
ဇင်ငြိမ်း
ဒီဇင်ဘာ ၉ ရက်သည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ချမှတ်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အသက်ဝင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့နိုင်ငံ များသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ တာဝန်ယူမှုနှင့် နိုင်ငံရေးကတိကဝတ်များ၏ အရေးပါမှုကို ပြသသည့်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်များကို အဖွဲ့ဝင် ၁၈၈ နိုင်ငံက ကတိပြုခဲ့ကြသည်။
ကုလသမဂ္ဂသည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ဒီဇင်ဘာ ၉ ရက်ကို အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် ဆောင်ပုဒ်မှာ “UNCAC at 20: Uniting the World Against Corruption” “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ကမ္ဘာ့ တစ်ဝန်းစည်းလုံးစို့” ဟု သတ်မှတ်ထားပါသည်။ ထို့ပြင် လာမည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် UN Convention against Corruption (UNCAC) ၏ နှစ်(၂၀) မြောက် နှစ်ပတ်လည်နေ့ နီးကပ်လာ သည်နှင့် အမျှ ယင်းကွန်ဗင်းရှင်းနှင့် ၎င်းကိုမြှင့်တင် ထားသောတန်ဖိုးများသည် ယခင်ကထက် ပို၍ အရေးကြီးပြီး အဂတိလိုက်စားမှုဆိုင်ရာ ရာဇဝတ်မှု များ ကိုင်တွယ်ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုများ တွင် လူတိုင်းပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းထားပါသည်။
အတားအဆီးတစ်ခုဖြစ်
ယနေ့ကမ္ဘာကြီးတွင် မျိုးဆက်များစွာအတွင်း လူသားများ၏ သာယာဝပြောမှုနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံးစိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရပါသည်။ ထိုစိန်ခေါ်မှုများထဲတွင် အဂတိလိုက်စားမှုသည် တစ်ခုအပါအဝင်ဖြစ်ပြီး အဂတိလိုက်စားမှုများကြောင့် လူသားအချင်းချင်း ခေါင်းပုံဖြတ်မှု၊ အနိုင်ကျင့်မှုနှင့် မတရားမှုများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။
သို့ဖြစ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကြား အရေးပါဆက်နွှယ်မှုကို မီးမောင်းထိုးပြရန်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့ကို ရည်ရွယ်ကျင်းပနေခြင်း ဖြစ်ပါသည်။ ထို့ပြင် အဆိုပါရာဇဝတ်မှုများကို ကိုင်တွယ် ဖြေရှင်းခြင်းသည် လူတိုင်း၏ အခွင့်အရေးနှင့် တာဝန် များဖြစ်သည်ဟူသော ခံယူချက်ထားရှိလာစေရန်နှင့် လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းတစ်ခုချင်းစီ၏ ပူးပေါင်းပါဝင်မှု၊ ပူးပေါင်းလုပ်ဆောင်မှုများဖြင့်သာ လျှင် အဂတိလိုက်စားမှုဖြစ်ပွားခြင်းနှင့် ၎င်း၏ ဆိုးကျိုးများကို ကျော်လွှားနိုင်မည် ဖြစ်ပါသည်။
နိုင်ငံများ၊ အစိုးရအရာရှိများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တရားဥပဒေစိုးမိုးရေး အရာရှိများ၊ သတင်းမီဒီယာ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍ၊ လူမှုအဖွဲ့ အစည်း၊ ပညာရေးဆိုင်ရာများ၊ ပြည်သူလူထုနှင့် လူငယ်များသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တွင် ပူးပေါင်းပါဝင်ရမည့် တာဝန်များရှိကြသည့် အလျောက် ယင်းသို့ စုပေါင်းကာကွယ်တားဆီးခြင်း ဖြင့်သာ လူသားတို့ ရင်ဆိုင်နေရသော အဂတိ လိုက်စားမှုဆိုင်ရာ ရာဇဝတ်မှုများကို တားဆီးနိုင် မည်ဖြစ်ပါသည်။
ထို့ပြင် အဂတိလိုက်စားမှုသည် နိုင်ငံအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အဓိကအတားအဆီးတစ်ခုဖြစ် နေပါသည်။ အဂတိလိုက်စားမှု၊ ပဋိပက္ခနှင့် မတည်ငြိမ်မှုများသည် အပြန်အလှန် ဆက်နွှယ် နေကြသဖြင့် ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ အားကစား၊ ကျား/မ တန်းတူညီမျှရေး၊ တရားမျှမှုရရှိရေး အစရှိသည့် လူ့အဖွဲ့အစည်း၏ တိုးတက်မှု နယ်ပယ်အားလုံးကို အဂတိလိုက်စားမှု များက ထိခိုက်စေလျက်ရှိပါသည်။
ထို့ပြင် အဂတိလိုက်စားမှုကြောင့် ပဋိပက္ခများ ဖြစ်ပေါ်စေပြီး ပဋိပက္ခများကို အရှိန်မြင့်တက်စေ လျက်ရှိပါသည်။ အခြားဘေးထွက်ဆိုးကျိုးများ အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှု များကြောင့် တရားဥပဒေစိုးမိုးရေးကို အားနည်းစေ ခြင်း၊ ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာစေခြင်း၊ သယံဇာတများကို တရားမဝင် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ အတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးခြင်းများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေလျက်ရှိပါသည်။
သို့ဖြစ်ရာ ယင်းအတားအဆီးများ ပပျောက်စေ ရေး လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေခြင်း နှင့် အင်စတီကျူးရှင်းများ ခိုင်မာစေခြင်းစသည့် လုပ်ငန်းစဉ်များသည် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။
စနစ်တကျ အဂတိလိုက်စားမှု
ကမ္ဘာ့ဘဏ်က အဂတိလိုက်စားမှု၏ အဓိပ္ပာယ် ကို ဖွင့်ဆိုသည်မှာ အပ်နှင်းထားသော လုပ်ပိုင်ခွင့် အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား ပြုလုပ်ခြင်းဟု ဆိုပါသည်။ ထိုသို့ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းများသည် အများပြည်သူ ရေးရာ ကဏ္ဍများတွင်ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍများ တွင်ဖြစ်စေ နယ်ပယ်အသီးသီးတွင် ဖြစ်ပွားနိုင်ပါ သည်။
အများပြည်သူဆိုင်ရာကဏ္ဍအတွင်း အဂတိ လိုက်စားမှုများသည် ဖြစ်စဉ်တစ်ခုချင်း episodic (a single act of corruption) သို့မဟုတ် စနစ်တကျ (အချိန်နှင့်အမျှ ကျယ်ကျယ်ပြန့်ပြန့် အဂတိ လိုက်စားနေခြင်းနှင့် ယင်းအမူအကျင့်များ) ဖြစ်နိုင် ပါသည်။ ထို့ပြင် ၎င်း၏ အကျိုးဆက်များသည် ပုံမှန် အားဖြင့် ဖြစ်စဉ်တစ်ခုအတွက်သာမက နယ်ပယ် အားလုံးသို့ ကျယ်ပြန့်စွာ ရောက်ရှိစေနိုင်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်လာသော အကျင့် ပျက်ခြစားမှုမှန်သမျှသည် ပြင်းထန်သော ကိုယ်ကျင့် တရားပျက်စီးမှုများ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ထိုမှတစ်ဆင့် ကျယ်ပြန့်စွာ အမြစ်တွယ်လာသည့် အကျင့်ပျက်ခြစားမှုကြောင့် ကျင့်ဝတ်သိက္ခာမဲ့သော လူ့အဖွဲ့အစည်း ယဉ်ကျေးမှုဆီသို့ ဦးတည်သွားကာ စနစ်ကျသော အဂတိလိုက်စားမှုအဖြစ် ကြီးထွား လာပါသည်။
အများပြည်သူ့ကဏ္ဍတွင် စနစ်ကျအဂတိ လိုက်စားမှုများကြောင့် အစိုးရအဖွဲ့အစည်းများ အပေါ် လူထုယုံကြည်မှုပျက်ပြားစေကာ မူဝါဒ ခိုင်မာမှုကို ထိခိုက်စေသဖြင့် ပြည်သူ့ကဏ္ဍ ရလဒ် များ ကမောက်ကမ ဖြစ်စေပါသည်။ ၎င်းသည် အဂတိလိုက်စားသည့် ကိုယ်ကျိုးရှာအဖွဲ့အစည်း ယဉ်ကျေးမှုဖြစ်ပေါ်စေသည့်အတွက် အများပြည်သူ ကဏ္ဍအပေါ် နက်နက်ရှိုင်းရှိုင်း ဆိုးကျိုးများ သက်ရောက်စေလျက်ရှိပါသည်။
အများပြည်သူဆိုင်ရာ စနစ်တွင်ဖြစ်စေ၊ ပုဂ္ဂလိကဆိုင်ရာတွင်ဖြစ်စေ ပုံစံအမျိုးမျိုးဖြင့် ပါဝင် ပတ်သက်သူများ၏ ကျယ်ပြန့်သောအကျိုးစီးပွားများကြောင့် စနစ်တကျ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် လွန်စွာခက်ခဲစေတတ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စနစ်တကျ ကြိုးပမ်းအားထုတ်ရာတွင် သက်ဆိုင်ရာ ကဏ္ဍများကို အခြေခံ၍ ပြင်ပထိန်းချုပ်မှုများ အပါအဝင် (ဥပဒေနှင့် စည်းမျဉ်းများ အပါအဝင်) လူထု၏ ကျယ်ပြန့်စွာပူးပေါင်းပါဝင်မှု အပေါ်အခြေခံ ရန် လိုအပ်ပါသည်။
အဂတိလိုက်စားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး
အဂတိလိုက်စားမှုသည် နိုင်ငံအားလုံးတွင် တွေ့ရသည့် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တစ်ခု ဖြစ်ပါ သည်။ သို့သော်လည်း အထောက်အထားများအရ အဂတိလိုက်စားမှုသည် အခြားသူများထက် ဆင်းရဲသူများအပေါ် ထိခိုက်စေလျက်ရှိသည်ကို တွေ့ရပါသည်။ ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အဟန့်အတားဖြစ်စေသည့်အပြင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဘဏ္ဍာငွေများအပေါ် အလွဲသုံးစားမှုများ ဖြစ်စေ လျက်ရှိပါသည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ထရီလီယံခန့် လာဘ်ပေး လာဘ်ယူလျက်ရှိပြီး အကျင့်ပျက်ခြစားမှုများမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံ ခိုးယူခံနေရကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါသည်။
ကမ္ဘာတစ်ဝန်း အဂတိလိုက်စားမှု ပုံစံအမျိုးမျိုး ရှိကြပါသည်။ ယင်းသို့သော ပုံစံအမျိုးမျိုးတွင် အများဆုံးတွေ့ရသည့် ပုံစံများမှာ လာဘ်ပေး လာဘ်ယူမှု၊ လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ငွေညှစ်မှု၊ ဖြတ်စားလျှပ်စားမှု၊ မလျော်ဩဇာသုံး၍ အကျိုး အမြတ်ရှာမှု၊ ခရိုနီဝါဒ/လက်ဝါးကြီးအုပ်မှု၊ ဆွေမျိုး ကောင်းစားရေးဝါဒ၊ သူကောင်းပြုမှုဝါဒ၊ ကိုယ်ရေး ကိုယ်တာ အကျိုးအမြတ်အတွက် သတင်းအချက် အလက်များ တရားမဝင် ရယူအသုံးပြုခြင်း၊ အမြန် ကြေးပေးရခြင်း၊ ထိန်းသိမ်းတာဝန်ယူရန် တရားဝင် အပ်နှင်းထားသော ငွေကြေး/ပစ္စည်းများကို အလွဲသုံးစားပြုလုပ်မှု၊ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်ခြင်းတို့ဖြစ်ကြောင်း UNDP က ဆိုပါသည်။
ထိုသို့ပုံစံအမျိုးမျိုးဖြင့် အဂတိလိုက်စားမှု ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆုံးရှုံးသွားသည့် ရန်ပုံငွေပမာဏသည် တရားဝင်ဖွံ့ဖြိုးရေး အကူအညီ အားလုံး၏ ဆယ်ဆခန့်ရှိကြောင်း ခန့်မှန်းထားပါ သည်။ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကြောင့် ဖြစ်လာသည့်အကျိုးဆက်များသည် လူ့အဖွဲ့အစည်း ၏ တိုးတက်မှုအခွင့်အလမ်းများအတွက် အကြီးမား ဆုံး စိန်ခေါ်မှုဖြစ်နေကြပါသည်။
သို့ဖြစ်ရာ အဂတိလိုက်စားမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးသည် ဆန့်ကျင်ဘက် အသွင်ဆောင်လျက်ရှိပြီး အဂတိလိုက်စားမှုများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေခြင်း၊ ဝင်ငွေမညီမျှမှု ပိုမို ဆိုးရွားစေခြင်း၊ အစိုးရဝန်ဆောင်မှုစရိတ်များ မြင့်တက်စေခြင်း၊ အစိုးရအပေါ် ယုံကြည်မှုကျဆင်း စေခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်စေ သဖြင့် နိုင်ငံ၏စီးပွားရေးအပေါ် တိုက်ရိုက်ထိစေ သည့်အပြင် အခြားဖွံ့ဖြိုးရေးကဏ္ဍများသို့လည်း သွယ်ဝိုက်၍ ထိခိုက်စေလျက်ရှိပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အဂတိလိုက်စားမှု၏ အကျိုး ဆက်များကို ပြင်းထန်စွာ ခံစားနေကြပါသည်။
မြန်မာနိုင်ငံမှ အကောင်အထည်ဖော်နေမှု
မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးအတွက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Against Corruption) သို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် တရားဝင်အတည်ပြု ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
ယင်းပြဋ္ဌာန်းခဲ့သည့် ဥပဒေအညီ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကွန်ဗင်းရှင်းဆိုင်ရာ အကြံပြုချက်များအရ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်တွင် စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပါသည်။ ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေ ကို ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နှစ် အလိုက်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် လျက်ရှိရာ ယခုအခါ အဂတိလိုက်စားမှု တိုက်ဖျက် ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပါသည်။ ထို့ပြင် အများပြည်သူဆိုင်ရာ လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မြှင့်တင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) များ ဖွဲ့စည်းထားပါသည်။
ထို့ပြင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရန်အတွက် information and communication Technology-ICT အခြေပြု အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP) ကို Short Code “1111” အသုံးပြုလျက်ရှိပါသည်။ ယင်း အစီအစဉ်ကို ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ထိုအစီ အစဉ်တွင် အများပြည်သူကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်လာစေရေး အသိပညာပေးမှုများ လုပ်ဆောင် လျက်ရှိပါသည်။
ကျယ်ပြန့်သော လူထုပူးပေါင်းပါဝင်မှု
အဂတိလိုက်စားမှုသည် အဓိကအားဖြင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီမှ နိုင်ငံ အဆင့်အထိ တဖြည်းဖြည်း လှိုက်စားတတ်သည် ဖြစ်ရာ အဂတိလိုက်စားမှုကို မသိကျိုးကျွန်ပြုခြင်း သို့မဟုတ် ကိုယ်တိုင်က တစ်နည်းနည်းနှင့် ပါဝင်ပတ်သက်ခြင်းသည် အုပ်ချုပ်မှုလုပ်ငန်းစဉ်ကို လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်ကို လည်းကောင်း ပျက်စီးထိခိုက်စေလျက် ရှိပါသည်။
အဂတိလိုက်စားမှုမဖြစ်စေရန် ကြိုတင် တားဆီးခြင်း သို့မဟုတ် ဥပဒေဖြင့် ထိန်းကျောင်းခြင်း ဖြင့် အဂတိလိုက်စားမှုများကို လျှော့ချခြင်း၊ ပပျောက်စေခြင်းများ လုပ်ဆောင်နိုင်ပါသည်။ သို့သော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို လူတစ်ဦးတည်း၊ ဌာနတစ်ခုတည်း၊ အဖွဲ့အစည်း တစ်ခုတည်းဖြင့် လုပ်ဆောင်၍မရဘဲ အားလုံး စုပေါင်း တိုက်ဖျက်ကြမှသာ ထိရောက်သောရလဒ်ကို ရရှိနိုင်ပါသည်။
အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက် ရန် အားယူနေကြရသည့် နိုင်ငံများသည် အဂတိ လိုက်စားမှုများကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများကို ထိခိုက်စေလျက်ရှိပါသည်။ ထို့ပြင် ယင်းအဂတိလိုက်စားမှုများသည် ဆင်းရဲသူ များကို ပိုမိုနစ်နာစေလျက်ရှိကြပြီး နိုင်ငံ၏ ဆင်းရဲ မွဲတေမှုကို ပိုမိုနက်ရှိုင်းစေလျက်ရှိပါသည်။ အဂတိ လိုက်စားမှုများ၏ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်သည့် ဝင်ငွေမညီမျှမှု၊ လူတန်းစားကွာဟမှုနှင့် တရားဥပဒေစိုးမိုးရေး အားနည်းလာမှုတို့ကြောင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
သို့ဖြစ်ရာ တစ်ဦးတစ်ယောက်တည်း၏ အဂတိ လိုက်စားမှုသည် ထိခိုက်မှုများစွာ မရှိနိုင်ဟု ထင်မြင် ယူဆကောင်း ယူဆနိုင်သော်လည်း အဂတိ လိုက်စားနေသူ တစ်ဦးချင်းများပြားလာသည်နှင့် စနစ်တကျ အဂတိလိုက်စားမှုအသွင်ဖြစ်လာပြီး တိုက်ရိုက်ဆိုးကျိုးများနှင့် သွယ်ဝိုက်သည့် ဘေးထွက်ဆိုးကျိုးများ ကျယ်ပြန့်လာမည်ဖြစ်ပါ သည်။ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဥပဒေ ပိုင်းအရ အရေးယူမှုများလုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့ တစ်ဖက်တွင် အဂတိလိုက်စားမှုသည် ကျင့်ဝတ်ပိုင်းအရ အကျင့်စာရိတ္တပျက်ယွင်းမှုအဖြစ် ငယ်စဉ်ကပင် အသိပညာပေးသင်ကြားပေးကြရ မည် ဖြစ်ပါသည်။
သို့ဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လတ်တလောဖြစ်စဉ်များအလိုက် အရေးယူခြင်း၊ အပြစ်ပေးခြင်းများအပြင် ရေရှည်အတွက်မူ အဂတိ လိုက်စားမှုကို ဖြစ်ပေါ်စေသည့် အရင်းခံအကြောင်း တရားများကို ဖြေရှင်းကြရမည် ဖြစ်ပါသည်။ ထိုသို့ ဖြေရှင်းရာတွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ လက်တွဲ တိုက်ဖျက်ခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိရောက် စေနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ကမ္ဘာ့တစ်ဝန်းစည်းလုံးစို့” ရည်မှန်း ချက်နှင့်အညီ လူထုတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် အဂတိလိုက်စားမှုကို စုပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
- Log in to post comments