
မြိတ် ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ယခုလများ အတွင်း အိမ်ခြံမြေဝယ်ယူသူ ပိုမိုများပြားလာသဖြင့် အိမ်ခြံမြေဈေးနှုန်းများ ယခင်သုံးနှစ်ခန့်ကထက် သုံးဆခန့်မြင့်တက်လာကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဧပြီလနောက်ပိုင်းမှစတင်ကာ တနင်္သာရီ၊ ပုလောစသည့်မြို့နယ်များနှင့် အခြား ဒေသများမှ ပြောင်းရွှေ့လာသူများက မြိတ်မြို့နယ်ရှိ အိမ်ခြံမြေများကိုဝယ်ယူ၍ အခြေချနေထိုင်မှုများ ရှိလာသည့်အတွက် အိမ်ခြံမြေဈေးကွက်မှာ အရောင်း အဝယ် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ မြိတ် မြို့နယ်ရှိ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံမြေများမှာ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လက် ကောင်းမွန်လာသဖြင့် ဈေးနှုန်းများ သုံးဆခန့် မြင့်တက်လာကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။
“မြိတ်မြို့ရဲ့ အိမ်ခြံမြေဈေးကွက် အေးနေတာ သုံးနှစ်ကျော်လောက်ရှိပြီ။ အဲဒီမတိုင်ခင်က ၂၀၁၅၊ ၂၀၁၆ မှာ ဝယ်ရောင်းတွေ တော်တော်ကောင်းခဲ့တာပါ။ နောက်ပိုင်းမှာ ဝယ်ယူသူတွေက လယ်ယာမြေမှာ မြေကွက်ဖော်ရောင်းလာကြတယ်။ လယ်ယာမြေက ပိုင်ဆိုင်မှုမသေချာဘူး။ တချို့က ဥယျာဉ်ခြံတွေ အကွက်ရိုက်ရောင်းလာကြတယ်။ အဲဒီတော့ ရောင်းသူများလာပြီး ဝယ်ယူသူနည်းသွားလို့ အရောင်းအဝယ်ပြန်အေးသွားပါတယ်”ဟု မြိတ်မြို့မှ အိမ်ခြံမြေရောင်းဝယ်သူတစ်ဦးက လွန်ခဲ့သည့် သုံးနှစ် ကျော်က အိမ်ခြံမြေဈေးကွက်အခြေအနေကို ရှင်းပြ သည်။
မြိတ်မြို့နယ်အတွင်းသို့ ၂၀၂၂ ခုနှစ်အတွင်းမှ စတင်ကာ ပြောင်းရွှေ့အခြေချနေထိုင်သူ များပြား လာသည့်အတွက် အိမ်ခြံမြေနှင့် ဥယျာဉ်ခြံမြေများဈေးနှုန်းများမှာ လျော့ကျခြင်းမရှိဘဲ ဈေးတက်လာခဲ့ ရာ ယခုအခါ ယခင်သုံးနှစ်ခန့်က ဈေးနှုန်းများထက် သုံးဆခန့် မြင့်တက်လာကြောင်း သိရသည်။
“အဝယ်က သိသိသာသာ သွက်လာတယ်။ အဝယ်လိုက်လာတော့ ရောင်းတဲ့သူတွေကလည်း ဈေးတွေတင်ရောင်းတော့ ဈေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာပါတယ်။ ဈေးနှုန်းက လျော့ကျသွား တာမရှိပါဘူး။ အတက်ပဲရှိပါတယ်။ တနင်္သာရီ၊ ပုလောနဲ့ အခြားဒေသကလူတွေက ယခုနှစ်အတွင်း မှာ အခြေချပြောင်းရွှေ့လာသူတွေ များလာတယ်။ ဒါကြောင့် အိမ်ခြံမြေနဲ့ဥယျာဉ်ခြံတွေကို အဝယ်များ လာပြီး ဈေးနှုန်းလည်း မြင့်တက်လာတာပါ”ဟု အိမ်ခြံမြေရောင်းဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
မြိတ်မြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးကွက်မှာ မြို့ပေါ်ရပ်ကွက်များတွင် နေရာနှင့် အိမ်အမျိုးအစား ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ မြို့ပေါ် ရပ်ကွက်တွင် အနေအထားနှင့် မြေအကျယ်အဝန်း ပေါ်မူတည်ပြီး ပေ ၃၀x၅၀ တစ်ကွက်လျှင် ကျပ် သိန်းရာဂဏန်းမှ သိန်းထောင်ဂဏန်းအထိရှိပြီး ကမ်းနားလမ်း၊ ဈေးကြီးအနီးနှင့် အချို့ရပ်ကွက်များ တွင် သိန်းသောင်းဂဏန်းအထိရှိကြောင်း၊ ကျေးရွာ အုပ်စုများတွင်မူ ပေ ၃၀x၅၀ တစ်ကွက်လျှင် ကျပ် သိန်း ၃၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ ဥယျာဉ်မြေ များမှာမူ မြေအကျယ်အဝန်းနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးထားမှုအပေါ်မူတည်၍ တစ်ဧကလျှင် ကျပ် သိန်း ၁၀၀ မှ သိန်း ၃၀၀ ခန့်အထိ ဈေးရှိနေကြောင်း အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။
မြင့်ဦး(မြိတ်)