
ပေါက်ခေါင်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ကြံစိုက်ပျိုးသူ များအနေဖြင့် ကြံများကို သကြားထုတ်လုပ်သည့် ကြံစက်များသို့ တင်ပို့ရောင်းချရာတွင် တွက်ခြေ မကိုက်သဖြင့် ဈေးကွက်အနေအထားအရ ကြံသကာ ထုတ်လုပ်သည့် ကြံသကာဖိုများသို့ ကြံရောင်းချမှု တွင်ကျယ်လာကြောင်း ကြံစိုက်ပျိုးသူများထံမှ သိရ သည်။
“ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း ကြံစိုက်ပျိုး ကြတာချင်းတူတယ်။ အရည်အသွေးလည်း သိပ်မကွာ ပေမယ့် ပဲခူးအရှေ့က ကြံဈေးပိုရတယ်။ အနောက် ခြမ်းဘက်စက်ရုံတွေက ဈေးသိပ်မရဘူး။ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ မြေအမျိုးအစား သိပ်မကွာဘူး။ ဈေးကျတော့ အနောက်ခြမ်းက သိပ်မပေးဘူး။ အဲဒီလို စျေးတိုးမပေးတဲ့အတွက် အခု နောက်ပိုင်းမှာ ကျွန်တော်တို့ဒေသဘက် ကြံစိုက်သူ တွေက သကြားစက်ရုံတွေကို ကြံမသွင်းတော့ဘဲ ကြံသကာလုပ်ငန်းတွေကို ပို့ကြတာ များလာတယ်။ မနှစ်ကအထိတော့ ကြံစက်ရုံ(သကြားစက်ရုံ)တွေကို ပို့သေးတယ်။ ဒီနှစ်မှာ အရှေ့ခြမ်းစက်ရုံတွေက ကြံပေါက်ဈေးထွက်လာပြီး တစ်တန်ကို ကျပ် ၈၅၀၀၀ ပေးတယ်။ ကျွန်တော်တို့ဘက်ရတဲ့ဈေးထက် တစ်သောင်း ပိုရနေတယ်။ အဲဒီလိုဆို မကိုက်တော့ဘူး ဆိုပြီး ကြံသကာချက်တဲ့ဆီကို ပို့ကြတာပါ”ဟု ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်မှ ကြံသီးနှံ စီးပွားဖြစ်စိုက်ပျိုးနေသူ ဦးဝင်းဌေးက ပြောသည်။
ကြံဈေးနှုန်းများကို ကြံစက်ရုံနှင့် သကြားစက် များက နှစ်စဉ် ဈေးသတ်မှတ်ဝယ်ယူကြခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ပေါက်ဈေးများအရ သန့်ရှင်းလတ်ဆတ် သော ကြံတစ်တန်လျှင် ကျပ် ၇၅၀၀၀ ကျပ်မှ ၉၀၀၀၀ အတွင်း ဈေးနှုန်းရရှိခဲ့ကြောင်း သိရသည်။
“ကြံစက်ရုံကိုရောင်းရင် ကြံတစ်တန်ကို ကျပ် ၅၉၀၀၀ လောက်ပဲ အသားတင်ကျန်တယ်။ ကြံသကာ ချက်ရင် တစ်တန်ကို ကျပ် ၈၀၀၀၀ လောက် ကျန် တယ်လေ။ သကြားစက်တွေ မပေါ်ခင်ကတည်းက တစ်နယ်လုံး ကြံစိုက်ကြတယ်။ ကြံသကာဖိုတွေက လည်း တစ်ရွာကို ဆယ်ဖိုကနေ ၂၀ ကျော်အထိ ရှိခဲ့တာပါ။ သကြားစက်တွေတည်တော့ ကြံသကာဖို တွေကို ဖမ်းလို့ ကြံသကာဖိုတွေ ပျောက်သွားခဲ့သေး တာ။ အခုကျတော့လည်း ကြိုက်တာစိုက်၊ ကြိုက်တဲ့ စက်ရုံရောင်း၊ စက်ရုံရောင်းလို့မကိုက်ရင် ကြံကြိတ်ဖို တည်၊ ကြံသကာချက်ကြတယ်။ အခု ကျွန်တော်တို့ အနီးတစ်ဝိုက်မှာတင် ကြံသကာဖို ရှစ်ဖိုရှိတယ်။ တခြားရွာတွေမှာလည်း ရှိကြတယ်။ အတိအကျတော့ မသိပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
ကြံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်နေသည့် ကြံသီးနှံများကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂရိတ်ဝေါ ဝေမာစက်ရုံက အများဆုံးဝယ်ယူ၍ သကြားချက် လုပ်နေပြီး တစ်နှစ်လျှင် ကြံတန်ချိန် ၁၂ သိန်းဝန်းကျင် ဝယ်ယူနေကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ် နောင်ချိုရှိ ငွေရည်ပုလဲစက်ရုံ၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းရှိ အင်ငါးခွ စက်ရုံ၊ ပြည်မြို့ရှိ နဝဒေး သကြားစက်၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ ဒုရင်္ဂဗိုလ်စက်တို့အပါအဝင် ကျန်တိုင်းဒေသကြီးများရှိ ကြံစက်ရုံနှင့် သကြားစက်များမှလည်း ဝယ်ယူနေ ကြောင်း သိရသည်။ နန်းထက်ထက်ချစ်