဝါရီ ၁၈ ရက်တွင် ကျပ် ၂၁၀၀ နှုန်းသာ  ရှိသည်။  တရုတ်အာလူးအသစ်မှာ လက်ကားတစ်ပိဿာ ကျပ် ၂၀၀၀ နှုန်းရှိသည်။ ရှမ်းအောင်ပန်းအာလူးမှာ လက်ကားတစ်ပိဿာ ကျပ် ၁၇၅၀-  ၂၁၀၀ နှုန်း ရှိနေသည်။

 


ငရုတ်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာရာ ဇန်နဝါရီ ၁၈ ရက်တွင် မြားနီငရုတ်ရှည်အသစ် (ဟင်္သာတနယ်ထွက်) လက်ကားတစ်ပိဿာ ကျပ် ၁၄၅၀၀၊ ပန်းရဲငရုတ်ရှည်အသစ် ကျပ် ၁၃၀၀၀-၁၄၀၀၀၊ နယ်စုံ မိုးထောင် ကျပ် ၁၂၀၀၀-၁၃၀၀၀ နှုန်းရှိသည်။ ဆင်ဖြူကျွန်းငရုတ်ပွအသစ် လက်ကားတစ်ပိဿာ ကျပ် ၁၈၀၀၀-၁၈၅၀၀၊  ဇီးငရုတ်ပွ ကျပ် ၁၅၀၀၀ နှင့် ရှမ်းစကပွ ကျပ် ၁၃၅၀၀-၁၄၀၀၀ နှုန်းရှိသည်။


အောင်ခင်နိုင်