
မြင့်စိုး(နတလ)
ဘုတ်ပြင်းမြို့နယ်သို့ ရေလမ်းခရီး
“အဲဒါ ငှက်သိုက်ကျွန်းပဲ”
“ဟိုး ... မှိုင်းပျပျက မကြုံဂလက်”
“သူ့ရှေ့နားမှာ မြင်နေရတာ လန်ပိကျွန်း”
တစ်နာရီ ၃၆ မိုင်နှုန်း မောင်းနေသော Speedboat ပေါ်မှာ လိုက်ပါရင်း စက်ဆရာ ညွှန်ပြ သမျှကို လိုက်လံကြည့်ရှု မှတ်သားနေမိသည်။ ကြည့်ရပေမပေါ့၊ မှတ်ရပေမပေါ့။ ဤမည်သော ကော့သောင်း၊ ဘုတ်ပြင်းဒေသသို့ စာရေးသူ ကျွန်တော် မြင့်စိုး(နတလ) တစ်ခေါက်တစ်ခါမျှပင် မရောက်ဖူးသေးပါ။ တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးမှာပင် မြိတ်နှင့် တနင်္သာရီမြို့လေးကိုပဲ ရောက်ဖူးသွားဖူးခဲ့ပါသည်။ နေရာအနှံ့ မရောက် ဖြစ်ခဲ့သော်ငြားလည်း သည်ဒေသက နာမည်များနှင့် တော့ သိပ်မစိမ်းလှ၊ နတလဝန်ထမ်းဘဝမှာ နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရင်း ကြားဖူးနေသည်။ ကော့သောင်းမြို့နယ်ထဲက ဇာဒတ်ကြီး ကျွန်းပတ်လမ်း၊ ဘုတ်ပြင်းမြို့နယ်ထဲက နမ့်တွန် - ရွာဟေ့လူလမ်း၊ အောင်ချမ်းသာ - ဆိပ်ဖူး - မာရန်း - အေးချမ်းသာ - နမ့်တွန်လမ်းများ ကလည်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက ဖောက်လုပ်ပေးခဲ့သော လမ်းများဖြစ်ကြသည်။ ကော့သောင်းနှင့်ကပ်လျက်က ပုလုံးတုံတုံးရွာလေး မှာပင် ပညာ၊ ကျန်းမာကဏ္ဍများအပါအဝင် နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ ရှိနေခဲ့သည်။ ဟော….ခုများမှာတော့ အဆိုပါ ပုလုံးတုံတုံးရွာလေးရှိရာသို့ ကော့သောင်းအထွက် ၄ မိုင်နေရာမှ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးထားသောအခါ ရွာ၏ပတ်ဝန်းကျင်နှင့် ကမ်းခြေနေရာလေးသည် ကော့သောင်းမြို့သူမြို့သားများအတွက် အပန်းဖြေ နေရာလေးတစ်ခု ဖြစ်လာခဲ့သည်။
ကော့သောင်းကို ရောက်တုန်းရောက်ခိုက် ပုလုံး တုံတုံးရွာလေးဘက်သို့ သွား၍ အုန်းရည်သောက်ခဲ့ သေး၏။ တံတားပေါ်မှာလည်း အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြသေးသည်။ ကော့သောင်းမှ လေဆိပ်ဘက် သို့ အထွက်လမ်းဘေးတွင် တည်ရှိနေသည်။ သည်နားပတ်ဝန်းကျင်မှာ တစ်ခုထူးခြားသည်က ကော့သောင်း - ဘုတ်ပြင်း ကားလမ်းမကြီးပေါ်က ရွာတော်တော်များများသည် မူလရွာအမည်ကို မခေါ်ကြတော့ဘဲ သုံးမိုင်ရွာ၊ ခုနစ်မိုင်ရွာဟူ၍သာ တွင်နေကြခြင်းပါပေ။ လွန်ခဲ့သည့် နှစ် ၂၀ ခန့်က နတလမှာ ကြားခဲ့ဖူးသော ၁၀ မိုင်-ချင်ဖန်းလမ်း ဆိုတာကလည်း ထိုကဲ့သို့ပင် ကားလမ်းပေါ်က မိုင် ကို အစွဲပြုခေါ်ဝေါ်ကြခြင်းဖြစ်မည်ဟု တွေးလိုက် မိသေး၏။ ဒါက ကုန်းပေါ်မှာ သွားလာနေစဉ်အတွေး။ ယခုကဲ့သို့ Speedboat လေးစီးရင်း ကျွန်းလေးတွေ ကို ငေးမောရင်း ရေလမ်းခရီးဖြင့် သွားလာနေခိုက်မှာ တော့ ကျွန်တော့်စိတ်အလျဉ်က လွန်ခဲ့သည့်ဆယ်စု နှစ် နှစ်ခုစာမျှ အချိန်ကာလသို့ အလိုလို ပြန်ရောက် သွားရချေပြီတမုံ့။
ပင်လယ်ပျော်မော်ကင်းများ
နယ်စပ် / စည်ပင်ဝန်ကြီးဌာနအနေနဲ့ ရှိနေစဉ် ကာလ နတလဝန်ထမ်းဘဝမှာကြုံရသည်က နယ်စပ် ဒေသအသီးသီးမှ တိုင်းရင်းသား တိုင်းရင်းသူများ နှင့် လက်ပွန်းတတီး နေထိုင်ခွင့်၊ ခင်မင်ရင်းနှီးခွင့် ရခဲ့ခြင်းပင်တည်း။ မှတ်သားခဲ့မိသမျှ ပြောရလျှင် ၁၉၉၃ ခုနှစ်မှ အစပြု၍ ရန်ကုန်မြို့တော် မဟာ သင်္ကြန်ပွဲ၌ပါဝင်ဆင်နွှဲရန် နယ်စပ်ဒေသတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို ဖိတ်ကြားခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်တွင် ထားဝယ်နှင့် ဓနု တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ နှစ်ဖွဲ့ ရောက်လာခဲ့သည်။ ၁၉၉၄ တွင် ကရင်အဖွဲ့၊ ၁၉၉၅ တွင် ကိုးကန့်နှင့် “ဝ”အဖွဲ့ စသည် စသည်ဖြင့်။ ၂၀၀၀ ပြည့်လွန်နှစ် များတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တွင် ၁၅ ဖွဲ့မှ ၁၉ ဖွဲ့အထိ တိုးတက်များပြားလာခဲ့ သည်။ ဤကဲ့သို့ ခေါ်ယူမှုကို အကြောင်းပြု၍ ပင်လယ်ပျော်မော်ကင်းများနှင့် ရေစက်ဆုံခဲ့သည်။ ၂၀၀၂ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆင်နွှဲရန် ခေါ်ယူခဲ့သော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ၁၅ ဖွဲ့ ထဲတွင် ကော့သောင်းနှင့် ဘုတ်ပြင်းဒေသမှ ဆလုံ တိုင်းရင်းသား တိုင်းရင်းသူများ ပါဝင်လာခဲ့သည်။
သင်္ကြန်ပွဲတော်ကာလတစ်လျှောက် နယ်စပ်/ စည်ပင်မဏ္ဍပ်အပြင် နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ဗိုလ်ချုပ်ဈေး မဏ္ဍပ်များ၌ အဖွဲ့လိုက်တိုက်ထားသော ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြသလို မိမိတို့၏ တိုင်းရင်းသားရိုးရာ သီချင်းနှင့် အကများကိုလည်း ဖျော်ဖြေတင်ဆက်ခွင့် ရခဲ့သည်။ မြန်မာ့ရုပ်မြင် သံကြားနှင့် မြဝတီရုပ်မြင်သံကြားသို့လည်း ပို့ဆောင် ရိုက်ကူးထုတ်လွှင့်ပေးခဲ့သည်။ ဤနေရာမှာ အမှတ် ရစရာ ဖြစ်သွားသည်ကတော့ ၂၀၀၂ ခုနှစ် ရောက်ရှိ လာသော ဆလုံတိုင်းရင်းသားအဖွဲ့တွင် ကိုယ်ပိုင် သီချင်း၊ ကိုယ်ပိုင်အကများ ပါမလာခဲ့ပါ။ သူတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ နတလသင်္ကြန် သီချင်းနှင့် ယိမ်းအကများတွင်သာ ပါဝင်ကပြခွင့် ရခဲ့ကြသည်။ တေးရေးဆရာ သုခိအောင် (အဘ ဦးကျော်ဆန်း) ၏ တိုင်းရင်းသားမျိုးဆွေ ခါသင်္ကြန် ရေ၊ ဂီတစာဆို အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ ၏ သီချင်းများဖြစ်သော နွေပိတောက်၊ ပြည်ထောင်စု သားတို့သင်္ကြန်၊ ကိုမြသန်းစံ ရေးသားပေးသော ပြည်ထောင်စုနှင့် ခါသင်္ကြန် တေးသီချင်းများ အပါအဝင် နတလသင်္ကြန်သီချင်း ကိုးပုဒ်ခန့် ရှိနေပါ သည်။ ထိုသီချင်းများဖြင့်သာ ဆလုံတိုင်းရင်းသား အဖွဲ့ ပါဝင်ကပြသွားရရှာသည်။
သို့သော် အကြောင်းအားလျော်စွာပင် ၂၀၀၃ ခုနှစ် ဖိတ်ကြားခေါ်ယူခဲ့သော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ၁၉ ဖွဲ့ထဲ၌ ဘုတ်ပြင်းမြို့နယ်ထဲမှ ဆလုံတိုင်းရင်းသား တိုင်းရင်းသူများ ထပ်မံပါဝင် လာခဲ့သည်။ သည်တစ်ခါတော့ဖြင့် တို့ဆလုံများ မျက်နှာမငယ်ရတော့ပြီ။ ဘုတ်ပြင်း/ ကော့သောင်းမှ တာဝန်ရှိသူများ၏ စီစဉ်ပေးမှုအရ တူညီဝတ်စုံများ လည်း ချုပ်လာကြသည်။ ပြီးတော့ “ပင်လယ်ပျော် မော်ကင်းများ” ဆိုသည့် တေးသီချင်းလည်း ပါလာ ခဲ့သည်။ ထိုသီချင်းထဲတွင် ပင်လယ်အပေါ် သစ္စာရှိ သော ဆလုံဓလေ့များ၊ ပင်လယ်မှာ ကြုံတွေ့ရသည့် အခက်အခဲများကို အားမာန်အပြည့်ဖြင့် ကျော်လွှား ကြပုံများပါဝင်ပြီး ပြည်ထောင်စုကြီး အေးချမ်း သာယာအောင် အခြားသောတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ဝိုင်းဝန်းကာကွယ် စောင့်ရှောက် ကြမည်ဟူ၍ စပ်ဆိုရေးသားထားပါသည်။ ထိုသီချင်း နှင့် MRTV၊ MWD ရုပ်သံများတွင် ရိုက်ကူးထုတ်လွှင့် ပေးသောအခါ သူတို့ အလွန်ဝမ်းသာပျော်ရွှင်ခဲ့ကြ သည်။ ဟိုးအဝေးဆီက မကြုံဂလက်နှင့် လန်ပိကျွန်း များကို ကျွန်တော် ငေးကြည့်နေရင်း ၂၀၀၂/ ၂၀၀၃ က ရန်ကုန်ကို ရောက်လာသော ဆလုံတိုင်းရင်းသား တိုင်းရင်းသူလေးများသည် ခုနေခါ အသက် ၄၀၊ ၄၅ နှစ်အရွယ်တွေ ရှိနေလောက်ပြီဟု တွေးလိုက်မိ သည်။
တစ်ချိန်တစ်ခါက တိုင်းရင်းသားပုံရိပ်များကို လွမ်းမောတသ သတိရလိုက်ပါဘိတော့။
ကံမော်ကြီးသို့ ရောက်ခဲ့သည်
ဒီဇင်ဘာ ၆ ရက် နံနက် ၇ နာရီအချိန်တွင် ကျွန်တော်တို့အဖွဲ့သည် Speedboat ဖြင့် ကော့သောင်းဆိပ်ကမ်းမှ ထွက်ခဲ့ပြီး အနောက်ဘက် ပင်လယ်ကမ်းခြေအတိုင်း ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာသို့ ထွက်ခဲ့ကြသည်။ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူးများ ဖြစ်ကြသော ဦးကျော်စွာအောင်၊ ဦးရဲခေါင်တို့လည်း ပါဝင်သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်ကတော့ ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာမှာ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ၂၀၂၂ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေး ဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား၊ စီမံကိန်းဆိုင်းဘုတ်ဖွင့်လှစ်ခြင်း၊ ဓာတ်အားပေး ဆိုလာစက်ရုံ တည်ဆောက်မည့် နေရာကို ပန္နက်ရိုက်ခြင်းတို့ ဆောင်ရွက်ရန်ဖြစ်ပါ သည်။ နံနက် ၉ နာရီသာသာခန့်တွင် ကံမော်ကြီး ကျေးရွာ သို့ အမြန်ရေယာဉ်ဆိုက်ရောက်ခဲ့ရာ ရွာသူ ရွာသားများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။ ကြိုကြ ပေမပေါ့။ တနင်္သာရီတိုင်းဒေသကြီးသည် ရေနှင့်သာ အကျိုးပေးချင်ပေးမည်၊ မဟာဓာတ်အား လိုင်း လွှမ်းခြုံရန် လိုနေသေးသောဒေသဖြစ်၍ မီးနှင့် ကား အကျိုးမပေးသေးတာ သေချာသည်။ မဟာ ကော့သောင်းမြို့ကြီးပင်လျှင် မီးစက်မောင်း၍ ခရီးနှင် နေတာ ကြာလှပါပကော။ သည့်အတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် နှစ်နှစ် စီမံကိန်းဆောင်ရွက်ပြီးနောက် တစ်ရွာ လုံးမီးလင်းပြီး သောက်သုံးရေသန့်ရရှိမည့် ကံမော်ကြီးကျေးရွာသားတို့ မပျော်လျှင် ဘယ်သူ တွေ ပျော်ကြမည်နည်း၊ ကျွန်တော်တောင် သူတို့နှင့် ရော၍ ပျော်မိသည်။
ကံမော်ကြီးကျေးရွာသည် အိမ်ခြေ ၂၁၀ ရှိပြီး ကျေးရွာတွင်း၌ အသေးစားစက်မှုလက်မှု လုပ်ငန်း ၁၈ ခု ရှိနေသည်။ ရော်ဘာ၊ ကွမ်းသီးနှင့် အခြားသီးနှံ များ စိုက်ပျိုးထားကြသည်။ သိန်း ၇၀၀ ခန့် ရင်းနှီး မတည်၍ ငါး၊ ပုစွန် သားဖောက်လုပ်ငန်း ဆောင်ရွက် နေသူတစ်ဦးကိုလည်း တွေ့ခဲ့ရ၏။ ၂၄ နာရီ မီးရပြီ ဆိုလျှင် ရော်ဘာလုပ်ငန်းဖြစ်စေ၊ အခြားသော လုပ်ငန်းများဖြစ်စေ ပိုမိုတိုးမြှင့်ဆောင်ရွက်လာ နိုင်မည် ဖြစ်ပေသည်။ ယခုထက်ပိုမို၍ လူမှုစီးပွား ဘဝများ မြင့်မားလာမည်မှာ သေချာသည်။
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု
အထူးရန်ပုံငွေ ၂၀၂၂
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းများ ဆောင်ရွက်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နှစ်စဉ် Project Proposal များရေးဆွဲ၍ နိုင်ငံခြား ရေးဝန်ကြီးဌာနမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ လန်ချန်း - မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးသို့ အဆိုပြုတင်ပြခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်း တစ်ခု ဆောင်ရွက်ခွင့်ရခဲ့ပြီး လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံ များအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အတွေ့ အကြုံမျှဝေဖလှယ်ခြင်းအစီအစဉ်ဖြင့် Cash For Work (CFW)၊ Village Revolving Fund Project (VRFP) စီမံကိန်းကို ဆောင်ရွက်ပေးခဲ့သည်။
စီမံကိန်းလေးခု
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ဖြင့် စီမံကိန်း လေးခု ဆောင်ရွက်ခွင့်ရခဲ့သည်။ ယင်း စီမံကိန်းများမှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ အမေရိကန်ဒေါ်လာ ၃၃၀၆၀၀ ဖြင့် လန်ချန်း - မဲခေါင်နိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း မြောင်းမြမြို့နယ် ချောင်းလေးကျေးရွာ၊ ဒေးဒရဲမြို့နယ် ဘုရားချောင်းကျေးရွာ၊ ကျောင်းကုန်း မြို့နယ် ပေါက်ဆိန်ပဲ့ကျေးရွာတို့တွင် အမေရိကန် ဒေါ်လာ ၂၇၉၁၀၀ ဖြင့် ပြည်သူအခြေပြု ရေသန့်စင် စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာ ရေရရှိရေးစီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာတွင် အမေရိကန် ဒေါ်လာ ၃၄၄၆၀၀ ဖြင့် အသေးစား ဆိုလာမီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်း၊ တနင်္သာရီ တိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာ တွင် အမေရိကန်ဒေါ်လာ ၃၇၇၈၀၀ ဖြင့် အသေးစား ဆိုလာမီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်းတို့ ဖြစ် သည်။ ရေငံကြီးကျေးရွာသို့မူ ကျွန်တော်တို့ မသွား ရောက်နိုင်တော့ပါ။
စိုင်ဒင်းခေတ်မီစံပြကျေးရွာ
ကော့သောင်းဒေသသို့ ရောက်ရှိခိုက် တနင်္သာရီ တိုင်းဒေသကြီးအတွင်း သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော စိုင်ဒင်း စံပြကျေးရွာ (SMART Village) သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်လုပ်ငန်းများပြီးစီးမှု၊ လာမည့် နှစ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ ကာ ကျေးရွာအတွက် လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။ တစ်ဆက်တည်းမှာပင် စိုင်ဒင်းစံပြ ကျေးရွာ၌ ဝက်သားပေါက်မွေးမြူရေးအဖွဲ့၊ ရော်ဘာ ပြား ဝယ်ယူရောင်းချရေးအဖွဲ့၊ ကွမ်းသီး အစို/ အခြောက် ရောင်းဝယ်ရေးအဖွဲ့ဟူ၍ ဖွဲ့စည်း ဆောင်ရွက်နေသည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးအဖွဲ့ လေးဖွဲ့အတွက် ရန်ပုံ ငွေကျပ်သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဒေသခံပြည်သူများ၏လိုလားချက်ဖြစ်သော စိုင်ဒင်း ကျေးရွာမှ ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမကြီး သို့ ဆက်သွယ်ထားသော လမ်း ၉/၄ မိုင်ကို အဆင့် မြှင့်တင်ဖောက်လုပ်ပေးရေး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ရောက်လေရာအရပ်ဒေသ မြို့ရွာတိုင်းမှာ ကျွန်တော်အလေးထားမှာကြားသည် ကတော့ ဒေသတည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေးပဲ ဖြစ်ပါသည်။
အိမ်တွင်းမှုကျောင်းသို့ သွားရောက်နှုတ်ဆက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကော့သောင်း အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း ကျောင်းသည် ၁၉၉၂ ခုနှစ် မတ် ၁၉ ရက် ကတည်းက ဒုတိယအစောဆုံး ဖွင့်လှစ်ခဲ့သော ကျောင်း ဖြစ်သည်။ ပထမဆုံး ဖွင့်လှစ်ပေးခဲ့သည့် ကျောင်းမှာ ၁၉၉၂ ခုနှစ် မတ် ၁၆ ရက်တွင် ဖွင့်လှစ်သော တာချီလိတ်အိမ်တွင်းမှုကျောင်း ဖြစ် သည်။ သံယောဇဉ်ကြီးမားခဲ့ရသော ကျောင်းများ ဖြစ်၍ သင်တန်းကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသူများကို သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့ပါသည်။ ရိုးရာ ယဉ်ကျေးမှုကို အခြေခံ၍ ဆန်းသစ်တီတွင်မှုများ ပြုလုပ်ကြရန်လည်း တိုက်တွန်းမှာကြား ခဲ့သည်။
ဘုရင့်နောင်မင်းတရားကြီးကို
ဂါရဝပြု
ကော့သောင်းကိုရောက်မှတော့ မဖြစ်မနေ သွားရောက်ရမည့်နေရာတစ်ခု ရှိနေပါသည်။ ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုစိုက်ထူထားရာ ဘုရင့်နောင်အငူကိုပဲ ဖြစ်၏။ ဒီဇင်ဘာ ၆ ရက် ကံမော်ကြီး၊ စိုင်ဒင်းရွာများမှအပြန် သွားရောက် ကြည့်ရှုပြီး ဂါရဝပြုခဲ့သည်။ ဒီဇင်ဘာ ၄ ရက် ကလည်း ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ ကျင်းပ ပြုလုပ်သည့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက် မှု အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ဆောင်ရွက်မည့် လန်ချန်း- မဲခေါင်နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင် ခြင်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်း ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ပြီးနောက် ပဲခူးမြို့အထွက်နားဆီမှာ စိုက်ထူထားသော အမြင့် ၂၇ ပေရှိ ဘုရင့်နောင်ရုပ်တုကြီးကို သွားရောက် ကြည့်ရှုခဲ့ကြသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည့် မင်းတစ်ပါး မဟုတ်ပါလား။ ဘုရင့်နောင်အငူမှ ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်ရှု ရင်း ကော့သောင်းမြို့၏ ညနေဆည်းဆာကို နှုတ်ဆက်ခဲ့ပါသည်။ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်း သာယာမှုအပေါင်း ဆက်လက်ခညောင်းပါစေ ကော့သောင်းရေ။ ။
- Log in to post comments