
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ငလိုက်စခန်းသာဆင်စခန်း တောတွင်းဖြတ်လျှောက်လမ်း(သစ်သားတံတား)နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
=======================================================
နေပြည်တော် ဇန်နဝါရီ ၅
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ငလိုက်စခန်းသာဆင်စခန်း တောတွင်း ဖြတ်လျှောက်လမ်း (သစ်သားတံတား)နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်-မန္တလေး အမြန် လမ်းမိုင်တိုင် အမှတ်(၂၁၇)အနီးရှိ ငလိုက်စခန်း သာဆင်စခန်းသို့ရောက်ရှိပြီး စခန်းရှိ ဆင်များ အား ဆင်အစာအာဟာရများ ကျွေးမွေးသည်။
ရှင်းလင်းပြသ
ထို့နောက် ဒုတိယသမ္မတသည် ဆင်ပြ တိုက်အား လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် လက်ထောက်မန်နေဂျာ (ဆင်ဆေးကု) ဒေါက်တာမျိုးနေဇာတို့က ရှင်းလင်းပြသကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ကျွမ်းကျင်ဆင်လိမ္မာများ မိတ်ဆက်ခြင်း၊ အမည်ခေါ်ထူးခြင်း၊ ဂါရဝပြုအလေးပြုခြင်း၊ တေးသီချင်းဖြင့် ကပြခြင်း၊ ပစ္စည်းကောက်ယူ ပြခြင်း၊ ဟန်အမူအရာလုပ်ပြခြင်း၊ ဆင်ဦးစီးကို ခမောက်ဆောင်းပေးခြင်း၊ ဘောလုံးကန်ပြခြင်း နှင့် ဆုယူပြကွက်ပြသမှုများကို
အားပေး ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘတို့က လိုက်လံရှင်းလင်းပြသကြသည်။
အရှည်ဆုံးသစ်သားတံတားဖြစ်
အဆိုပါ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)သည် ထင်းရှူး တော ဆင်စခန်းမှ စားသောက်ဆိုင်ကမ်းခြေအထိ စုစုပေါင်းအရှည် ၄၈၁၇ ပေ ရှိပြီး အရှည်ပေ ၃၀၇၀ တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်း၊ တံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၄၀၉ ဒသမ ၆၅၅ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ သစ်သားတံတားများတွင် အရှည်ဆုံးသစ်သားတံတားဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ငလိုက်စခန်းသာဆင်စခန်း ကြိုးတံတား တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် အထွေထွေမန်နေဂျာ (အင်ဂျင်နီယာ) ဦးမိုးအောင်တို့က တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါကြိုးတံတားသည် အရှည်ပေ ၁၇၀၊ အကျယ် ၄ ပေရှိ Steel Structure အမျိုးအစားဖြစ်ပြီး တံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယသမ္မတသည် ရွှေကျွန်းတော နားနေဆောင်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ငလိုက်စခန်းသာ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)နှင့် ကြိုးတံတား တည်ဆောက် ပြီးစီးမှုအခြေအနေများ၊ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့မှုများ၊ တောတွင်းဖြတ် လျှောက်လမ်း(သစ်သားတံတား)တွင် မသန်စွမ်းသူများ အပန်းဖြေနားနေနိုင်ရေး ထည့်သွင်းတည်ဆောက်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအုန်းဝင်း၊ ဦးအုန်းမောင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ငလိုက် ဆင်စခန်းရှိ တောတွင်း ဖြတ်လျှောက်လမ်းနှင့် ကြိုးတံတားတည်ဆောက်ခြင်း ကို နေပြည်တော်ရှိ ဝန်ထမ်းများ၊ အနီးအနားရှိ ပြည်သူများ အားလပ်ရက်တွင် အပန်းဖြေအနားယူနိုင်စေရေး တည်ဆောက်ရန် စဉ်းစားမိခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးစီးပါက ဒေသတွင်း ပြည်သူများအတွက်သာမက ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လည်ပတ်နိုင်သည့် ခရီးစဉ်တစ်ခုအဖြစ် ဆက်လက် ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရာတွင်လည်း အများ ပြည်သူ ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် အရည် အသွေး သတ်မှတ်စံချိန်စံနှုန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ပြီးစီးပါက မိမိတို့ ကြိုးပမ်းဆောင်ရွက်ထားမှုအခြေအနေကို အများပြည်သူသိရှိပြီး လက်တွေ့လာရောက် အပန်းဖြေနိုင်ရေးအတွက် ကြော်ငြာအားကောင်းကောင်းဖြင့် အသိပေးမျှဝေ ခြင်းများ ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများပြည်သူများ လာရောက်အပန်းဖြေသည့် နေရာအဖြစ် သန့်ရှင်းသာယာလှပပြီး ဆွဲဆောင်မှု ရှိစေရန် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်သည့်အခြေအနေကို စီမံဆောင်ရွက် ပေးထားရန် လိုကြောင်း၊ ဆင်လိမ္မာများကို ယခုထက်ပိုမို၍ ပရိသတ်အား ဆွဲဆောင်နိုင်သည့် ပြကွက်များဖြင့် ဖျော်ဖြေနိုင်ရေးအတွက် လေ့ကျင့်ပေးခြင်း ကို တစိုက်မတ်မတ်ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထင်းရှူးစိုက်ခင်းသို့ ရောက်ရှိကြ ပြီး သုံးခွ ထင်းရှူးပင်များကို စိုက်ပျိုးပေးကြသည်။ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ငလိုက်ရေလှောင်တမံအတွင်း ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်