
ဆက်ကမ်းကာကွယ်ကြစို့
* ဤရေဤမြေ၊ ဤအခြေဟု
တည်နေပိုင်နက်၊ အမွေဆက်ကို
လက်ဝယ်ပိုင်ကြ၊ လွတ်ရေးရဖို့
များစွသက်သွေး၊ ရင်းခဲ့ပေးမှ
ကိုယ့်ရေးကိုယ့်ရာ ၊ အချုပ်ခြာနှင့်
မြန်မာဟူဘိ ၊ ဂုဏ်သိမ်ရှိသည်
သိကြအများ လွန်ထင်ရှား...။
* ဤရေဤမြေ ၊ ဤအခြေဟု
တည်နေပိုင်းခြား ၊ မွေခံများကို
တစ်ပါးသူ့အောက် ၊ ပြန်မရောက်ဖို့
စောင့်ရှောက်ခဲ့ကြ ၊ ပြန်တွေးဆလည်း
များစွသက်တွေ ၊ ရင်းခဲ့လေမှ
တည်နေချုပ်ခြာ ၊ ဓွန့်တည်လာ၍
မြန်မာဟူဘိ ၊ ဂုဏ်သိမ်ရှိသည်
သိကြအများ လွန်ထင်ရှား...။
* ဤရေဤမြေ ၊ ဤအခြေဟု
တည်နေနောင်လည်း ၊ ဓွန့်ရှည်မြဲဖို့
လှိုက်လှဲရင်လွှာ ၊ မျိုးမြန်မာတို့
ထင်စွာသမိုင်း ၊ တွေးဆင့်နှိုင်း၍
နက်ရှိုင်းစွာမြင် ၊ သတိယှဉ်လော့
ဆင်ကြံကြံကြ ၊ ပယောဂတည့်
နေ့ညမဟူ ၊ ညစ်ဉာဏ်ထူတို့
အတူပေါင်းစု ၊ ယုတ်မာမှုလျှင်
အနုတစ်ခန်း ၊ အကြမ်းတစ်လီ
အကြည်တစ်နည်း
ဝေးနီးဆုံလျက် ၊ ဉာဏ်နီနက်ဖြင့်
ထိုးနှက်တစ်ဆုံး ၊ ချုပ်ခြာဆုံးလိမ့်။
* အို . . .
အချိန်ယခု ၊ စိန်ရတုတည့်
စုစည်းထင်လာ ၊ မင်္ဂလာတို့
ရင်လွှာသို့တိုင် ၊ ပဲ့တင်လှိုင်အောင်
ခိုင်မာမြဲမြံ ၊ သန္နိဋ္ဌာန်ကား
နိုင်ငံအရှည် ၊ အဓွန့်တည်ဖို့
နောင်ညီသွေးသား ၊ မြန်မာများတို့
မခြားစိတ်ဝမ်း ၊ လွတ်လပ်ပန်းကို
ဆက်ကမ်း ကာကွယ်ကြမည်တည်း. . . ။ ။
မောင်စိမ်းနောင်(လယ်ဝေး)