နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs)အတွက် ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ

နေရပ်စွန့်ခွာရသူများ(IDPs)အတွက် ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

========================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၁၂

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ရခိုင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)အတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ် ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ရုံးအမှတ်(၄၁) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အထိရောက်ဆုံးဖြစ်မည်

 

အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်တွင် ရှိနေ သည့် အိမ်ထောင်စု ၁၅၀၀၀ ကျော်အတွက် ဆောင်းတွင်းကာလတွင် အမှန်တကယ် လိုအပ်သည့်နေရာများ၏ စာရင်းကိုတောင်းခံ၍ စောင်များကို လှူဒါန်းရန်စီစဉ်ရခြင်း ဖြစ်ပါ ကြောင်း၊ ယင်းသို့ လှူဒါန်းသည့်အခါတွင် မည်သို့လှူဒါန်းပါက အထိရောက်ဆုံးဖြစ်မည် နှင့် အောက်ခြေအထိ သက်ဆိုင်ရာပုဂ္ဂိုလ်များ လက်ထဲအထိရောက်အောင် အကောင်းဆုံး မည်သို့ လှူဒါန်း၍ရမည်ကို စဉ်းစားသည့်အခါ တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လှူဒါန်းခြင်းသည် အထိရောက်ဆုံးဖြစ်မည်ဟု ယူဆ၍ ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ပါကြောင်း။

 

တစ်နည်းအားဖြင့်ဆိုရပါက ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြသူများအားလုံးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တတ်နိုင်သည့် နေရာမှ ပံ့ပိုးကူညီချင်သည့်ဆန္ဒကို ထုတ်ဖော် ခြင်းဖြစ်ပါကြောင်း၊ မိမိတို့သိရှိရသည်မှာ ယခု အချိန်တွင် ဆောင်းရာသီ၏ အအေးဒဏ်ကို ကာကွယ်ရန် အနွေးထည်များနှင့်စောင်များ လိုအပ်သည်ဟု ပြောသည့်အတွက် လှူဒါန်းရ ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခွင့်ရ သည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့၏ လှူဒါန်းငွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေး မည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ် များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ က ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့ တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသ များမှ ရခိုင် Community နှင့် မွတ်ဆလင် Community IDP စခန်းများတွင်ရှိသည့် အသိုက်အဝန်းနှစ်ခုစလုံးမှ မိသားစုပေါင်း ၁၅၈၁၂ စုအတွက် ထောက်ပံ့လှူဒါန်းငွေကျပ် စုစုပေါင်း ၆၀၀၈၅၆၀၀ ကို ဆောင်းရာသီ ဖြစ်သည့်အတွက် လိုအပ်နေသည့် ခြုံစောင် များဝယ်ယူပြီး ထောက်ပံ့ပေးသွားမည့် အစီ အစဉ်တွင် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဆက်လက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး (Social Cohesion) လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရေရှည်တည်တံ့သော တည်ငြိမ်အေးချမ်းရေးကို ရရှိစေရန်နှင့် မတူကွဲပြားသော အသိုက်အဝန်းများကြား ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်နိုင်စေ ရန်ရည်ရွယ်၍ မောင်တောမြို့နယ်ကို လူ့အဖွဲ့ အစည်းများအကြား ပေါင်းစည်းရေးစံပြမြို့နယ် စီမံကိန်းအဖြစ် ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသားသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony-CDNH)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လုပ်ငန်းငါးရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အကောင်းဆုံးကြိုးပမ်းဆောင်ရွက်

 

ယခုကဲ့သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် ရခိုင်ပြည်နယ်တွင် ရှိသည့် IDP စခန်းများနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်ရှိသည့် IDP စခန်းများအတွက် လိုအပ် နေသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အနေ ဖြင့် တတ်နိုင်သမျှ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းပေးမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များကိုလည်း အထူးပင် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်အတွင်း ရှိ နေရပ်စွန့်ခွာရသူများ(IDPs) အတွက် ထောက်ပံ့လှူဒါန်းငွေကျပ် ၆၀၀၈၅၆၀၀ ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လက်ခံရယူသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးမင်းလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်