ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၂၉

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းမှ ဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများက Online မှ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် လူဇင်ဘတ်အစိုးရ ၏ Aid & Development Agency ဖြစ်သည့် Lux Dev တို့နှင့် ပူးပေါင်းရေးဆွဲထားသည့် Myanmar Tourism Strategic Recovery Roadmap (MTSRR) (2021-2025) ကို နိုင်ငံတော်အဆင့်က အတည်ပြုပေးခဲ့ပြီးဖြစ်သည့် အတွက် လာမည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း “ခရီးသွား တွေကို ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရမယ်၊ သင်တန်းတွေပေးရမယ်၊ COVID Safe Service ဝန်ဆောင်မှု ပေးနိုင်တဲ့လုပ်ငန်းတွေကို ခရီး သွားတွေ သိရှိရွေးချယ်နိုင်ဖို့ အသိအမှတ်ပြုလက်မှတ်တွေ ပေးရမယ်”ဟု ပြီးခဲ့သည့် (၁/၂၀၂၀) အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး တွင် လမ်းညွှန်မှာကြားထားရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ UNWTO, WTTC စသည့် နိုင်ငံတကာခရီးသွား အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့်အညီ Ench-anting Myanmar Health and Safety Protocol (HSP) ကို ရေးဆွဲပြုစုပြီး နိုင်ငံတော်အဆင့်က အတည်ပြုပေးခဲ့ပြီး ဖြစ်သည့်အတွက် တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ပါ ကြောင်း။

HSP ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားကျွမ်းကျင်မှု စိစစ်အသိအမှတ်ပြုရေး အာဏာပိုင် အဖွဲ့တို့နှင့် ပူးပေါင်းပြီး COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် Inspector Training for Inspection တို့ကို တတိယအသုတ်နှင့် စတုတ္ထ အသုတ် အထိ ရန်ကုန်နှင့် မန္တလေးတို့တွင် ဆင့်ပွားသင်တန်းများ ပို့ချလျက်ရှိပါကြောင်း။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းပြေးဆွဲမှု များကို ဒီဇင်ဘာ ၁၆ ရက်မှစ၍ ပြန်လည်စတင်ခဲ့ပါကြောင်း၊ Enchanting Myanmar Health and Safety Protocol (HSP)ကို လိုက်နာ၍ ခရီးသွားနိုင်သည့် ယုံကြည်မှု ပြန်လည်ရရှိရန် မြန်မာနိုင်ငံတွင် COVID Safe Travel ဖြစ်နိုင်သည်ကို နိုင်ငံတကာသို့ ပြသနိုင်ရန် Non Landing Sightseeing Flight နှင့် River Cruise များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီးပြေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း။

ဆက်လက်၍ Day Trip Flight to Ngapali, Day Trip Flight to Bagan နှင့် Caravan Tour တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများ စနစ်တကျ ပြန်လည်စတင်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း။

ကိုဗစ်-၁၉ အလွန်ကာလတွင် အရေးပါလာမည့် ကျေးလက်ဒေသ Rural Tourism ဖြင့် နိုင်ငံ၏ ခရီးသွား အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ပတ်၀န်းကျင် ကျေးရွာများတွင် Rural Tourism စတင်နိုင်ရန်အတွက် ကွင်းဆင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း ၍ Heritage & Cultural Tourism, Nature Based & Eco Tourism, Agricultural & Farming Tourism, Coastal Inland Water Tourism, River & Rail Tourism, Adventure & Sports Tourism, Gastronomy Tourism, Caravan Tourism, Urban & MICE Tourism များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ညီနောင် အသင်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါ၀င်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် Online မှ တက်ရောက်လာကြသည့် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက အသင်းအဖွဲ့ များမှ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ Yellow Campaign တွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ အင်းလေး ရေပေါ်ဈေး အောင်မြင်အောင် အကောင်အထည်ဖော်မည့် အခြေအနေ၊ Non Landing Sightseeing Flight နှင့် River Cruise ခရီးစဉ် ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက် မည့်အခြေအနေ၊ Agricultural & Farming Tourism ဆောင်ရွက်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ အထင်ကရ အစားအသောက်များ၊ ဗီဒီယိုရိုက်ကူးမည့် အခြေအနေနှင့် ချေးငွေဆိုင်ရာကိစ္စရပ်များအပါအဝင် ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များက ပြည်တွင်းခရီးသွား Survey ကောက်ယူမည့်အခြေအနေ၊ ခရီးစဉ်များ ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် COVID-19 Safe Service Master Trainer & Inspector Training for Inspection သင်တန်းများတွင် အသင်းအဖွဲ့ များမှ ပါဝင်တက်ရောက်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ပြီး ဒုတိယဝန်ကြီး ဦးတင်လတ်က အသင်းဥက္ကဋ္ဌများမှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ Enchanting Myanmar Health and Safety Protocol (HSP) ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်