
ဒေါက်တာအိလှိုင်းသက်ဇာ
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အခွန်အကောက်ရငွေများသည် အဓိကကျသည့်ဘဏ္ဍာငွေများ ဖြစ်ပါသည်။ အဆိုပါ အခွန်အကောက်ရငွေများ ဥပဒေနှင့်အညီ အပြည့်အဝရရှိရန် အခွန်ကောက်ခံမှုစနစ်သည် အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ညီညွတ်မျှတစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုရန် လိုအပ်သကဲ့သို့ အခွန်အာဏာပိုင်များ၏ အခွန်စည်းကြပ်ကောက်ခံမှုအပေါ် အပြည့်အဝကျေနပ်မှု မရှိသည့် အခွန်ထမ်းများအတွက် ပွင့်လင်းမြင်သာသည့် အခွန်အယူခံစနစ်တစ်ခု တည်ရှိရန်လည်း လိုအပ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က ခေတ်စနစ်နှင့်အညီ အခွန်အယူခံခုံရုံးများ ဖွဲ့စည်းပြီး တရားမျှတမှုရှိရေး ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါသည်။
အခွန်အယူခံခြင်းနှင့် စပ်လျဉ်း၍ ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံ အမြတ်တော်ခွန် (ပြင်ဆင်ချက်) အက်ဥပဒေ ပုဒ်မ ၅ - က အရ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်သုံးဦးတို့ ဖြင့် အမြတ်တော်ခွန်အယူခံ ခုံရုံးကို စတင်ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှု များကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ် ခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ၁-၁၀-၁၉၇၂ ရက်မှစ၍ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် လေးဦး ပါဝင် သော အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ခွန် အယူခံမှုများသာမက အကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်း ခွန်၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန် စသော အခွန်အကောက်ဆိုင်ရာ အမှု များနှင့် စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် တရား ရုံးချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထား သည့် လွှဲအပ်မှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အမြတ်ခွန်အယူခံခုံရုံးမှ အခွန်အယူခံ ခုံအဖွဲ့ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ဖွဲ့စည်းတာဝန်ပေးအပ်
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက် ၁၉၇၆ ခုနှစ် အမြတ်ခွန်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ)အရ ဝန်ကြီးအဖွဲ့၏ ၁၁-၁၂-၁၉၇၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂) ဖြင့် လည်းကောင်း၊ တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော်အစိုးရအဖွဲ့၏ ၂၈- ၇ - ၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၆/၈၉) ဖြင့်လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၃၁-၅-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၇) ဖြင့်လည်းကောင်း အခွန်အယူခံ ခုံအဖွဲ့ ကို ဖွဲ့စည်းတာဝန်ပေးအပ်၍ အမှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်သည် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်လျက် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အခွန်အရပ်ရပ်မှ အပြည့်အဝကောက်ခံ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ တစ်ဖက်မှလည်း နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းအနေဖြင့် ဥပဒေအရ ပေးဆောင်ရမည့် အခွန်များကို ပေး ဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရား မျှတမှု အခွင့်အရေးများ ရရှိစေရန် အတွက် လည်းကောင်း၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်များ ရရှိစေရန်အတွက် လည်းကောင်း အခွန်အယူခံခုံအဖွဲ့ဥပဒေ ကို ၁-၈-၂၀၁၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၂၃) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့ဥပဒေပါ ပြဋ္ဌာန်း ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ၂၇-၉-၂၀၁၉ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၃၄၁/၂၀၁၉) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ၄-၅-၂၀၂၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာစာအမှတ်၊ (၉/၂၀၂၁) ဖြင့် ပြင်ဆင်ခဲ့ပါသည်။
လွတ်လပ်သော အဖွဲ့အစည်း
အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန် အယူခံခုံအဖွဲ့နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အခွန်အယူခံခုံအဖွဲ့ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ခုံအဖွဲ့သည် တရားစီရင်ရေး သဘောဆောင်သည့် လုပ်ပိုင်ခွင့် (Quasi-Judicial Power) နှင့် ချင့်ချိန်ဆောင်ရွက် ပိုင်ခွင့် (Discretionary Power) များကို အပ်နှင်း ထားသည်နှင့်အညီ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း အသီးသီးက စည်းကြပ် ကောက်ခံလျက်ရှိသည့် အခွန်အမျိုးမျိုးနှင့်စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုတို့ကို လွှမ်းခြုံကြားနာ စစ်ဆေးဆောင်ရွက် လျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့သည် နိုင်ငံတော် က ဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုနှင့် စပ်လျဉ်း၍ စွမ်းဆောင်ရည် မြင့်မားသော အခွန်စီမံခန့်ခွဲမှု တိုးတက်ဖြစ်ထွန်းရေး အတွက် ပွင့်လင်းမြင်သာပြီး မျှတမှန်ကန် သည့် အခွန်အယူခံစနစ်ဖြင့် နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်အားထားမှုကို မြှင့်တင်ရန် မဟာဗျူဟာ မျှော်မှန်းချက် ထားရှိ ဆောင်ရွက်နေပါသည်။ မဟာဗျူဟာ မျှော်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ရေးအတွက် နည်းဗျူဟာ လုပ်ငန်းစဉ် (၄) ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ နှစ်နှစ် စီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်မှု၏ အားနည်းချက်၊ အားသာ ချက်များကို ဆန်းစစ်အခြေပြုလျက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ နှစ်နှစ်တာကာလ အတွက် ဆောင်ရွက်မည့် နည်းဗျူဟာ လုပ်ငန်းစဉ်များကို ထပ်မံရေးဆွဲ သတ်မှတ်ခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့ သည် နိုင်ငံသားနှင့် အခွန်ထမ်းများ အတွက် တရားမျှတမှု၊ ခုခံချေပနိုင်မှုနှင့် အယူခံနိုင်မှု အခွင့်အရေးများ အပြည့် အဝရရှိနိုင်ရေးအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂကချမှတ်ထားသော စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (Sustainable Develo-pment Goals – SDGs) ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP)တို့နှင့်အညီ စွမ်းဆောင် ရည် မြင့်မားသည့် အခွန်စီမံခန့်ခွဲမှု ယန္တရားတစ်ရပ်စဉ်ဆက်မပြတ် ဖြစ်တည် နေစေရေးအတွက် ပြည်ထောင်စုအစိုးရ သို့ အထောက်အကူပေးနေသော အဖွဲ့ အစည်းတစ်ရပ်အနေဖြင့် ရပ်တည် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အခွန်အယူခံ ခုံအဖွဲ့ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ခြောက်ဦး ဖြင့် ဖွဲ့စည်းတာဝန်ပေးလျက် အခွန် အယူခံခုံအဖွဲ့ဥပဒေနှင့်အညီ အခွန် ဆိုင်ရာအမှုများကို ကြားနာစစ်ဆေးစီရင် ဆောင်ရွက်လျက်ရှိပါသည်။ အခွန်အယူခံ ခုံအဖွဲ့သို့ လျှောက်ထားတင်သွင်းနိုင် သည့် အမှုများမှာ အထက်တွင် ဖော်ပြ ခဲ့သော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည် သုံးသပ်မှုနှင့် လွှဲအပ်မှု စသည့် အမှု လေးမျိုး ဖြစ်ပါသည်။
အယူခံမှု
အယူခံမှုဆိုသည်မှာ ပြည်ထောင်စု အစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်များကို တာဝန်ယူ ကောက်ခံသည့်ဌာနများက ချမှတ်သော အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်၊ အမိန့်တစ်ခုခုကို မကျေနပ်၍သော် လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန က ချမှတ်သော ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ကို မကျေနပ်၍ သော်လည်းကောင်း၊ အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တာဝန်ပေးအပ်ခြင်းခံရသော အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း တစ်ခုခုက ချမှတ်သည့် အခွန်ဆိုင်ရာ အပြီးသတ် ဆုံးဖြတ်ချက်တစ်ခုခုကို မကျေနပ်၍သော်လည်းကောင်း ခုံအဖွဲ့ ထံ အယူခံသည့်အမှုကို ဆိုလိုခြင်း ဖြစ်ပါ သည်။
ခုံအဖွဲ့သို့ အယူခံမှု လျှောက်ထားရာ တွင် ခုံအဖွဲ့က သတ်မှတ်ထားသောပုံစံ ဖြင့် သက်ဆိုင်ရာဌာနများ၏ မူလ ဆုံးဖြတ်ချက်၊ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းကိုးဆယ်အတွင်း ခုံအဖွဲ့ထံသို့ လျှောက်ထားရန်ဖြစ်ပါသည်။ သတ်မှတ် ထားသော စည်းကမ်းသတ်ကာလ အတွင်း လျှောက်ထားနိုင်ခြင်း မရှိပါက လျှောက်ထားသူအနေဖြင့် လုံလောက် သောအကြောင်းပြချက်များ တင်ပြရမည် ဖြစ်ပါသည်။
ပြင်ဆင်မှု
ပြင်ဆင်မှုဆိုသည်မှာ ခုံအဖွဲ့က ချမှတ်သော အမိန့်တွင် အမှုအကြောင်း ခြင်းရာနှင့် စပ်လျဉ်း၍ နစ်နာသူက ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြင်ဆင် ပေးရန် ခုံအဖွဲ့သို့ ပြန်လည်တင်ပြသည့် အမှုကိုဆိုလိုခြင်းဖြစ်ပါသည်။ နစ်နာသူ ဆိုသည်မှာ အမှုအကြောင်းခြင်းရာ အလိုက် ဥပဒေအရ နစ်နာသူ၊ တစ်စုံတစ်ရာ ဆုံးရှုံးခံရသူ၊ တစ်စုံတစ်ရာ ကို မတရားငြင်းပယ်ခံရသူ သို့မဟုတ် တစ်စုံတစ်ရာတွင် ၎င်း၏ ပိုင်ရေးပိုင်ခွင့် ကို မတရားထိခိုက်စေသော ဆုံးဖြတ် ချက်ချမှတ်ခြင်းခံရသူတို့ကို ဆိုလိုပါ သည်။ ပြင်ဆင်မှု လျှောက်ထားရာတွင် ခုံအဖွဲ့က သတ်မှတ်ထားသော ပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပြီး ခုံအဖွဲ့၏ စီရင်ချက်အမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်း ခုံအဖွဲ့ ထံသို့ လျှောက်ထားရမည် ဖြစ်ပါသည်။
ပြန်လည်သုံးသပ်မှု
ပြန်လည်သုံးသပ်မှု ဆိုသည်မှာ ခုံအဖွဲ့ကချမှတ်ခဲ့သော ဆုံးဖြတ်ချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြန်လည် သုံးသပ်ပေးပါရန် ဆုံးဖြတ်ချက်ချမှတ် ခြင်းခံရသူ တစ်ဦးဦးက ခုံအဖွဲ့သို့ပင် ပြန်လည် လျှောက်ထားသည့်အမှုကို ဆိုလိုပါသည်။ အခွန်အယူခံခုံအဖွဲ့ အနေဖြင့် မိမိ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နိုင်ရန် ဥပဒေအရ အခွင့်အာဏာအပ်နှင်းထားခြင်း ဖြစ်ပါ သည်။ ပြန်လည်သုံးသပ်မှု လျှောက်ထား ရာတွင်လည်း ခုံအဖွဲ့က သတ်မှတ်ထား သော ပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါ သည်။ ခုံအဖွဲ့၏ စီရင်ချက် အမိန့်ချမှတ် သည့်နေ့မှ ရက်ပေါင်းကိုးဆယ်အတွင်း လျှောက်ထားရမည် ဖြစ်ပါသည်။
ပြန်လည်သုံးသပ်မှုနှင့် စပ်လျဉ်း၍ တင်သွင်းရာတွင် ပြန်လည်သုံးသပ် စေလိုသည့် အကြောင်းအချက် ခိုင်လုံမှု ရှိရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၇၊ နည်းဥပဒေ ၁ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ တင်ပြလျှောက်ထားကြရန် ဖြစ်ပါသည်။
လွှဲအပ်မှု
လွှဲအပ်မှုဆိုသည်မှာ ခုံအဖွဲ့သို့ တင်သွင်းလာသည့်အမှုတွင် ဥပဒေ ကြောင်းအရ ဖြေရှင်းရမည့် ကိစ္စဖြစ် သဖြင့် ခုံအဖွဲ့ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် များ အားလုံးပါဝင်သော စုံညီခုံအဖွဲ့က ကြားနာစိစစ်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးပို့ သည့်အမှုကို ဆိုလိုသည်။ လျှောက်ထား သူ သို့မဟုတ် လျှောက်ထားခံရသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားလာသည့် အခါဖြစ်စေ၊ လွှဲအပ်ရန်အကြောင်း ပေါ်ပေါက်လာသည့်အခါဖြစ်စေ စုံညီခုံ အဖွဲ့က လွှဲအပ်မှုအဖြစ် ဆောင်ရွက်ရန် သင့် မသင့် ဆုံးဖြတ်ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ လွှဲအပ်မှု လျှောက်ထား ခြင်းကို ခုံအဖွဲ့က သတ်မှတ်ထားသည့် ပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပြီး ခုံအဖွဲ့က စီရင်ချက်အမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း ခုံအဖွဲ့ ထံ လျှောက်ထားရန် ဖြစ်ပါသည်။
ခုံအဖွဲ့သို့ အမှုတင်သွင်းလိုသူသည် မိမိ၏အမှုကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ အကျိုးဆောင် ရှေ့နေဖြင့်ဖြစ်စေ အခွန်အယူခံခုံအဖွဲ့ရုံးရှိ မှတ်ပုံတင်အရာရှိထံသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် လိုအပ်ပါ သည်။ လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဟု ဆိုသော်လည်း ကိုဗစ် -၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေ သည့်အချိန်တွင် သွားလာမှုအခက်အခဲ များကြောင့် စည်းကမ်းသတ်ကာလ အတွင်း အမှုများ အချိန်မီ တင်သွင်းရမည့် အခွင့်အရေး မဆုံးရှုံးကြစေရန် လျှောက်ထားချက်များကို စာတိုက်မှ ဖြစ်စေ၊ အမြန်ချောပို့လုပ်ငန်းမှဖြစ်စေ မှတ်ပုံတင်အရာရှိထံ လိပ်မူ၍ လျှောက်ထားခြင်းကိုလည်း လက်ခံ ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံသားနှင့် အခွန်ထမ်းများ၏ အကျိုးအတွက် ဖြေလျော့သတ်မှတ် ဆောင်ရွက်ပေးခဲ့ ခြင်း ဖြစ်ပါသည်။
လျှောက်ထားချက်
လျှောက်ထားချက်ကို သတ်မှတ်ပုံစံ ဖြင့် တင်သွင်းလျှောက်ထားရန်ဖြစ်ပြီး သတ်မှတ်ပုံစံကို အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ စာအုပ်တွင် လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့ရုံးမှ မှတ်ပုံတင်အရာရှိထံတွင် လည်းကောင်း ရယူနိုင်ပါသည်။ လျှောက်ထားချက်များ တင်သွင်းသည့်အခါ ရုံးခွန်အက်ဥပဒေပါ သတ်မှတ်ချက်နှင့်အညီ လိုအပ်သော တံဆိပ်ခေါင်းများ ထမ်းဆောင်ရန် လိုအပ်ပါသည်။
အယူခံမှု၊ ပြင်ဆင်မှုနှင့် ပြန်လည် သုံးသပ်မှု လျှောက်ထားရာတွင် လျှောက်ထားလွှာနှင့် အမှုအတွက် တင်သွင်းလိုသည့် အထောက်အထား စာရွက်စာတမ်းများ မူရင်း (၁) စုံနှင့် မိတ္တူ(၆)စုံ တင်သွင်းလျှောက်ထားရမည် ဖြစ်ပြီး လွှဲအပ်မှု လျှောက်ထားရာတွင် လျှောက်ထားလွှာနှင့် အမှုအတွက် တင်သွင်းလိုသည့် အထောက်အထား စာရွက်စာတမ်းများ မူရင်း (၁) စုံနှင့် မိတ္တူ (၁၂) စုံ တင်သွင်းလျှောက်ထား ရမည် ဖြစ်ပါသည်။ လျှောက်ထားချက်ကို အကျိုးဆောင်ရှေ့နေဖြင့် လျှောက်ထား ပါက ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသည့် တရားမကိုယ်စားလှယ်လွှဲစာနှင့် ရှေ့နေ ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် ပါရှိရန်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲအပ်သည့် ကိုယ်စားလှယ်လွှဲစာ ပါရှိရန်လိုအပ် ပါသည်။
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက လျှောက်ထားမှုများတွင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအမည်ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူက လျှောက်ထားခြင်းဖြစ်လျှင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုယ်စားလှယ်အဖြစ် လွှဲအပ်ကြောင်း ရုံးခွန်တံဆိပ်ခေါင်းကပ် ထားသည့် လွှဲအပ်စာပါရှိရမည် ဖြစ်ပါ သည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်း မရှိသူက အမှုလျှောက် ထားဆောင်ရွက်ရန် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါက အခွန် အယူခံခုံအဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၃၉ ပါပြဋ္ဌာန်းချက်နှင့်အညီ ကိုယ်စားလှယ်လွှဲစာ (SP/GP) ပါရှိရမည် ဖြစ်ပါသည်။
လျှောက်ထားသူသည် မိမိမကျေနပ် သည့် အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ် ချက်၊ အမိန့်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွင် တာဝန်ခံမိတ္တူမှန် ကူးယူ၍ လျှောက်ထားချက်နှင့်အတူ ပူးတွဲတင်သွင်းရမည်ဖြစ်ပါသည်။
ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် နေသည့်ကာလတွင် အခွန်အယူခံခုံအဖွဲ့ သို့ တင်သွင်းလျှောက်ထားသော အမှု များ မြန်ဆန်ပြီးပြတ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သတ်မှတ်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အမှုများကို ဗီဒီယိုဆက်သွယ်မှု (Video Confe-rencing) စနစ်ဖြင့် ကြားနာစစ်ဆေး ဆုံးဖြတ်ပေးခဲ့ပြီး ယခုအခါ ဗီဒီယို ဆက်သွယ်မှုစနစ်ဖြင့် ကြားနာစစ်ဆေး ခြင်းအပြင် ဥပဒေနှင့်အညီ အများပြည်သူ ရှေ့မှောက်တွင်လည်း စည်းကမ်းချက် များနှင့်အညီ ကြားနာစစ်ဆေး၍ ဆုံးဖြတ်ပေးလျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့တွင် အမှုများ ကြားနာဆောင်ရွက်သည့်အခါ သက်ဆိုင် ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ အနေဖြင့် ယင်းတို့က ကိုယ်စားလှယ် လွှဲအပ်သော ဦးစီးအရာရှိ အဆင့်အောက် မနိမ့်သော ဌာနကိုယ်စားလှယ်က ခုံအဖွဲ့ရှေ့မှောက်တွင် အမှုအတွက် လျှောက်လဲတင်ပြခွင့် ရှိသော်လည်း ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ရှေ့နေလိုင်စင် ရရှိထားသော အခွင့်ရကိုယ်စားလှယ်နှင့် အကျိုးဆောင် ရှေ့နေများကသာ လျှောက်လဲချက်ပေးခြင်း (pleading and addressing) ကို ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ က သတ်မှတ်ညွှန်ကြားထားပါသည်။
တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အခွန်ဆိုင်ရာ အယူခံသည့်ကိစ္စရပ်များကို အခွန် အယူခံခုံအဖွဲ့ဥပဒေဖြင့်သာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ ဥပဒေ ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသဖြင့် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ အရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများ၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဇယား (၁) ပါ အခွန်အကောက်အားလုံးနှင့် အကောက် ခွန် စသည့်အခွန်များနှင့် သက်ဆိုင်သော အမိန့်များ၊ ဆုံးဖြတ်ချက်များအပေါ် အယူခံလိုပါက အခွန်အယူခံခုံအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြ လျှောက်ထားကြရန်သာ ဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့သည် တင်သွင်း လျှောက်ထားလာသော အမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ကြားနာ စစ်ဆေးစီရင် ဆုံးဖြတ်လျက်ရှိပြီး ခုံအဖွဲ့က ကြားနာစစ်ဆေးဆုံးဖြတ်သော အမှုများတွင် အမှုကြောင်းခြင်းရာ ပြဿနာနှင့် စပ်လျဉ်း၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်ပါ သည်။
ဖေ့ဘုတ်စာမျက်နှာ ဖွင့်လှစ်
အခွန်အယူခံခုံအဖွဲ့သည် မိမိ၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် နည်းပညာများ အသုံးချဆောင်ရွက်လျက် အများပြည်သူ များ သိရှိနိုင်စေရန် ဆောင်ရွက်ခဲ့ပါသည်။ အခွန်အယူခံခုံအဖွဲ့ အမည်ဖြင့် ဖေ့ဘုတ်စာမျက်နှာကို ဖွင့်လှစ်၍ အခွန် အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို လွှင့်တင်ဖော်ပြ နိုင်ခဲ့ပါသည်။ ခုံအဖွဲ့က ချမှတ်သော စီရင်ချက် အမိန့်များကို သက်ဆိုင်ရာအမှု သည်များနှင့် အများပြည်သူသိရှိနိုင်ရေး အတွက် အခွန်အယူခံခုံအဖွဲ့၏ ကိုယ်ပိုင် Website ရေးဆွဲလွှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခု အချိန်တွင် Myanmar National Portal ၌ အခွန်အယူခံခုံအဖွဲ့၏ Page ကို သီးခြားလွတ်လပ်သော အဖွဲ့အဖြစ် လွှင့်တင်ထားရှိပါသည်။ အဆိုပါ Page တွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန် အယူခံ ခုံအဖွဲ့နည်းဥပဒေများကို လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် သတ်မှတ်ပုံစံများကို လည်းကောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံ ခုံအဖွဲ့ရုံးတို့သည် ခေတ်မီတိုးတက် နေသည့် နည်းပညာများနှင့်အညီ လျှောက်ထားလာသည့် အမှုများနှင့် စပ်လျဉ်း၍ အမှုတွဲများကို ထိန်းသိမ်းရာ တွင် Case Management System စနစ် ကို အသုံးပြု၍ ရေရှည်တည်တံ့နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
အခွန်အယူခံ ခုံအဖွဲ့ရုံးအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ခုံအဖွဲ့ရုံးထံမှ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ မိုဘိုင်းဖုန်းများသို့ Short Code “1111” ဖြင့် မိမိတို့ ဝန်ဆောင်မှုရယူခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို SMS ပေးပို့မေးမြန်းကာ ပြည်သူတို့၏ တုံ့ပြန်ဖြေကြားမှုများ၊ အကြံပြုချက်များ အရ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရေးအစီအစဉ်ကို ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။
ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်
အခွန်အယူခံခုံအဖွဲ့၏ ရုံးစိုက်ရာ ဒေသသည် နေပြည်တော်ဖြစ်ပြီး ယခင်က အခွန်အယူခံ ခုံအဖွဲ့ရုံးကို ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) နေပြည်တော်တွင် တွဲဖက်ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာမှ ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်း၏မြောက်ဘက် ရုံး အမှတ် (၄၆) ကပ်လျက်ရှိ အခွန်အယူခံ ခုံအဖွဲ့ပိုင် ဧရိယာ ၆ ဒသမ ၀၅ ဧက ကျယ်ဝန်းသော မြေကွက်ပေါ်တွင် နိုင်ငံတော်၏ ခွင့်ပြုငွေဖြင့် ရုံးအဆောက် အအုံသစ်ကြီးကို ဆောက်လုပ်ခဲ့သဖြင့် ရုံးအမှတ်(၅၇)၊ အခွန်အယူခံခုံအဖွဲ့ အဆောက်အအုံသစ်ကြီး ပေါ်ထွန်း လာပြီး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အဆိုပါ အဆောက်အအုံသစ်ကြီးသို့ အခွန်အယူခံ ခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးဝန်ထမ်းများ ပြောင်းရွှေ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဤအခွန် အယူခံခုံအဖွဲ့ အဆောက်အအုံသစ်ကြီး ကို ၂၃-၁၂-၂၀၂၂ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်က ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
အခွန်အယူခံ ခုံအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံး နစ်နာမှုမရှိစေရေးနှင့် တစ်ဖက်တွင် လည်း နိုင်ငံသား/အခွန်ထမ်းများအနေ ဖြင့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဥပဒေနှင့်အညီ ခုခံချေပခွင့်၊ ပွင့်လင်း မြင်သာသော အယူခံပိုင်ခွင့် အခွင့်အရေး များကို အပြည့်အဝရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ “ယုံကြည် မျှတမှန်ကန် အခွန်အယူခံ” ဟူသော အခွန်အယူခံ ခုံအဖွဲ့၏ ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်နှင့် နိုင်ငံသား၊ အခွန်ထမ်းများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း မြင်တွေ့နိုင်ပါသည်။ ထိုသို့ နိုင်ငံတော်နှင့် အခွန်ထမ်း/ပြည်သူများ၏ အကျိုးကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အတွက် အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ ရုံးတို့သည် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးမှုများ၊ ဆွေးနွေးဖလှယ်မှုများ၊ သင်ယူမှတ်သားမှုများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တာဝန်ရှိသူများ နှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် အစဉ် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိနေပါ ကြောင်း တင်ပြလိုက်ရပါသည်။ ။
ကိုးကား
- အခွန်အယူခံခုံအဖွဲ့သမိုင်း
မှတ်တမ်း
- အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့် အခွန်အယူခံခုံအဖွဲ့
နည်းဥပဒေများ
- အခွန်အယူခံခုံအဖွဲ့၏
ညွှန်ကြားချက်များ
- ဦးမြ / ဦးကျော်အေး၊
တရားမ ကျင့်ထုံးဥပဒေ
- အခွန်အယူခံခုံအဖွဲ့၏
မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ
- Log in to post comments