ဂျပန်အစိုးရ၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးရည်မှန်းချက်နှင့် ကြိုးပမ်းဆောင်ရွက်မှုများ

Type

 

တက္ကသိုလ်မောင်ရူပ

(ယမန်နေ့မှအဆက်) 
အဆင့်-၇ (ရေတိုနှင့်  ရေရှည်ကာလ၂-ရပ်စလုံးအတွက် မျှော်မှန်းဆောင်ရွက် သွားရန်)
ကမ္ဘာကြီးပူနွေးလာမှုရဲ့   အကျိုး သက်ရောက်မှုတွေဟာ    မိုးခေါင်ရေရှား ခြင်း၊  မုန်တိုင်းတိုက်ခတ်ခြင်း စတဲ့ပုံစံ အမျိုးမျိုးနဲ့    ကမ္ဘာမြေကြီးကို     အဖျက် စွမ်းအားအဖြစ်  ရိုက်ခတ်လျက်ရှိနေပါ တယ်။ ဒါကြောင့် နိုင်ငံတကာ  အသိုက် အဝန်းရဲ့ ကာဗွန်မျှခြေရရှိရေး မျှော်မှန်း ချက် (လူသားတွေ ရဲ့  လုပ်ရပ်တွေကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့       ထွက်ရှိလာမှုနဲ့ သစ်ပင်သစ်တော ပြန်လည်စိုက်ပျိုးခြင်း ဖြင့်   လေထုအတွင်းရှိ   ကာဗွန်များကို ဖယ်ရှားခြင်း) ကို  ၂၀၃၀  ပြည့်နှစ်မှာ ပြည့်မီဖို့ အရေးကြီးပါတယ်။ 
ဂျပန်နိုင်ငံအနေနဲ့   ကာဗွန်ထုတ် လွှတ်မှုလျှော့ချရေး  လုပ်ငန်းစဉ်တွေကို အစိမ်းရောင်       ပြုပြင်ပြောင်းလဲမှုကနေ တစ်ဆင့်    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေနဲ့    ချိတ်ဆက်ပြီး    အရှိန် မြှင့်တင်သွားမှာ  ဖြစ်ပါတယ်။  ဒါ့အပြင် ကျန်ကမ္ဘာ့နိုင်ငံတွေရဲ့           ကြိုးပမ်း အားထုတ်မှုတွေမှာလည်း   ဂျပန်နိုင်ငံဟာ သူ့ရဲ့ကျွမ်းကျင်မှု၊ နည်းပညာ၊ အတွေ့ အကြုံတွေနဲ့ ပါဝင်အထောက်အကူပြု သွားမှာ   ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ  ဂျပန် အစိုးရဟာ လာမယ့်  ငါးနှစ်တာကာလ အတွင်း အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ ထောက်ပံ့သွားဖို့   ကတိကဝတ်ပြုထား တာကိုလည်း   အစဉ်တစိုက်  အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ 
လက်ရှိအချိန်မှာ  လောင်စာစွမ်းအင် ဈေးနှုန်းတွေ မြင့်မားလျက်ရှိတာကြောင့် နိုင်ငံတိုင်းအနေနဲ့   မိမိနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို     ပုံမှန်ထောက်ပံ့ပေးနိုင် မယ့် အရင်းအမြစ်တွေကို အရေးတကြီး ရှာဖွေလာနေကြရပါတယ်။ ရေတိုကာလ မှာတော့ စွမ်းအင်လိုအပ်ချက် ပြည့်မီရေး ဟာ ဂျပန်နိုင်ငံရဲ့ ဦးစားပေးဆောင်ရွက်ရ မယ့်ကဏ္ဍ ဖြစ်နေပေမယ့် နိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်နဲ့ ၂၀၅၀ ပြည့်နှစ်တွေမှာ ပြည့်မီရမယ့် ဦးတည်ရည်မှန်းချက်တွေ မှေးမှိန်မသွားစေဖို့ကလည်း အရေးကြီးပါ တယ်။  ဒါကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ စွမ်းအင်အခက်အခဲ   ပပျောက်သွားစေဖို့ လိုအပ်တာတွေကို   ဆောင်ရွက်သွားရမှာ ဖြစ်သလို အစိမ်းရောင် ပြုပြင်ပြောင်းလဲမှု ကိုလည်း     အောင်မြင်မှုရရှိလာစေပြီး ကျန်ကမ္ဘာ့နိုင်ငံများကို         ထပ်မံမျှဝေ ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၂၃  ခုနှစ်မှာ  ဂျီ-၇ ထိပ်သီးအစည်းအဝေးတွေကို   ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သွားဖို့ရှိပါ တယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့   စွမ်းအင်အကျပ်အတည်း အခက်အခဲတွေကို      ကျော်လွှားနိုင်ဖို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး   (COP 27)   မှာ ဆွေးနွေး ညှိနှိုင်းရရှိချက်တွေအပေါ်    အခြေခံပြီး ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ  ဦးဆောင် ကဏ္ဍကနေ ဆက်လက်ညှိနှိုင်း  ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သုံးသပ်ချက်
ဒီဆောင်းပါးရဲ့အစမှာ ဂျပန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်          ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့  ရာသီဥတုပြောင်းလဲ မှု တိုက်ဖျက်ရေးမှာ ရှေ့တန်းက ဦးဆောင် ပါဝင်နေတဲ့  နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတည်ရှိပြီး    တောင်နဲ့ မြောက်   ကီလိုမီတာ   ၃၀၀၀ ကျော် ရှည်လျားတဲ့ ကမ်းရိုးတမ်းတစ်လျှောက် မြောက်ဘက်အစွန်ဆုံး        ဟော့ကိုင်းဒိုး ဒေသ     ပင်လယ်ပြင်မှာ    ရေခဲမျောတွေ တွေ့နိုင်သလို     တောင်ဘက်အစွန်ဆုံး အိုကီနာဝါဒေသမှာလည်း ဒီရေတောတွေ ရှိနေတဲ့နိုင်ငံ  ဖြစ်ပါတယ်။ 
တစ်နည်းအားဖြင့်     ဇီဝမျိုးစုံမျိုးကွဲ တွေ    များပြားစုံလင်စွာ   ရှိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။           ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း  စဉ်လာတွေ အရလည်း           စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို    မျှမျှ တတ ရှုမြင်ဆောင်ရွက်တတ်ကြသူတွေ ဖြစ်ပါတယ်။   ဂျပန်နိုင်ငံရဲ့    နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊    အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး           စနစ်တွေ ကောင်းမွန်မှုကြောင့် စွမ်းအင်ကို စနစ် တကျ  သုံးစွဲနိုင်မှုနဲ့ လိုအပ်လာတဲ့အချိန် တွေမှာ   စွမ်းအင်ကို  ချွေတာသုံးစွဲ ကြဖို့ တိုက်တွန်းတိုင်း ဂျပန်ပြည်သူလူထုက  လိုလိုလားလား     လိုက်ပါဆောင်ရွက်ကြ ခြင်းတို့ဟာ   ကျန်နိုင်ငံတွေက   အတုယူ သင့်တဲ့ ဂျပန်နိုင်ငံရဲ့ စံနမူနာကောင်းတွေ ဖြစ်တယ်လို့တောင်     ပြောစမှတ်ပြုခံရ တဲ့နိုင်ငံ ဖြစ်ပါတယ်။ 
ဂျပန်နိုင်ငံဟာ    ၂၀၅၀    ပြည့်နှစ် အရောက်မှာ    နိုင်ငံတွင်း    ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု  သုညအထိ    ရရှိ လာစေဖို့ ရည်မှန်းဆောင်ရွက်နေသလို ၂၀၃၀ ပြည့်နှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ၂၀၁၃ ခုနှစ်က ထုတ်လုပ် မှု ပမာဏထက် ၄၆ ရာခိုင်နှုန်း လျှော့ချ သွားဖို့   အစီအမံတွေ  ချမှတ်ဆောင်ရွက် လျက်ရှိနေပါတယ်။  ဒီရည်မှန်းချက်တွေ အောင်မြင်မှု         ရရှိလာစေဖို့အတွက် ကာဗွန်ထုတ်လွှတ်မှု       လျှော့ချရေး လုပ်ငန်းစဉ်တွေ၊     အစိမ်းရောင်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ချမှတ် အကောင်အထည်ဖော်လျက်ရှိပါတယ်။ 
၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလ တွေ တုန်းကတော့ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးလုပ်ငန်းစဉ်ကို နိုင်ငံရဲ့ ဂျီဒီပီ နဲ့  နှိုင်းယှဉ်တွက်ချက်ရာမှာ   ဂျပန်နိုင်ငံ ဟာ   ထိပ်တန်းနိုင်ငံ    တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါတယ်။   သို့သော်နောက်ပိုင်း ကာလတွေမှာ       ပြည်တွင်းစီးပွားရေး ကျဆင်းမှုနဲ့    ၂၀၁၁   ခုနှစ်မှာ အင်အား ကြီးမားတဲ့ မြေငလျင်ကြီး လှုပ်ခတ်မှု ကြောင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းစဉ်တွေမှာ တိုးတက်မှု နှေးကွေး ခဲ့ပါတယ်။ 
ဂျပန်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ   ရည်မှန်းချက် တွေ အောင်မြင်မှု ရရှိရေးရယ်၊ တစ်ဘက် မှာလည်း    နိုင်ငံရဲ့စီးပွားရေး    ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်မပျက်  ရရှိရေး ဟာ ဂျပန်အစိုးရအတွက် စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။    ဂျပန်နိုင်ငံဟာ    သဘာဝ သယံဇာတ အရင်းအမြစ် ရှားပါးတဲ့နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ ဂျပန်နိုင်ငံအတွင်း လိုအပ်တဲ့         စွမ်းအင်သုံးစွဲမှုအတွက် လိုအပ်တဲ့အရင်းအမြစ်ရဲ့ ၉၆ ရာခိုင်နှုန်း ကို ပြည်ပနိုင်ငံတွေကနေ တင်သွင်းနေရ တာ    ဖြစ်ပါတယ်။   ဂျပန်နိုင်ငံ  စွမ်းအင် ထုတ်လုပ်မှု  စုစုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်း ဟာ ရေနံ ၇ ဒသမ ၄ ရာခိုင်နှုန်း၊ သဘာဝ ဓာတ်ငွေ့   ၃၄  ဒသမ ၄  ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၃၁ ရာခိုင်နှုန်း စတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း       လောင်စာတွေ ကနေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ 
၂၀၁၁ ခုနှစ်မတိုင်မီအထိ ဂျပန်နိုင်ငံ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရဲ့        ၃၀ ရာခိုင်နှုန်းကို             ဖြည့်ဆည်းပေးခဲ့တဲ့ အဏုမြူစွမ်းအင်ဟာလည်း  ၂၀၁၁  ခုနှစ် ဖူကူရှီးမား   မြေငလျင်ကြီးနဲ့  ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် အနုမြူဓာတ်ပေါင်း ဖို အရည်ပျော်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးမှာရှိတဲ့       အဏုမြူဓာတ် ပေါင်းဖို  ၃၃ လုံးအနက် ၂၇ လုံးဟာ လုံခြုံ စိတ်ချရမှု အနေအထားကြောင့် ပိတ်ခဲ့ရ ပါတယ်။ 
၂၀၁၃ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ အဏုမြူ ဓာတ်ပေါင်းဖိုများ  ထိန်းချုပ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့  (Nuclear Regulatory Authority) က အဏုမြူဓာတ်ပေါင်းဖိုများ လုံခြုံရေးဆိုင်ရာ  တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချမှတ်ခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ  ပိတ်ထားရတဲ့  အဏုမြူ ဓာတ်ပေါင်းဖို ၁၀  လုံးကိုသာ  ပြန်လည် ဖွင့်လှစ်လည်ပတ်နိုင်ပြီး  အဏုမြူဓာတ် ပေါင်းဖို ၁၆  လုံးကတော့ သတ်မှတ်ချက် တွေနဲ့   ကိုက်ညီအောင်   ဆောင်ရွက်နေ ရဆဲအနေအထားမှာ ရှိပါတယ်။ 
လက်ရှိအချိန်မှာ   အဏုမြူစွမ်းအင် ကနေ ဂျပန်နိုင်ငံ လျှပ်စစ်စွမ်းအင်လိုအပ် ချက်ရဲ့        ခြောက်ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်တဲ့   အနေအထားမှာ ရှိပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ က  ဂျပန်နိုင်ငံ  ရင်ဆိုင်နေရတဲ့ စွမ်းအင်အကျပ်အတည်း ကို   ဖြေရှင်းနိုင်ဖို့ရယ်၊  ဖန်လုံအိမ်ဓာတ် ငွေ့လျှော့ချဖို့             ကတိကဝတ်ကို ဖြည့်ဆည်းနိုင်ဖို့ရယ်အတွက် အဏုမြူ ဓာတ်ပေါင်းဖိုတွေကို ၂၀၂၂ ခုနှစ်အတွင်း မှာ ကိုးလုံး၊ ၂၀၂၃ ခုနှစ်အတွင်းမှာ ခုနစ် လုံး      ပြန်လည်ဖွင့်လှစ်   လည်ပတ်သွား နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ကာဗွန် ထုတ်လွှတ်မှု          လျှော့ချရေးဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မီရေးအတွက် အရေးပါတဲ့ အဏုမြူစွမ်းအင်ကို ၂၀၃၀ ပြည့်နှစ်အရောက်မှာ     နိုင်ငံလျှပ်စစ် စွမ်းအင်လိုအပ်ချက်ရဲ့  ၂၀  ကနေ  ၂၂ ရာခိုင်နှုန်းအထိ    ပြန်လည်ဖြည့်ဆည်းပေးသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။ 
နောက်ထပ်ကြိုးပမ်းမှု တစ်ခုကတော့ လျှပ်စစ်ကား     ပြောင်းလဲထုတ်လုပ်ရေး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ   ကာဗွန်ထုတ် လွှတ်မှု  စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းဟာ မော်တော်ယာဉ်တွေကနေ  ထုတ်လွှတ်မှု ဖြစ်တဲ့အတွက် စက်မှုကဏ္ဍနဲ့ ကုန်ထုတ် လုပ်မှုကဏ္ဍပြီးရင်  တတိယအကြီးဆုံး ကာဗွန်ထုတ်လွှတ်မှုကဏ္ဍ ဖြစ်ပါတယ်။ ဒါကြောင့်   ဂျပန်အစိုးရဟာ   ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့    ထုတ်လွှတ်တဲ့ ဓာတ်ဆီ၊   ဒီဇယ်ဆီသုံး  မော်တော်ကား တွေ   ထုတ်လုပ်မှုကို   လာမယ့်  ၁၅ နှစ် အတွင်းမှာ    အပြီးရပ်ဆိုင်းသွားဖို့လည်း စီစဉ်လျက်ရှိပါတယ်။ 
ဂျပန်နိုင်ငံရဲ့        မော်တော်ကား ထုတ်လုပ်တဲ့    ကုမ္ပဏီကြီးတွေအနေနဲ့ ဂျပန်အစိုးရရဲ့   အစိမ်းရောင်နည်းပညာ အသွင်ကူးပြောင်းမှု    လုပ်ငန်းစဉ်မှာ လိုက်ပါ         ဆောင်ရွက်နိုင်စေရေးကို အထောက်အကူပေးနိုင်ဖို့ အခွန်အကောက် ဆိုင်ရာ လျှော့ချပေးမှုတွေအပြင် ယန်း နှစ်ထရီလီယံ   ၁၉   ဒသမ  ၄  ဘီလီယံ ဒေါ်လာ အစိမ်းရောင်ရန်ပုံငွေတစ်ရပ်ကို လည်း ဖန်တီးပေးခဲ့ပါတယ်။ ဒီအစီအစဉ် အရ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဆီသုံး မော်တော်ကားတွေနေရာမှာ လျှပ်စစ်ကားတွေနဲ့   အစားထိုးသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်တဲ့    ကုမ္ပဏီကြီးတွေအနေနဲ့ လည်း မိမိတို့ကုမ္ပဏီအလိုက် ကာဗွန် ထုတ်   လွှတ်မှုလျှော့ချရေးကို   အသီးသီး ရည်မှန်းချက်    ချမှတ်ဆောင်ရွက်လာ ခဲ့ကြပါတယ်။ ဂျပန်အစိုးရကလည်း ဒီလို ကုမ္ပဏီကြီးတွေအတွက်    စီးပွားရေး ဆိုင်ရာ  ဆွဲဆောင်မှုနဲ့ အထောက်အကူ ပြုမှုတွေကို   ဆောင်ရွက်ပေးလျက်ရှိနေ ပါတယ်။   
အကျဉ်းချုပ်ရရင်    ဂျပန်နိုင်ငံဟာ လူဦးရေ   ၁၂၄   သန်းကျော်နဲ့  ဂျီဒီပီ ၅ ဒသမ ၀၄ ထရီလီယံ ဒေါ်လာရှိတဲ့ ကမ္ဘာ့ တတိယအကြီးဆုံး   စီးပွားရေးအင်အား ကြီးနိုင်ငံ   ဖြစ်ပါတယ်။   ဂျပန်နိုင်ငံဟာ တရုတ်၊   အမေရိကန်၊   ဥရောပသမဂ္ဂ၊ အိန္ဒိယနဲ့   ရုရှားနိုင်ငံတို့ပြီးရင်  ဆဋ္ဌမ မြောက်  ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်တဲ့နိုင်ငံဖြစ်ပါတယ်။   ဂျာမနီ နဲ့ အမေရိကန်လို  စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ တွေနဲ့ နှိုင်းယှဉ်ရင်တောင် ဂျပန်နိုင်ငံရဲ့ စွမ်းအင်ကို ထိရောက်စွာသုံးစွဲမှုက ပိုမို မြင့်မားပါတယ်။  
ဂျပန်ပြည်သူတွေရဲ့         သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထားမှု၊ နိုင်ငံအနှံ့ ဖြန့်ကျက် တည်ဆောက်ထားတဲ့ထိရောက် တဲ့ရထားပို့ဆောင်ရေး ကွန်ရက်တည်ရှိ မှုတွေဟာ  ဂျပန်နိုင်ငံရဲ့  အားသာချက် တွေဖြစ်ပါတယ်။ သို့သော်လည်းတစ်ချိန် တည်းမှာ ဂျပန်နိုင်ငံရဲ့  စွမ်းအင်သုံးစွဲမှု အခြေအနေပြဇယား   (Power    Gen-eration Mix)     ကို      ပြန်ကြည့်ရင် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာ တွေအပေါ်   အများအပြား   မှီခိုနေရ ဆဲဖြစ်ပါတယ်။   အဏုမြူစွမ်းအင်ကို  တိုးမြှင့်သုံးစွဲဖို့ ရည်မှန်းချက်ဟာလည်း ၂၀၁၁   ခုနှစ်    ဖူကူရှီးမား    အဏုမြူ ဓာတ်ပေါင်းဖို ဖြစ်စဉ်ကြောင့် နှောင့်နှေး တုံ့ဆိုင်းခဲ့ရပါတယ်။
ဂျပန်နိုင်ငံအနေနဲ့   ၂၀၅၀   ပြည့်နှစ် အရောက်မှာ နိုင်ငံတွင်း carbon neutr-ality ရရှိလာစေရေး  ရည်မှန်းချက်ဟာ စိန်ခေါ်မှုတွေ အများအပြားကို ရင်ဆိုင်ရ မယ့် မြင့်မားတဲ့  မျှော်မှန်းချက် (Ambi-tious goal)  ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ရရှိဖို့   ကုန်သွယ်မှုပုံစံ    အပြောင်းအလဲ တွေ၊   စက်မှုလုပ်ငန်းဆိုင်ရာ မျှော်မှန်း ချက်အသစ်တွေ ချမှတ်ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။    ဒီလုပ်ငန်းစဉ်တွေ အတွက် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား လိုအပ်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ အပိုင်းကရော၊ ပုဂ္ဂလိကအပိုင်းက ပါ ဟန်ချက်ညီညီ ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။     ပုဂ္ဂလိက    စီးပွားရေး ကုမ္ပဏီကြီးတွေအနေနဲ့      ဈေးကွက် အတွင်းမှာ ပြိုင်ဆိုင်မှုတွေ၊ နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်း စည်းကမ်းတွေ၊ အစုရှယ်ယာဝင်တွေရဲ့ အကျိုးစီးပွားတွေ ကို      ထည့်သွင်းတွက်ချက်လုပ်ကိုင် ဆောင်ရွက်ကြတဲ့အခါ   ကာဗွန်လျှော့ချ ရေးဆိုင်ရာ         ရည်မှန်းချက်တွေကို အတိအကျလိုက်နာဖို့        အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေ  ဂျပန်နိုင်ငံအနေနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မှု စွမ်းရည်ရှိတာ ရယ်၊ စက်မှုကဏ္ဍ အပြောင်းအလဲအတွက် အဆင့်အတန်းမြင့်မားတဲ့   နည်းပညာ ပိုင်ဆိုင်မှုရှိတာရယ်၊ သဘာဝပတ်ဝန်း ကျင်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရှိတာ ရယ် စတဲ့အချက်တွေကြောင့် ဂျပန်နိုင်ငံ ရဲ့ ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှုကင်းစင် တဲ့ နိုင်ငံတစ်ခုဖြစ်လာစေရေး ရည်မှန်း ချက်တွေ     အောင်မြင်မှုရရှိမယ့်အလား အလာတွေ   အများကြီးရှိနေကြောင်း တင်ပြလိုက်ရပါတယ်။  မိတ်ဆွေဂျပန် နိုင်ငံရဲ့ ရည်မှန်းချက်တွေ အောင်မြင်မှု ရရှိပါစေလို့လည်း   ဆုမွန်ခြွေသလိုက် ပါတယ်။     ။

ရည်ညွှန်း
-    How to save the planet by Hiroshi Ono (Unlock the Real Japan, A Special Magazine by Nikkei Asia)
-    Japan’s initiatives to cope with global environmental problems (Ministry of For-eign Affairs of Japan)
-    Annual Report on Environ-ment in Japan 2022 (Ministry of Environment of Japan)
-    How Japan could reach car-bon neutrality in 2050 (McKi-nsey Sustainability, August 2021)
-    Japan Newspapers