
နေပြည်တော် ဒီဇင်ဘာ ၂၁
တပ်မတော် ဆေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ ဝင်များ စုံညီစွာ တက်ရောက် ကြသည်။
အစီအစဉ်အရ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမသို့ဝင်ရောက်၍ သတ်မှတ် နေရာများတွင် နေရာယူကြပြီး နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ် ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက် ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ် က ဆေးပညာဘွဲ့ ၃၆ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ခုနစ်ဦး စုစုပေါင်း ၄၃ ဦးတို့ကို ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်း သည်။ ယင်းနောက် ပါမောက္ခချုပ် က ဘွဲ့ရသူများအား ဘွဲ့များနှင့် လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်း သဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ကျောင်းအုပ်ကြီး က ဘွဲ့နှင်းသဘင် မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။
တပ်မတော် ဆေးတက္ကသိုလ် အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၇၁၀ ၊ ဆေးလက်တွေ့နှင့် ဆေး လက်တွေ့အခြေခံပါရဂူဘွဲ့ ၂၆၁ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၃၂၀ နှင့် ဆေးပညာဘွဲ့လွန် ဒီပလိုမာဘွဲ့ ၂၆၉ ဦးတို့ကို ဘွဲ့များပေးအပ် ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ လက်ရှိ ဆေးပညာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းအမှတ်စဉ် (၂၇) တွင် သင်တန်းသား အရာရှိ ရှစ်ဦး၊ အမှတ်စဉ် (၂၈)တွင် သင်တန်း သား အရာရှိ ၁၉၃ ဦး၊ အမှတ်စဉ် (၂၉) တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ အမှတ်စဉ် (၃၀)တွင် သင်တန်းသားအရာရှိ ၁၁၆ ဦး စုစုပေါင်း ဘွဲ့လွန်သင်တန်းသား အရာရှိ ၆၂၁ ဦး သင်တန်း တက်ရောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်မတော် ဆေး တက္ကသိုလ်ဗိုလ်လောင်းများ ရရှိခဲ့ သည့် ပညာရည်ထူးချွန်ဆုအဆင့် များ၊ ဂုဏ်ထူးများသည် တပ်မတော် ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး များနှင့်သာ စစ်ဆေးခြင်း မဟုတ် ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး) စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ နှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေး ချက်များနှင့်အညီ ချီးမြှင့် ခြင်းဖြစ်ပြီး တပ်မတော် ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်း တမ်းများကိုလည်း အခြားဆေး တက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲ ထားရှိကာ ဆေးပညာသင်ကြား ရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်း သတ်မှတ်ချက် များနှင့်အညီ အထူးအောင် သတ်မှတ်ခြင်းနှင့် ဂုဏ်ထူးပေး ခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်