
မောင်အောင်
“ဟာ ဦးကျော်မြိုင်တို့ ရောက်နေကြပြီလား။ ဘယ်အချိန်ကတည်းက ရောက်နေကြတာလဲ။”
ဇေယျာသီရိမြိုနယ် ပင်လောင်းလမ်းမကြီး အရှေ့ဘက်တောင်သူများ စုဝေးရောက်ရှိနေသည့် မဏ္ဍပ်ရောက်သည့်အခါ ကြိုဆိုနေသည့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများနှင့်အတူ သစ်တပ် ကျေးရွာမှ တောင်သူကြီး ဦးကျော်မြိုင်ကိုမြင်၍ ဦးအောင်က နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ဦးကျော်မြိုင်နှင့်အတူ တောင်သူဦးကြီးများ ၅ဝ ခန့် ရောက်ရှိနေကြသည်။
“အဘနဲ့ ရှေ့ဆင့်နောက်ဆင့်ပါ။ ကျွန်တော်တို့ က အဘလာမယ်ကြားလို့ ပြေးလာခဲ့ကြတာ။ အဘ ကို ပြောစရာရှိလို့လေ။ ရွာကလူတွေလည်း ရောက်လာကြလိမ့်မယ်။”
“ကဲ - ပြောစရာရှိတာ ပြောပါဗျာ။ ကျွန်တော်က လည်း ကျွန်တော်တို့ တောင်သူတွေပြောတာတွေ ကို ကြားချင်လွန်းလို့ စနေ၊ တနင်္ဂနွေဆိုရင် မနား ဘဲနဲ့ တစ်ရွာပြီးတစ်ရွာ သွားနေတာပါ။ ကဲ - ပြော တာလည်းပြောတာပေါ့။ အားလုံးလည်း ထိုင်ကြပါ ဦး။”
ဦးအောင်က ပြောရင်းဆိုရင်း မဏ္ဍပ်တွင်းရှိ ရှေ့ဆုံးကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ၁၂ ပေ ပတ်လည်ခန့်အကျယ်ရှိ မဏ္ဍပ်ကလေးသုံးခု ဆက်ထားသဖြင့် မဏ္ဍပ်က မကျဉ်းမကျယ်ပါ။ နောက်မှီပါ ပလတ်စတစ်ကုလားထိုင်များ ခင်းထား ၍လည်း တောင်သူဦးကြီးများ ထိုင်ရသည်မှာ သက်သောင့်သက်သာ ရှိပါသည်။ အခမ်းအနား စတင်ခွင့်ပြုရန် စိုက်ပျိုးရေးဦးစီးဌာနမှ သမီးပျိုများ က ဦးအောင်ကို ခွင့်တောင်းလာသည်။
“ကဲ - အခမ်းအနားပုံစံတွေ ဘာတွေလုပ်မနေ နဲ့။ ကဲ ဦးကျော်မြိုင် ခင်ဗျားပြောစရာရှိတယ်ဆိုတာ ဘာလဲ။ ပြောလေ။”
ဦးအောင်က ဦးကျော်မြိုင်ပြောချင်တာ ပြော၍ ရအောင် ဖွင့်ပေးလိုက်သည်။
“ လှမြင့်၊ ရွာတုန်းက မင်းပဲ အဘနဲ့တွေ့ရင် ပြောမယ်ဆိုတာ ပြောလေကွာ။”
ကိုကျော်မြိုင်က တစ်ရွာတည်းသား ကိုလှမြင့်၏ ဆန္ဒကို ဆွပေးလိုက်သည်။
“အဘ၊ အဘအခုလို ကျွန်တော်တို့ လယ်ကွင်း တွေကိုလာ၊ ကျွန်တော်တို့ တောင်သူတွေနဲ့ တွေ့ဆုံ ပြီး ကျွန်တော်တို့ စိုက်တဲ့သီးနှံတွေ အထွက်တိုးဖို့၊ ဝင်ငွေတိုးဖို့ကို လက်တွေ့လုပ်ပေးနေတာတွေကို တွေ့ရတော့ အဘတို့ဝန်ကြီးဌာနရဲ့ စေတနာကို အများကြီးလေးစားပါတယ်။ ကျေးဇူးလည်းတင်ပါ တယ်။ ပြီးခဲ့တဲ့အပတ်ထဲက တပ်ကုန်း ဂွေးပင်ရွာက ကျွန်တော့်ယောက်ဖဆီသွားတော့ သူတို့လယ်တွေ ကို စနစ်ကျလယ်ယာမြေဖော်ထုတ်ပေးနေတယ်လို့ ပြောတယ်။ စနစ်ကျလယ်ယာမြေဖော်ထုတ် လိုက်ရင် ရေသွင်းမြောင်း၊ ရေထုတ်မြောင်းနဲ့ ကုန်ထုတ်လမ်းတွေပါ ပါတာကြောင့် စိုက်ပျိုးရေကို မျှမျှတတရရှိတဲ့အပြင် ကုန်ထုတ်လမ်းကြီးကလည်း ဖြူးနေတာကြောင့် ကိုယ့်သီးနှံ ရင့်မှည့်လာရင် ကိုယ်ကြိုက်တဲ့အချိန် ရိတ်လို့ရတယ်။ ထုတ်လို့ ရတယ်။”
“ဟေ့ကောင် လှမြင့် ၊ တိုတိုနဲ့ လိုရင်းပြောကွာ။ ငါတို့လည်း ပြောစရာရှိသေးတယ်။”
နောက်ဘက်မှ တောင်သူတစ်ယောက်က ကိုလှမြင့်ကိုလှမ်း၍ ပြောလိုက်သည်။
“အေးပါ ပြောပါပြီကွ။” ကိုလှမြင့်က နောက်ကို လှမ်း၍ ပြောလိုက်ရင်း “ အဲဒီတော့ ကျွန်တော် ပြောချင်တာက အဲဒီလို စနစ်ကျလယ်ယာမျိုး ကျွန်တော်တို့လည်း ဖော်ချင်တယ်။ ကျွန်တော်တို့ လယ်မှာလည်း ဖော်ထုတ်ပေးပါ။”
ကိုလှမြင့်က သူ့စကားကို အဆုံးသတ်ရင်း ဦးအောင်ကို လှမ်း၍ ကြည့်လိုက်သည်။
“ကိုလှမြင့်၊ အဲဒီစနစ်ကျလယ်ယာမြေဖော်ထုတ် ရင် တစ်ဧကဘယ်လောက်ကုန်ကျမယ်ထင်သလဲ။”
“မသိဘူးလေ အဘရဲ့ ကျွန်တော့်လယ်မှ မဖော် ထုတ်ဖူးပဲ။”
“အဲဒီစနစ်ကျ လယ်ယာမြေဖော်ထုတ်ရင် လယ်တစ်ဧကကို ၁၃ သိန်းကနေ ၁၆ သိန်းလောက် အထိကုန်တယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ရတဲ့ အဆင့်တွေအများကြီးရှိတယ်။ ဒါ့ကြောင့် ကုန်ကျ စရိတ်မျှတအောင် အနည်းဆုံးဧက ၁ဝဝ မှာ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ကြတာ။ ပထမဆုံး မြေညှိရတယ်။ တချို့လယ်တွေ အရှေ့ထိပ်နဲ့ အနောက်ထိပ်၊ တောင်ထိပ်နဲ့မြောက်ထိပ်၊ မြေအနိမ့် အမြင့်သိပ်ပြီးကွာခြားရင် မြေလယ်ဗယ်ညှိရတာ ကြောင့် ပိုက်ဆံအများကြီးကုန်တယ်။ ပြီးတော့ မြေတိုင်းအဖွဲ့က မြေပုံဆွဲ၊ ပန္နက်ရိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ထုတ်လမ်းတွေ၊ ရေပေး မြောင်းတွေ ထည့်သွင်းတည်ဆောက်ရတာကြောင့် မြေက ဝ ဒသမ ၅ ရာခိုင်နှုန်းကနေ တစ်ရာခိုင်နှုန်း အထိ လျော့သွားတတ်တယ်။ လျော့တဲ့မြေကို မြေဧကအလိုက် အချိုးကျကျခံဖို့ကို မြေကွက် အကျယ် တိတိကျကျ တိုင်းရတယ်။ ပြီးတော့မှ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ လယ်ကြားမြောင်း နဲ့ ကုန်ထုတ်လမ်းတွေဖောက်ပေးရတာ။ အဲဒါမှ စနစ်ကျလယ်ယာမြေဖြစ်လာတာ။”
“အဲဒီတော့ ကျွန်တော်တို့ဆီမှာလည်း ထပ်ပြီး လုပ်ပေးလေ အဘရဲ့။”
လက်ရှိရောက်နေသည့်နေရာမှာ စနစ်ကျ လယ်ယာမြေဖော်ထုတ်ပြီး မြေကွက်ဖြစ်သဖြင့် ကိုလှမြင့်က ထပ်မံတောင်းဆိုလိုက်ခြင်းဖြစ်သည်။
“အေး ကိုလှမြင့်၊ ဖော်ထုတ်ချင်တာကို ကျွန်တော် အပြစ်မပြောပါဘူး။ ကျွန်တော်တို့ တောင်သူတွေက စနစ်ကျလယ်ယာမဖော်ထုတ်ခင် က ဖော်ထုတ်ဖို့စည်းရုံးတော့ အတော်လေးပြောရ တယ်။ အခုသူများလည်းလုပ်ပြီးလို့ အကျိုးရှိတာ လည်းမြင်ရော သူလည်းလုပ်ချင်၊ ငါလည်းလုပ်ချင် ဖြစ်လာကြတယ်။”
“ဒါကတော့ လူ့သဘာဝပဲလေ အဘရဲ့။ လက်တွေ့လုပ်ပြလို့ အကျိုးရှိတယ်ဆိုရင် ရချင် တာ၊ လုပ်ချင်တာက လူ့သဘာဝပဲလေ။ အဲဒါနဲ့ လာမယ့်နှစ် ကျွန်တော့်လယ်တွေလုပ်ပေးမှာလား။”
“အေး ကိုလှမြင့်၊ ကျွန်တော်တို့ စနစ်ကျ လယ်ယာမြေဖော်ထုတ်ပေးတာ တစ်နှစ်ကို တစ်မြို့ မှာ ဧက ၁ဝဝ ပဲ ဖော်ထုတ်ပေးတာ။ ကျွန်တော်တို့ နိုင်ငံမှာ မြို့ပေါင်း ၃၃ဝ ရှိတယ်။ ဒီနေပြည်တော် ပြည်ထောင်စုနယ်မြေမှာကို ရှစ်မြို့နယ်ရှိတဲ့အတွက် တစ်နှစ်ကို ဧက ၈ဝဝ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ပေးရတာ။ အစိုးရဆိုတာက မိဘနဲ့ သားသမီးလိုပေါ့ဗျာ။ မိဘဆိုတာက ကိုယ့်သားသမီး တွေကို ကျွေးမွေးတာ၊ အဝတ်အစား ဝယ်ပေးတာ၊ မျှမျှတတလုပ်ပေးရတာ။ အဲဒီတော့ ခင်ဗျားတို့ ဇေယျာသီရိမြို့နယ်မှာကို ကျေးရွာအုပ်စုတွေ အများ ကြီးရှိနေတော့ မျှတပြီး လုပ်ပေးနေရတာ တဖြည်း ဖြည်းတော့ လာမှာပေါ့ဗျာ။”
“အဘ အခုလိုထယ်ရေးမလိုဘဲ မျိုးစေ့ချစက်နဲ့ မတ်ပဲစိုက်တာ ကျွန်တော်တို့ လယ်မှာလည်း လုပ်ပေးပါအဘ။ ကောက်စိုက်စက်နဲ့ စပါးစိုက်တုန်း ကလည်း ကိုကျော်မြိုင်ကြီးလယ်ပဲ။ စပါးမှည့်လို့ ရိတ်သိမ်းခြွေလှေ့စက်နဲ့ သရုပ်ပြတော့ စပါးသိမ်း တော့လည်း ဒီနေရာပဲ။ အခုထယ်ရေးမလိုဘဲ မတ်ပဲ မျိုးစေ့ချစိုက်တော့လည်း ဒီလယ်ပဲ ဖြစ်နေတယ်။ ဒါ့တော့ နည်းနည်းတော့များသွားပြီထင်တယ်။”
ဦးအောင်၏ စကားအဆုံးတွင် နောက်နားမှ စောစောက ကိုလှမြင့်ကို စကားဖြတ်ခိုင်းသည့် တောင်သူကြီးကဖြတ်၍ပြောလိုက်သဖြင့် ဦးအောင် သူ့မျက်နှာကို လှမ်း၍ကြည့်လိုက်သည်။ စိတ်ဆိုး မာန်ဆိုးဖြင့် ပြောခြင်းမဟုတ်။ အမှန်တကယ်မျှမျှ တတဖြစ်စေလို၍ ပြောခြင်းဖြစ်ပြီး မျက်နှာက ပြုံးတုန်းတုန်းဖြစ်နေသည်။
“မများပါဘူး ယောက်ဖရာ။ ငါ့လယ်က လမ်းမ ကြီးနဲ့နီးတော့ ဒို့တောင်သူတွေကို သရုပ်ပြရတာ လွယ်တာရယ်၊ နောက်ပြီး ငါကိုယ်တိုင်ကလည်း စိုက်ပျိုးရေးတို့၊ စက်မှုလယ်ယာတို့နဲ့ အမြဲတမ်း ဆက်သွယ်ပြီး စပါးပြီးရင် ဘာစိုက်သင့်တယ်။ ဘယ်လိုနည်းနဲ့စိုက်သင့်တယ်ဆိုတာ အမြဲဆွေးနွေး နေတာကြောင့် ငါ့လယ်မှာ လုပ်ဖြစ်တာပါ။”
တောင်သူကြီး၏အမေးကို ဦးအောင် ဖြေစရာ မလိုတော့။ ဦးကျော်မြိုင်က သူ့ဘာသာ ဖြေရှင်း သွားသည်။
“ကဲ ဒါနဲ့ ဦးတင်အောင် ထယ်ရေးမလိုဘဲ။ မျိုးစေ့ချစက်နဲ့ မတ်ပဲ ဘာကြောင့် စိုက်ရသလဲ ဆိုတာ ရှင်းပြစမ်းပါဦး။”
ဦးအောင်က နေပြည်တော်နယ်မြေ စက်မှု လယ်ယာ တိုင်းဦးစီးမှူးအား ထယ်ရေးမလိုဘဲ ဆောင်းမတ်ပဲ စိုက်ရသည့်အကြောင်းကို မေးလိုက် ခြင်း ဖြစ်သည်။
“ဒီလိုပါခင်ဗျ။ အခုလို စပါးရင့်မှည့်ပြီး ရိတ်သိမ်းချိန်မှာ အစိုဓာတ်ကလေးက ရှိနေတော့ အဲဒီလယ်ကွက်ထဲကို မျိုးစေ့ချစက်နဲ့ မတ်ပဲမျိုးကို တိုက်ရိုက်အစေ့ချပြီး စိုက်လို့ရပါတယ်။ အစေ့ချစက် နဲ့စိုက်တဲ့အခါ အရေးကြီးတာက တစ်ပေခွဲတန်းကြား မှန်ဖို့ပဲ။ ဒါမှပေါင်းလိုက်ရင်လွယ်မှာ။ မျိုးစေ့ကတော့ ကြွက်မြီးတန်း ချသွားရုံပဲ။ ထယ်ရေးမလိုဘဲ မျိုးစေ့ချစက်နဲ့ စိုက်တဲ့အခါ ရိုးပြတ်တွေကို ဂျမ်းတုံးနဲ့ပြန်ပြီး ဖိဖို့လိုတယ်။ မျိုးစေ့တွေနဲ့ ရိုးပြတ် တွေကို ဖုံးပြီးသားဖြစ်သွားမယ်။ ဒီတော့ အစို ဓာတ်ကိုထိန်းတဲ့အတွက် မျိုးစေ့လည်း အပေါက် မြန်ပြီး ရိုးပြတ်လည်း ဆွေးသွားမှာ။”
“ဆရာတို့ ဒီလိုစိုက်ရင် ပေါင်းလိုက်ဖို့ရော လိုသ လား။”
ကိုလှမြင့်က ကြားဖြတ်မေးလိုက်ခြင်းဖြစ်သည်။
“စက်နဲ့ပေါင်းလိုက်လို့ရအောင် တန်းကြားကို တစ်ပေခွဲထားဖို့ ကျွန်တော်စောစောက ပြောခဲ့တာ ပေါ့။ ဒီစနစ်မှာ ပေါင်းလိုက်ဖို့တော့လိုတယ်။ ဒါပေမယ့် ကြဲခင်းနဲ့စာရင် ပေါင်းအပေါက် နည်းတာကြောင့် မတ်ပဲကျတော့ အထွက်နှုန်းပိုပြီး ကောင်းတယ်။”
“ကျွန်တော်က မနှစ်ကတည်းက စမ်းပြီးစိုက် ကြည့်တာ။ စမ်းတာတော့မဟုတ်ပါဘူးလေ။ အလုပ် မအားတာကြောင့် ထယ်ထိုး၊ ထွန်မမွှေတော့ဘဲ စပါးရိတ်ပြီး ရိုးပြတ်ခင်းထဲကို ဒီအတိုင်း ကြဲလိုက် တာ။ ဒါတောင် လေး၊ ငါး၊ ရှစ်တင်းထွက်တော့ အခုလိုသာ အစေ့ချစက်နဲ့ ကြောင်းဆွဲပြီး သေချာ စိုက်ရင် ဆယ်တင်း၊ ဆယ့်ငါးတင်းတော့ အေးဆေး ပဲ။”
“ကဲလာ ကွင်းထဲဆင်းပြီး ကြည့်ရအောင်။ ဒါနဲ့ ဒီစပါးခင်းကလည်း ကိုကျော်မြိုင့် စပါးပဲလား။ သေချာချိန်နေကြတော့ ရောင်းမလို့လား။”
ဦးအောင်က ပြောပြောဆိုဆိုဖြင့် ကွင်းထဲ ဆင်းသွားရင်း စပါးများအိတ်ထဲထည့်နေသည်ကို ကြည့်လိုက်သည်။ စပါးစေ့များက အောင်မြင် ဖြစ်ထွန်းလှသည်။ “ဟုတ်တယ်အဘ။ အဲဒါ ဆင်းသုခမျိုးလေ။ စိုက်တုန်းကတော့ တင်း ၉ဝ လောက်ပဲ ထွက်မယ်ထင်နေတာ။ အခုရိတ်သိမ်း ခြွေလှေ့စက်နဲ့ရိတ်လိုက်တော့ တင်း ၁၂ဝ လောက် ထွက်တယ်။ ဒါကြောင့် နဂိုက အိမ်ကလေးပြင် မလို့တွက်ထားတာ။ အခုတော့ အိမ်မပြင်တော့ဘူး။ အုတ်ပတ်ကားလေးပဲ ဆောက်လိုက်တော့မယ်။”
ကိုကျော်မြိုင်၏ ရင်တွင်းစကားများက အားပါ လှသည်။ ကိုကျော်မြိုင့်ကိုကြည့်၍ ဦးအောင် ကြည်နူးဝမ်းသာမိသည်။ ကိုကျော်မြိုင့်ပီတိ၊ ကိုကျော်မြိုင့်အပြုံးများက ဦးအောင်ကို ကူးစက်လာ သည်။ တောင်သူတွေအားလုံး သည်သို့ ပြုံးပျော် စေချင်လှပါသည်။
“အဘ ဘဲခြံရောက်ပြီ”
ကိုကျော်မြိုင့် စပါးခင်းမှ ကံဦးရွာ ဘဲခြံသို့ လာခဲ့သည့်လမ်းတစ်လျှောက် အတွေးရေယာဉ် ကြောတွင် မျောနေသည့် ဦးအောင် ကားရှေ့ထိုင်ခုံမှ ဒေါက်တာမိုး ပေါင်ကိုပုတ်၍ သတိပေးမှ ကားတံခါး လာဖွင့်ပေးသူကို ပြုံးပြလိုက်မိသည်။
“အေး ဘယ်လိုလဲ အားလုံးနေကောင်းကြ၊ အဆင်ပြေကြတယ် မဟုတ်လား”
ဘဲခြံပိုင်ရှင် ကိုခိုင်ထွန်းအား ဦးအောင် နှုတ်ဆက်လိုက်သည်။ ကိုခိုင်ထွန်း ဘဲခြံက လှေခွင်း တောင်သွား ကားလမ်း၏ အရှေ့ဘက်ခြမ်းတွင် ရှိနေသည်။ ကားလမ်းဘေးတွင် မြောင်းကြီးရှိနေပြီး ဝါးတံတားထိုးထားသည်။ တစ်ပေခွဲလောက် အကျယ်ရှိသည့် ဝါးတံတားမို့ ကိုခိုင်ထွန်းက ဦးအောင်ကို တွဲခေါ်ရန် လက်ကမ်းပေးလာသည်။
“ရတယ်ဗျ။ ကျုပ်လည်း တောသားပါ။ ဒီတံတားမျိုးတွေက လျှောက်နေကျ။ ရိုးနေပါပြီ။ ဒါနဲ့ခင်ဗျား၊ ဘဲဘယ်လောက်မွေးထားလဲ။ ဘာမျိုး တွေလဲ။ ခင်ဗျားဘဲတွေက ငယ်သေးတော့ ဥတော့ မရသေးဘူးနဲ့ တူတယ်။”
ဦးအောင်က ရေကန်အတွင်း လွှတ်ထားသည့် ဘဲများကို လှမ်းကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်ပါတယ် အဘ၊ ဘဲတွေက နှစ်လခွဲသားပဲ ရှိသေးတယ်။ အားလုံး ၇ဝဝဝ ပါ။ ဘဲမျိုးက ကာကီကင်း ဘဲလ်ပါ။ ဗမာလိုဆိုရင်တော့ ဂတ်ဘဲလို့ ခေါ်ပါတယ်။”
“အေး ကောင်းတယ်ဗျာ။ ဒါနဲ့ခင်ဗျားမွေးတာ ဘယ်လောက်ကြာပြီလဲ။ ပြီးခဲ့တဲ့အသုတ်ကရော ဘယ်လောက်မွေးသလဲ။ ဘာစာတွေ ကျွေးသလဲ။ ဥနှုန်းရော ဘယ်လောက်ရသလဲ။
ဦးအောင်က သူသိချင်သည်များကို တစ်ဆက် တည်းမေးလိုက်ရင်း ဘဲခြံအတွင်း ချထားသည့် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
“ကျွန်တော်လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကစပြီး ဘဲမွေးခဲ့တာအဘ။ စမွေးတုန်းကတော့ ၂ဝဝ-၃ဝဝ နဲ့စခဲ့တာပါ။ နောက်ပိုင်း တစ်ထောင် နှစ်ထောင် လောက်အထိ မွေးခဲ့ပါတယ်။ အခု ခုနှစ်ထောင် မွေးတာတော့ သုံးသုတ်ရှိသွားပါပြီ။ ကျွေးတာတော့ ဖွဲ့နု၊ ဆန်ကွဲနဲ့ပုစွန်ဖွဲပါ။ ပုစွန်ဖွဲက တနင်္သာရီဘက်က လာတာပါ။ ဖွဲနုနဲ့ ဆန်ကွဲတစ်အိတ်ဆိုရင် ပုစွန်ဖွဲ အိတ်ဝက်နဲ့ရောပြီး ကျွေးပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်ရင်တော့ ဖွဲဆန်ကွဲ ၇ဝ ရာခိုင်နှုန်းနဲ့ ပုစွန်ဖွဲ ၃ဝ ရာခိုင်နှုန်းပါ။ ငါးလ၊ ခြောက်လမှာစဥပြီး ရှစ်လ လောက်ဆိုရင် ဥစုံပါတယ်။
ဥနှုန်းအများဆုံး ၈ဝ၊ ၉ဝ လောက်အထိ ရပါ တယ်။ တစ်နှစ်ခွဲလောက်အထိ ဆက်တိုက်ဥပြီး နောက်ပိုင်း ဥနှုန်းကျလာတယ်။ ၃ဝ ရာခိုင်နှုန်း အောက် ကျလာရင်တော့ အသားတိုးစာကျွေးပြီး စပြီးထုတ်ပါတယ်။ ဒီနေပြည်တော် ပျဉ်းမနားမှာက ဘဲ ၇၀၀၀ ဆိုရင် တစ်လနီးပါး ထုတ်ရပါတယ်။”
“ခင်ဗျား အကျိုးအမြတ်လည်းရှိတယ် မဟုတ် လား။ ဘဲ ၇၀၀၀ ကို လူဘယ်နှယောက် ငှားထား လဲ။ ဘာတွေလုပ်ကြသလဲ။”
ဘာတွေလုပ်ကြသလဲ။”
“လူလေးယောက် ငှားထားပါတယ်။ သူတို့ အလုပ်က ဘဲစာကျွေး၊ ဘဲဥကောက်၊ ဘဲခြံသန့် ရှင်းရေးလုပ်၊ ဘဲပြန်သိမ်းပေါ့။ အဲဒါတွေ လုပ်ရပါ တယ်။ ကျွန်တော့်အလုပ်ကတော့ ဘဲစာဝယ်၊ ဘဲဥ ရောင်း၊ အထွေထွေကြပ်မတ်ပေါ့ အဘရယ်။”
ကိုခိုင်ထွန်းက သူ့အလုပ်တွေ ရှင်းပြနေရ၍ အားရကျေနပ်ပုံရနေသည်။ သူပြောချင်တာတွေ လည်း ရှိပုံရသည်။
“ကဲ ကိုခိုင်ထွန်း ကျွန်တော်အခုလာတာက ခင်ဗျားတို့ အလုပ်ရှုပ်ဖို့လာတာ မဟုတ်ဘူး။ ဘာအကူအညီ ပေးရမလဲဆိုတာ သိချင်လို့ လာကြည့်တာ။ ခင်ဗျားတို့လည်း သိတဲ့အတိုင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံဖို့ တွန်းအားပေးပြီး ဆောင်ရွက်နေတယ်။ အထူးသဖြင့် တိုင်းပြည်လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းရှိတဲ့ ကျေးရွာနေ ပြည်သူတွေအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေချင် တယ်။ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေချင်တယ်။
ဒါကြောင့် တောအရပ်နေပြည်သူတွေ အများ ဆုံး အသက်မွေးဝမ်းကျောင်းပြုတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဦးစားပေးပြီး ဆောင်ရွက်ပေးနေတာ။ စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုတာ လူတွေစားဖို့ အစာ၊ အာဟာရထုတ်လုပ်ပေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လုပ်တဲ့လူအတွက် ပိုက်ဆံရသလို အများအတွက် စားနပ်ရိက္ခာထုတ်ပေးတာလည်း ဖြစ်တာကြောင့် ကုသိုလ်လည်းရတဲ့ အလုပ်ဖြစ်တယ်။ ဒါ့ကြောင့် စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးပြီး ဆောင်ရွက် ခိုင်းတာ။
အဲဒီတော့ ခင်ဗျား လိုအပ်တာပြောပါ။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက အတတ်နိုင်ဆုံး အကူအညီပေးမယ်။ အခုလည်း ခင်ဗျားဘဲတွေ ကာကွယ်ဆေးထိုးရတာ ရှိလား။ သေတာပျောက်တာရှိလား။ ဒီမွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဆရာတွေ ဆရာမတွေက ရော လာပြီးကြည့်ပေးရဲ့လား။”
ဦးအောင်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဝန်ထမ်းများကို လက်ညှိုးထိုးပြရင်း ကိုခိုင်ထွန်း အား မေးလိုက်ခြင်းဖြစ်သည်။
“မွေးကုက ဆရာတွေ ဆရာမတွေလာပါတယ် အဘ။ ကျွန်တော့်ဘဲခြံက ရောဂါဖြစ်တာလည်း အထူးတော့မရှိပါဘူး။ ဆရာတို့ လာကြည့်ပြီး လိုအပ်ရင် ရေထဲဆေးထည့်ပြီးတိုက်တာ လုပ်ပေးပါ တယ်။ အဘကို တစ်ခုတင်ပြချင်တာက လက်ရှိ မွေးနေတဲ့ဘဲကို ကျွန်တော်တိုးပြီး မွေးချင်ပါတယ်။ အဲဒါ အဘရဲ့ လမ်းညွှန်ချက်ကလေး သိချင်ပါတယ် ခင်ဗျ။”
“အေး ကျွန်တော်ပြောချင်တာက ခင်ဗျား အခု ဘဲအသုတ်အသစ်မွေးတော့ ဘဲမဥခင်အထိ ဝင်ငွေမရှိဘူး မဟုတ်လား။ လူတွေလုပ်အားခနဲ့ အစာဖိုးပဲ ကုန်နေတာမဟုတ်လား။ ပြီးတော့ခင်ဗျား ဘဲခြံက ဒီအချိန်မှာ ဘဲဥလုံးဝမထွက်ဘူး မဟုတ် လား။ ခင်ဗျားတို့အိမ်က ဘဲဥစားချင်ရင်တောင် သူများခြံက ဈေးကနေ ဘဲဥဝယ်စားရမလို ဖြစ်နေ တယ်။ အဲဒီတော့ ခင်ဗျားက ဘဲ ၇၀၀၀ မွေးတာ တစ်သုတ်လုံးစပြီးထည့်၊ တစ်သုတ်လုံးရောင်းတာ မလုပ်ဘဲ၊ ဘဲ ၃၅ဝဝ စီ နှစ်သုတ်ခွဲပြီးမွေး၊ ပထမ အသုတ်မွေးလို့ ဥသက်တစ်နှစ်လောက်ရလာချိန်၊ ဒုတိယအသုတ် ထပ်ပြီးမွေး။ အဲဒီတော့ ပထမ အသုတ် ဥတုံးပြီး ထုတ်ရောင်းတဲ့အချိန်မှာ ဒုတိယ အသုတ်က ဥဖြိုင်ဖြိုင်ဥနေပြီ။ အဲဒီတော့ အလုပ် သမားခ၊ အစာဖိုး၊ ခင်ဗျား စိုက်စရာမလိုဘူး။ အမြဲဘဲဥ ဥနေမယ်၊ ပိုက်ဆံရနေမယ်။ နောက်ပြီး ဈေးကွက်ထဲမှာ ကိုခိုင်ထွန်းဘဲဥက အမြဲတမ်းရနေ မယ်။ အဲနောက်တစ်ခါ ခင်ဗျားသိတဲ့အတိုင်း ငါးပေါ တဲ့အချိန်မှာ ကြက်ဥ၊ ဘဲဥရောင်းလို့ ကောင်းပါ့ မလား။”
“မကောင်းနိုင်ဘူး အဘ။”
ကိုခိုင်ထွန်းက ချက်ချင်းထောက်ခံဖြေကြား လိုက်သည်။
“အေးပေါ့၊ စီးပွားရေးလုပ်တယ်။ စိုက်ပျိုးမွေးမြူ ရေးလုပ်တယ်ဆိုတာ ဈေးကွက်ကို ကြည့်ရတယ်။ သုံးသပ်ရတယ်။ လူတွေ ဘာကြိုက်သလဲ၊ ဘယ်အချိန်မှာ ဘာလိုသလဲဆိုတာ တွက်ကြည့်ပြီး အချိန်ကိုက် လုပ်တတ်ရတယ်။ အဲဒါမှ ပိုပြီးအကျိုး ရှိတယ် မဟုတ်လား။ အဲဒါနဲ့ ခင်ဗျားတပ်မတော်နေ့ မှာ တော်လှန်ရေးပန်းခြံရောက်ဖူးလား။”
“ရောက်ဖူးပါတယ် အဘ။ ရွာကအဖွဲ့နဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို သွားပြီး ကြည့်ကြတာပါ။”
ဦးအောင်က မွေးမြူရေးအကြောင်း ပြောနေရာ မှ တပ်မတော်နေ့အကြောင်းပြောလာသဖြင့် ကိုခိုင် ထွန်းအလိုက်သင့်ဖြေလိုက်သော်လည်း အဘ့စကား က မဆီမဆိုင်ဟု တွေးနေမိသည်။
“တပ်မတော်နေ့ တပ်မတော်စစ်ရေးပြအခမ်း အနားမှာ ပန်းတွေရောင်စုံဖူးပွင့်နေတာ သတိထား မိလား။”
“သတိထားမိတာပေါ့ အဘရဲ့။ ပန်းရောင်စုံတွေ က လှမှလှပြီး ဖူးပွင့်ဝေဆာနေတာကြောင့် တကယ် စစ် မစစ် လောင်းကြေး စားကြေးလုပ်ပြီး သွားတောင်ကိုင်ကြည့်သေးတယ်။”
“အဲဒီတော့ အတုတွေဖြစ်နေလား”
“ဘယ်အတုဖြစ်ရမလဲ အဘရဲ့။ အစစ်တွေ ဖြစ်နေလို့ ကျွန်တော်တောင် လောင်းတာရှုံးလို့ လက်ဖက်ရည် တိုက်ခဲ့ရသေးတယ်။ ပန်းမျိုးစုံကို ဒီရက်မှာမှပွင့်အောင် ဘယ်လိုများ ဒီစစ်သားတွေ စိုက်ထားသလဲလို့ ကျွန်တော်တို့ အံ့ဩနေကြတာ။”
“အံ့ဩစရာ မလိုပါဘူးဗျာ။ လူပဲဖြစ်ဖြစ်၊ သတ္တဝါပဲဖြစ်ဖြစ် “သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်” တာပဲ။ သူ့သက်တမ်းအလိုက် သီးပွင့်တာဖြစ်တာ ကြောင့် အဲဒီရက်မှာသီးပွင့်အောင်လုပ်ရင် မရဘူး လား၊ ရမှာလား။”
“ရတာပေါ့ အဘရဲ့”
ကိုခိုင်ထွန်းက သွက်လက်စွာ ပြန်ဖြေလာသည်။
“အဲဒါပေါ့။ သားငါးပေါတဲ့ အချိန်မှာ ဘဲဥကို လျှော့ထုတ်ပြီး သားငါးရှားတဲ့အချိန်မှာ ဘဲဥများများ ထွက်အောင်လုပ်ရင် ခင်ဗျားဘဲဥ ဈေးကောင်းမရ ဘူးလား။”
“ရတာပေါ့ အဘရဲ့”
“အေး ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးသမား ဆိုတာ ပုံသေချည်းလုပ်မနေဘဲ အဲဒီလို တွက်ချက်ပြီး စိုက်ပျိုးမယ်၊ မွေးမြူမယ်ဆိုရင် ကိုယ်အပင်ပန်းခံ သလောက် အကျိုးရှိတာပေါ့ဗျာ။ ကဲ ခင်ဗျားဘာလို သေးလဲ။ လိုအပ်တာရှိရင်ပြောပါဦး။”
“ကျွန်တော်လိုတာကတော့ ဘဲခြံတိုးချဲ့ပြီး မွေးချင်လို့ ဒီဘက်က မြေကွက်ကလေးဝယ် ထား တယ်အဘ။ အဲဒီမြေကလေးကို အခြားနည်းသုံးစွဲခွင့် ရချင်ပါတယ်။ ပြီးတော့ ဘဲထပ်တိုးပြီး မွေးဖို့ ချေးငွေလေးရချင်ပါတယ်အဘ။ အဲဒါလေးကူညီ ပေးဖို့ပါ။”
“အေး ကောင်းပြီလေ။ ကိုခိုင်ထွန်းပြောတဲ့ မြေလေး အခြားနည်းသုံးစွဲခွင့်ရဖို့ မြေစာရင်းက တင်ပေး၊ ချေးငွေရဖို့ကလည်း မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနက တင်ပေးလိုက်။ ကဲဒါဆို ရပြီနော်။”
“ရပါပြီ အဘ။ အဘကို ကျွန်တော်တို့ ထိုင်တောင် ရှိခိုးချင်စိတ် ပေါက်လာပါတယ် အဘ။”
“ရပါတယ်၊ ရှိတော့ မခိုးပါနဲ့။ ကျွန်တော့်တို့ ဝန်ထမ်းတွေဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ပါ။ အားလုံးပဲ သွားမယ်နော်။”
ဦးအောင်က ထိုင်ရှိခိုးရန်ပြင်နေသည့် ဘဲခြံမှ အဖွဲ့သားများကို နှုတ်ဆက်၍ ပြန်ရန်ပြင်လိုက် သည်။ ကိုခိုင်ထွန်းနှင့် ဘဲခြံအဖွဲ့သားများ၏ မျက်နှာ ကလည်း ဝမ်းသာကြည်နူးနေပုံရသည်။
သည်စနေ “မတ်ပဲနှင့် ဂတ်ဘဲ” ခရီးစဉ်က ဝမ်းသာကြည်နူးဖွယ်ပင်။ ။
- Log in to post comments