
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား လက်ခံတွေ့ဆုံ
===========================================================
နေပြည်တော် ဇန်နဝါရီ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ယနေ့ ညနေ ၄ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် “အေးအတူပူအမျှ အသိုက်အဝန်း” ထူထောင်နိုင်ရေးအတွက် လုပ်ငန်းစီမံ ချက်ကို နိုင်ငံတော်အဆင့်ခရီးစဉ်များ စီစဉ်သည့်အခါ လက်မှတ်ရေးထိုးသွားနိုင်သည့် အခြေအနေ၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦစီမံကိန်းများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်နိုင် ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာပြည်သူများ အတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားရေး၊ မြန်မာ-တရုတ် ယဉ်ကျေးမှုခရီးသွားလာရေးနှစ် အခမ်းအနားများကို ၂၀၂၁ ခုနှစ်တွင် ဆက်လက်ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပိုမို နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က လာမည့်အစိုးရသက်တမ်း တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် များကို ဆက်လက်အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်၍ အပြုသဘောကူညီပံ့ပိုး ပေးသွားရေးကိစ္စရပ်တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကလည်း တရုတ်နိုင်ငံ အကြီးအကဲများက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သတင်းစကား ပါးလိုက်ပါကြောင်း ပြောကြားသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက် ကြသည်။
ယခုခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကျေးလက်လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်း အဝေး မှတ်တမ်းလွှာ၊ ကချင်ပြည်နယ် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေး စာလွှာနှင့် တရုတ်အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများ ဆိုင်ရာ စာလွှာများကို လက်မှတ် ရေးထိုး လဲလှယ်ခဲ့ကြသည်။
သတင်းစဉ်