
နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ သောမတ်စ်လာ့ဇ်လို ဗိုင်ဒါအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည်။
မစ္စတာ သောမတ်စ်လာ့ဇ်လို ဗိုင်ဒါကို ၁၉၆၆ ခုနှစ်၊ ဇွန်လတွင် အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် မွေးဖွားခဲ့သည်။ ၎င်းသည် စတန်းဖို့တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ဖလက်ချာဥပဒေနှင့် သံတမန် ရေးရာကျောင်းမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျာမနီ နိုင်ငံ၊ အယ်လ်ဘေးနီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရှိ အမေရိကန် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိ လင်္ကာ၊ ဘူတန်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့အား တာဝန်ယူဆောင်ရွက်သည့် ဒုတိယလက်ထောက်ဝန်ကြီးအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဂျာမန်ဘာသာစကားတတ်ကျွမ်းပြီး အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သားသမီးနှစ်ဦးရှိသည်။
သတင်းစဉ်