
မြိတ် ဇန်နဝါရီ ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များအနေဖြင့် မြိတ်ခရိုင်တွင် ၃၁၁၇ ဦး၊ ဘုတ်ပြင်း ခရိုင်တွင် ၂၀၃ ဦးနှင့် ကော့သောင်းခရိုင်တွင် ၂၆၀ ရှိပြီး အဆိုပါခရိုင်များတွင် စာစစ်ဌာန စုစုပေါင်း ၁၃ ခု ဖြင့် စာမေးပွဲကျင်းပမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၉ ရက်က မြိတ် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ယခင်နှစ်ကထက် ပိုမို အောင်ချက်မြင့်မားရေး တိုးတက်မြင့်မားလာစေရန်၊ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များကို အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်ဖြေဆိုနိုင်ကြစေရန်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးသည် ကျောင်းသား၊ ဆရာ၊ မိဘ သုံးဦး သုံးဖလှယ်ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်၍ ဆရာ၊ မိဘများမှ တွန်းအား ပေးပြီး ကျောင်းသား ကျောင်းသူများ တစ်ဦးချင်း ကြိုးစားကြစေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အောင်ချက်မြင့်မားရေး အတွက် ပို့ချမည့်ဘာသာရပ်များနှင့် ပတ်သက်၍ရှင်းလင်း တင်ပြသည်။ ထို့နောက် သင်ကြားပို့ချပေးမည့် တက္ကသိုလ်မှ ဆရာ ဆရာမများက ဘာသာရပ်အလိုက် ဆွေးနွေးပြီး မြိတ်ခရိုင် ပညာရေးမှူး ဒေါ်လှလှအေးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီး က ဖြည့်စွက်ပြောကြားသည်။
ခိုင်ထူး (မြိတ်)