
နေပြည်တော် ဒီဇင်ဘာ ၂၀
အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ Virtual စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးဌာနများ နှင့် ဗဟိုဘဏ်များမှ ဒုတိယဝန်ကြီးများနှင့် ဒုတိယ ဥက္ကဋ္ဌများ စုံညီစွာတက်ရောက်ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အစည်းအဝေး ပထမပိုင်း Informal Session တွင် အာဆီယံ + ၃ ဒေသတွင်းနိုင်ငံများ၏ ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးအခြေအနေ လေ့လာသုံးသပ် မှုများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ + ၃ မက်ခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO)က လည်းကောင်း၊ ဒေသတွင်း ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ဘဏ္ဍာရေးအစီအစဉ်များ ခေါင်းစဉ်ဖြင့် အာရှဖွံ့ဖြိုး ရေးဘဏ်ကလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေး ဒုတိယပိုင်း Formal Session တွင် အာဆီယံ + ၃ မက်ခရိုစီးပွားရေး သုတေသနရုံးက ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းသုတေသနပြုမှုဆိုင်ရာ ဦးတည်ဆောင်ရွက် သွားမည့် နည်းဗျူဟာများ၊ ရုံးလုပ်ငန်းစဉ်များ၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရန်လျာထား သည့် ကာလလတ် အကောင်အထည်ဖော်ရေး စီမံချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ ကြသည်။
ဆွေးနွေးဆုံးဖြတ်ခဲ့
ထို့ပြင် ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင် လာစေရေး လုပ်ငန်းစဉ်သဘောတူညီချက်အရ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများတွင် ဘဏ္ဍာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်ပါက ဖြေရှင်း ထောက်ပံ့နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း သော လုပ်ငန်းဆောင်ရွက်မှုလက်စွဲကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အတိုးနှုန်း မူဘောင်သတ်မှတ်ခြင်းများကို အစည်းအဝေး အစီအစဉ်အတိုင်း ဆက်လက် ဆွေးနွေးဆုံးဖြတ်ခဲ့ ကြသည်။
အဆိုပါ အစည်းအဝေး၌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုများ၊ စွမ်းအင်ဆိုင်ရာ ရေနံနှင့်လောင်စာဆီ အခက်အခဲ များ၊ မြင့်တက်လာသော ကုန်စည်ဈေးနှုန်းများနှင့် ငွေဖောင်းပွမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းကို ၃ ဒသမ ၇ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ပထမ ခြောက်လအပြီးတွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခိုင်မာအားကောင်း ပြီး အားလုံးပါဝင်သော စီးပွားရေးတိုးတက်မှုတွင် ပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတကာအသိုက် အဝန်းတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တာဝန် ကျေပွန်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေး ပြောကြားခဲ့သည်။
အလှည့်ကျပူးတွဲကျင်းပ
အာဆီယံ + ၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယ အကြီးအကဲများ အစည်းအဝေးကို အာဆီယံနိုင်ငံများ နှင့် အပေါင်းသုံးနိုင်ငံဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံများတွင် အလှည့်ကျပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိရာ ယခုနှစ်အတွက် အိမ်ရှင်အဖြစ် အာဆီယံနိုင်ငံများဘက်မှ ကမ္ဘော ဒီးယားနိုင်ငံနှင့် အပေါင်းသုံးနိုင်ငံဘက်မှ တရုတ် ပြည်သူ့သမ္မတနိုင်ငံက Co-Chairs များအဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်