ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ခ) ဒုတိယပွဲစဉ် ဝေးလ်အသင်းကိုအနိုင်ရသည့် အီရန်တို့ နောက်တစ်ဆင့်တက်‌ရောက်ရန် အခွင့်အရေးကောင်း

 

ကာတာ၌ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအုပ်စု (ခ)၏ ပွဲစဉ်(၂)မှ  ဝေးလ်အသင်းနှင့်   အီရန်အသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲက ကျင်းပရာ   အီရန်အသင်းက နှစ်ဂိုးပြတ်   အနိုင်ရရှိခဲ့သည်။  ယခုပွဲအနိုင်ရရှိခဲ့သော   အီရန် အသင်းသည် နောက်တစ်ဆင့်သို့  တက်ရောက်ရန်   အခွင့်အရေး ကောင်း ပိုင်ဆိုင်ခဲ့သည်။ 

 


ဝေးလ်အသင်းသည် ယခုပွဲစဉ်တွင် ဘေးလ်၊ မော်ရီ၊ ရမ်ဆေး စသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်လာခဲ့သော်လည်း အီရန်အသင်း၏   မာထန်သည့်ကစားဟန်ကြောင့်  ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး ရှုံးပွဲနှင့်ကြုံတွေ့ကာ နောက်တစ်ဆင့်တက်ရောက် ရေး မျှော်လင့်ချက် မှေးမှိန်ခဲ့ရပြီ ဖြစ်သည်။ 

 


ယခုပွဲစဉ်အတွက် အလှည့်အပြောင်းမှာ ပွဲချိန် ၈၆ မိနစ်တွင် ဖြစ်ပေါ်ခဲ့ပြီး  ဝေးလ်အသင်းမှ ဂိုးသမား   ဟန်နက်ဆီ ပြိုင်ဘက် ကစားသမားကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သည့်အတွက် အနီကတ် ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် တစ်ယောက်လျော့ ဝေးလ်အသင်း ဘက်သို့ သွင်းဂိုးများရရှိရေးအတွက်   အီရန်အသင်းက  တရစပ် ဖိအားပေး တိုက်စစ်ဆင်ထိုးဖောက်မှု ပြုလုပ်လာနိုင်ခဲ့သည်။ 

 


ပွဲချိန်ပြည့်ခါနီးတွင်    အီရန်အသင်းက   ဦးဆောင်ဂိုးရရှိခဲ့ပြီး ချက်စ်မီက အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့သည်။ အချိန်ပိုမိနစ်  တွင် အီရန်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ရာမင်ရေဇီအိန်းက သွင်းယူခဲ့ သည်။ အီရန်အသင်းသည် ယခုနိုင်ပွဲကြောင့် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် သုံးမှတ်ရရှိထားပြီး ဝေးလ်အသင်းက နှစ်ပွဲကစား တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် တစ်မှတ်သာ ရရှိထားသေးသည်။ 

 


ကာတာတို့ ရှုံးပွဲဆက်    


ည ၇ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသည့် အုပ်စု(က)မှ ကာတာ နှင့် ဆီနီဂေါပွဲတွင် ဆီနီဂေါက သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရသည်။     အိမ်ရှင် ကာတာတို့ ရှုံးပွဲဆက်ကာ နှစ်ပွဲကစား နှစ်ပွဲရှုံးသဖြင့် အုပ်စုအဆင့်မှထွက်ရန် သေချာသလောက်ရှိသွားသည်။ ဆီနီဂေါက နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ် ရထားသည်။

 


ည ၁၀ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသည့် နယ်သာလန်နှင့် အီကွေဒေါတို့ပွဲတွင် တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။ အုပ်စု(က)တွင် နယ်သာလန်နှင့် အီကွေဒေါတို့  နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ လေးမှတ်စီ ရထားသည်။

 


နိုဝင်ဘာ ၂၅ ရက်  နံနက် ၁ နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား  အုပ်စု (ဆ) ပွဲစဉ်   (၁) မှ နာမည်ကြီး ဘရာဇီးနှင့် ဆားဘီးယားအသင်း တို့ပွဲစဉ်တွင် ဘရာဇီးအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

 


အခြားပွဲစဉ် ရလဒ်များ


အခြားပွဲစဉ် ရလဒ်များမှာ နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီခွဲက ယှဉ်ပြိုင်ကစားသည့် အုပ်စု (ဇ)မှ ဥရုဂွေးနှင့် တောင်ကိုရီးယား တို့ပွဲမှာ ဂိုးမရှိသရေဖြစ်ခဲ့ပြီး ည ၁၀ နာရီခွဲတွင် ယှဉ်ပြိုင်သည့် ပေါ်တူဂီနှင့် ဂါနာတို့ပွဲတွင် ပေါ်တူဂီက သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရ သည်။   ပေါ်တူဂီမှ   စီရော်နယ်ဒိုက  ကမ္ဘာ့ဖလား  ငါးကြိမ်ကစား ငါးကြိမ် ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာ သည်။      

                                                        
အောင်ဇော်