
မြစ်ကြီးနား ဒီဇင်ဘာ ၉
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာများထံ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးနိုင်ရေးအတွက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက် မည့် ကျေးရွာများထံ အမြန်ဆုံး လွှဲပြောင်းသုံးစွဲနိုင်ရေးနှင့် အချိန်နှင့် တစ်ပြေးညီ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စီမံကိန်းလုပ်ငန်းများတွင် ချေးငွေများ လွှဲပြောင်းအပ်နှံနိုင်ရေးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ကြပ်မတ်သုံးစွဲသွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ချေးငွေများကို ကျေးရွာ ကော်မတီများထံ လွှဲပြောင်းအပ်နှံသွားမည့် အစီအမံများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ကြပ်မတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ထပ်မံရင်းနှီးမတည် ပေးနိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်တင်ပြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် က မတည်လွှဲပြောင်းသွားမည့်ရန်ပုံငွေများကို လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)