မန်းရွှေစက်တော်ဘုရားပွဲကာလ ဘုရားဖူးများအတွက် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နေ

 

မင်းဘူး    ဇန်နဝါရီ    ၁၄


မကွေးတိုင်းဒေသကြီး   မင်းဘူးခရိုင်  မင်းဘူး (စကု)မြို့နယ်ရှိ   မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ  ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်စေရန်     မန်းချောင်းသောင်ပြင် အတွင်း၌   တည်းခိုဆောင်နှင့်   ဈေးဆိုင်ခန်းများ ဆောက်လုပ်နေပြီး  ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ် ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

 


“အနယ်နယ်အရပ်ရပ်မှ    ဘုရားဖူး    ရဟန်း ရှင်လူ      မိဘပြည်သူများ       စိတ်အေးချမ်းသာစွာ  ဘုရားဖူးမြော်ရင်း     ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင် အလုံးပေါင်း ၁၀၀၀ ခန့်နှင့် ဈေးဆိုင် ခန်းပေါင်း  ၅၀၀ ကျော်   ဆောက်လုပ်လျက်ရှိပြီး ယခုအခါ   နမ္မဒါ (၁)၊ (၂)   အပါအဝင်   သောင်ပြင် တစ်လျှောက် တည်းခိုဆောင် အလုံးပေါင်း ၄၀၀ နှင့် ဈေးဆိုင်ခန်းပေါင်း ၂၀၀ ကျော် ဆောက်လုပ်ပြီးစီး နေပြီဖြစ်ကာ ဆောက်လုပ်ပြီး ဈေးဆိုင်ခန်းများမှာ စတင်ဈေးရောင်းချပေးနေပြီဖြစ်ကြောင်း၊ တည်းခို ဆောင်ငှားရမ်းခနှုန်းထားများမှာ တစ်ရက်ကို အထူး ခန်း တည်းခိုဆောင်  (ရေချိုးခန်းနှင့် အိမ်သာအပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို   ငွေကျပ်  ၅၀၀၀၀၊ ၄၀၀၀၀ နှင့်  ၃၀၀၀၀ နှုန်း၊  ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေကျပ် ၃၀၀၀၀ နှုန်း နှင့် ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်) တစ်ခန်းကို ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် သတ်မှတ်ထားကြောင်း၊ တည်းခိုဆောင် ငှားရမ်းခများကို သတ်မှတ်နှုန်းထား ထက်   ပိုမိုကောက်ခံပါက  ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မင်းဘူးခရိုင်   အုပ်ချုပ်ရေးမှူး   ဦးထွန်းထွန်းဝင်းက ပြောသည်။

 


မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို     တပို့တွဲလဆန်း  ၅ ရက် (ဇန်နဝါရီ ၂၅ ရက်)မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း၊   ဘုရားဖူးများ   သွားလာရေး အဆင်ပြေစေရန်အတွက်    ယခင်    အထူးတံတား (ဘေလီသစ်သားတံတား)နေရာ၌ ဘေလီသံပေါင် တံတားသစ်ကို  ဆောက်လုပ်ပေးထားပြီး  မင်းဘူး-ရွှေစက်တော်နှင့်    တောင်ပေါ် - တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း၊   ဘုရားဖူးမိဘပြည်သူများအနေ ဖြင့်   စိတ်အေးချမ်းသာစွာ  လာရောက်ဖူးမြော်နိုင် ပြီး   မန်းရွှေစက်တော်ဘုရားကြီးနှင့်    ဆင်စခန်းရှိ တည်းခိုဆောင်များ၌   အပန်းဖြေ   ညအိပ်တည်းခို နားနေနိုင်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။          

မောင်မောင်(မင်းဘူး)