
မေတ္တာမိုးနှင်း(ပဲခူး)
ပဲခူးမြို့ဟူသည်ကား ရှေးဟောင်းမြို့တော် ဟံသာဝတီဖြစ်ပြီး ရှေးမွန်နှင့် မြန်မာတို့၏ မင်းနေပြည်တော် လည်းဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် နန်းတော်ရာနေရာများနှင့် သမိုင်းဝင်ဗုဒ္ဓသာသနိက အဆောက်အအုံ များ၊ စေတီပုထိုးများကို ယနေ့တိုင် တွေ့ရှိနိုင်သေးသည်။
ဟံသာဝတီခေတ်ဆိုသည်မှာ ထိုဟံသာဝတီ နေပြည်တော်ကြီး စည်ပင်ဖွံ့ဖြိုးခဲ့စဉ် အချိန်ကို ဆိုလိုခြင်းဖြစ်သည်။ ဟံသာဝတီ (ပဲခူး) မင်းနေပြည် ကိုအုပ်စိုးခဲ့သည့် ထင်ရှားသော မွန်ဘုရင်များမှာ ဝါရီရူမင်းဆက်မှ ဗညားဦး (အေဒီ ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ် (၁၃၈၅-၁၄၂၃)၊ ဘုရင်မကြီး ရှင်စောပု (၁၄၅၃-၇၂)၊ ဓမ္မစေတီ (၁၄၇၂-၉၂) တို့ဖြစ်ကြပြီး မြန်မာမင်းများထဲမှ တပင်ရွှေထီး၊ ဘုရင့်နောင် အစရှိသည့် မင်းများဖြစ်ကြသည်။ ဟံသာဝတီ မြို့တော်တည်ရှိရာအရပ်သည် မိုးများသော ဒေသဖြစ်ခြင်း၊ ပြင်းထန်သော ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံရခြင်းတို့ကြောင့် အဖိုးတန်သော ရှေးဟောင်းလက်ရာများမှာ ပျက်စီးခဲ့ရသည်။ သို့သော်လည်း ကျန်ရှိသော သမိုင်းမှတ်တမ်းများ မှတစ်ဆင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားသော သမိုင်းအထောက်အထားများအရ ဟံသာဝတီ မြို့တော်နှင့် ဟံသာဝတီခေတ်အကြောင်းကို ပြန်လည်လေ့လာသိရှိနိုင်ပါသည်။
သာသနာနှင့်စတည်ခဲ့သည့်
ရှေးဟောင်းသမိုင်းမှတ်တမ်း
ဟံသာဝတီမြို့တော်၏ ရှေးဟောင်းသမိုင်းသည် မြန်မာနိုင်ငံမှ အခြားသောစေတီ၊ ပုထိုး၊ မြို့ရွာများ တွင် တွေ့ရသော ဘုရားဗျာဒိတ်တော်အတိုင်း ပေါ်ထွန်းလာရခြင်းဟူသော ဒဏ္ဍာရီကိုတွေ့ရှိရသည်။ အဆိုပါဒဏ္ဍာရီမှတ်တမ်းများအရ ဖော်ပြထားသည် မှာ သုဝဏ္ဏဘူမိမှ လှည့်လည်ကြွချီလာသော ဗုဒ္ဓ ဘုရားရှင်သည် ဟံသာဝတီမြို့တော်ကြီး ပေါ်ထွန်း မည့်နေရာဒေသသို့ ရောက်ရှိစဉ်ပင်လယ်ပြင်မှ ပေါ်ထွန်းနေသော အငူပေါ်၌ ဟင်္သာဖိုမတို့ကို တွေ့မြင်တော်မူခဲ့သည်။ ထိုကုန်းအငူလေးမှာ ကျဉ်းမြောင်းလှ၍ ဟင်္သာဖိုမယှဉ်တွဲ နားနေစရာနေရာ မလုံလောက်ပေ။ ထို့ကြောင့် ဟင်္သာဖို၏ ကျောကုန်း ပေါ်တွင် ဟင်္သာမမှနား၍ ဗုဒ္ဓဘုရားရှင်အား တောင်ပံ ယှက်လျက် ပူဇော်ခဲ့သည်။ ထိုအခါ မြတ်စွာဘုရားရှင် မှ ပြုံးတော်မူ၍ ဤနေရာတွင် နောင်အခါ ဟံသာဝတီပြည်ကြီးဟူ၍ တိုးတက်စည်ပင်လာပြီး သာသနာတော်လည်း ဖွံ့ဖြိုးထွန်းကားလာမည်ဖြစ် သည်ဟု ဗျာဒိတ်တော်ပေးခဲ့လေသည်။ ထိုဟင်္သာဖို ပေါ် ဟင်္သာမနားနေပုံ ပန်းပုရုပ်တုကို ယခုအခါ ပဲခူးမြို့အတွင်းတွင် အထိမ်းအမှတ်ရုပ်တုအဖြစ် ပြုလုပ်ထားပြီး ထိုနိမိတ်ပုံသည် ယခုပဲခူးတိုင်း၏ သင်္ကေတ အမှတ်တံဆိပ်လည်းဖြစ်သည်။ ဟင်္သာဖို နှင့် ဟင်္သာမရုပ်တုသည် ပါးစပ်ရာဇဝင်အဖြစ် အမျိုး မျိုး ပြောဆိုပညတ်ပြုကြသော်လည်း ရှေးဟောင်း မှတ်တမ်းများအရ ပဲခူးသူပဲခူးသားများ၏ သာသနာ အပေါ် ယုံကြည်သက်ဝင်မှု၊ သစ္စာတရားကြီးမားပုံ၊ အေးအတူ ပူအမျှ ဝေမျှတတ်ပုံတို့ကို မြတ်ဘုရားရှင် ထံ တိုင်တည်သက်သေပြခဲ့သည်ဆိုလျှင် ငြင်းဖွယ် ရာမရှိပေ။
သာသနာတွင် ယုံကြည်သက်ဝင်သော
သာသနာပြုမင်းများ
ဟံသာဝတီခေတ်တွင် ထေရဝါဒဗုဒ္ဓဘာသာသည် အဓိကအားဖြင့် စည်ပင်ထွန်းကားခဲ့သည်။ မွန်နိုင်ငံ၏ မြို့တော်ဖြစ်သော ဟံသာဝတီကို စိုးစံသွားသည့် ဘုရင်များသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော မင်းများဖြစ်၍ထိုမင်းများလက်ထက်၌ ဗုဒ္ဓဘာသာ သည် ရာမညတိုင်းတွင် ထွန်းလင်းတောက်ပခဲ့လေ သည်။ ဗုဒ္ဓဘာသာပြန့်ပွားရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့သော မွန်ဘုရင်များထဲတွင် ဘုရင်မ ကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့မှာ အလွန်ပင် ထင်ရှားသော သာသနာပြုမင်းများပင်သည်။ ဘုရင်မ ကြီး ရှင်စောပုသည် သက်တော် ၆၆ နှစ်မှ နတ်ရွာ စံသည့် ၇၈ နှစ်အထိ ၁၂ နှစ်လုံးလုံး ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်တွင် မြို့သစ် တည်ထောင်နေထိုင်လျက် မောင်တော်၊ သားတော်၊ တူတော်တို့ တည်ထားခဲ့သည့် ရွှေတိဂုံစေတီတော် ကို အစစအရာရာ ပြည့်စုံမူရှိအောင် ပြင်ဆင်မွမ်းမံ ခဲ့လေသည်။ ယနေ့ရွှေတိဂုံ စေတီတော်ရှိ ပြည့်စုံမူ အဝဝသည် ဘုရင်မရှင်စောပု၏ ကုသိုလ်ကောင်း မူများ များစွာပါဝင်နေသည်။ ရှင်စောပုသည် ၁၂ နှစ် တိုင်တိုင်ရွှေတိဂုံစေတီတော်ကြီးကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီး အေဒီ ၁၄၇၁ တွင် ရွှေတိဂုံစေတီတော် ကို သလွန်ပေါ်မှ အာရုံပြုရင်း ဇီဝိန်ချုပ်ငြိမ်းသွား ခဲ့လေသည်။ ရှင်စောပု၏ သင်္ချိုင်းတော်ကို ရန်ကုန် မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ရှင်စောပုလမ်း ရှင်စောပုကျောင်းတိုက်၌ ယနေ့တိုင်တွေ့ရှိနိုင် သေးသည်။
ရှင်စောပုဘုရင်မကြီးနောက်တွင် ဟံသာဝတီ ထီးနန်းကို ဆက်ခံခဲ့သော သမက်တော်ဓမ္မစေတီ လက်ထက်တွင် သာသနာတော် ပြန့်ပွားရေးအတွက် အထူးပင် ဆောင်ရွက်ခဲ့လေသည်။ ရဟန်းဘဝမှ လူထွက်၍ မင်းဖြစ်ခဲ့သော ဓမ္မစေတီမင်းသည် ဘုရားတည်ခြင်းအစရှိသော ကိစ္စများသာမက သာသနာ သန့်ရှင်းစင်ကြယ်ရေးအတွက်လည်း အလေးပေးလုပ်ဆောင်ခဲ့သည်။ ထူးခြားသော ဆောင်ရွက်ချက်မှာ ရဟန်းတော်များအတွက် အရေးကြီးသည့် သိမ်ကိစ္စအနေဖြင့် ကလျာဏီသိမ် တော်ကို တည်ဆောက်လှူဒါန်းခဲ့သည်။ ကောင်းမှု များကို ကမ္ပည်းထိုးလေ့ရှိသည့်အတိုင်း သီဟိုဠ်သို့ ရဟန်းတော်များစေလွှတ်ခြင်း၊ ကလျာဏီသိမ် သမုတ်ခြင်းတို့ကို ကျောက်စာရေးထိုး မှတ်တမ်းတင် ခဲ့သည်။ ရွှေတိဂုံစေတီတော်တွင်လည်း ကျောက်စာ များရေးထိုးခဲ့ပြီး ရွှေတိဂုံစေတီတော်တွင် လှူဒါန်း ခဲ့သော ဓမ္မစေတီခေါင်းလောင်းမှာလည်း ထင်ရှား သည်။ ဓမ္မစေတီမင်းကြီး တည်ထားခဲ့သော စေတီ ပုထိုးများနှင့် သမိုင်းများကို ပဲခူးမြို့အနောက်တောတစ်လျှောက်မှာ ယနေ့ထက်တိုင် ဖူးမြော်မဝအောင် တည်ရှိနေဆဲဖြစ်သည်။
ပဲခူးမြို့ရှိ ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများ၊ ပဲခူးမြို့ရှိ အထင်ရှားဆုံးဘုရားစေတီမှာ ရွှေမော်ဓော စေတီတော်မြတ်ကြီးဖြစ်သည်။ ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံး ရွှေမော်ဓောစေတီတော်မြတ်ကြီးကို မဟာသက္ကရာဇ် ၁၁၅ ခု တန်ခူးလဆန်း ၁ ရက် စနေ နေ့ ကောင်းမြတ်သောမင်္ဂလာနေ့ရက်တွင် ဌာပနာ တိုက်နှင့်အတူ ကိစ္စပြီးမြောက် တည်တော်မူသည်။ စေတီတော်၏ဘွဲ့တော်ကို ကျွန်းပေါ်စအချိန်က ဘုရားရှင်ဒေသ စာရီကြွချီရပ်တော်မူသောနေရာ ဖြစ်၍ ကျိုက်မူကားဟု မွန်ဘာသာဖြင့် သမုတ်တော် မူ၏။ ကာလကြာသောအခါမူ ကားမှမော်ဓောဟူ၍ ပြောင်းလဲခေါ်တွင်လေသည်။ ရွှေမော်ဓောစေတီ တော်မြတ်ကြီးကို သီရိဓမ္မာသောကမင်း၊ သမ လမင်း၊ ဝိမလမင်း၊ ကရဝိကမင်း၊ ပဉ္စာလရာမမင်း၊ မိဖုရားရှင်စောပု၊ ဓမ္မစေတီမင်း၊ မင်းတရားရွှေထီး၊ ဆင်ဖြူများရှင်၊ ဘုရင့်နောင်၊ နန္ဒမင်း၊ သီဟသူမင်း၊ အနောက်ဘက်လွန်မင်းစသည့် မွန်-မြန်မာဘုရင် များက ခေတ်အဆက်ဆက်ပြည်သူတို့နှင့်တွဲ၍ စောင့်ရှောက်ခဲ့သောကြောင့် ယခုကဲ့သို့ ရွှေရောင် တဝင်းဝင်းဖြင့် ကြည်ညိုသပ္ပာယ်စွာ ဖူးတွေ့ရခြင်း ဖြစ်ပေသည်။ ဤသို့ဖြင့် ဖူးမြင်ရခြင်းသည်လည်း မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ပြယုဂ်ပင်ဖြစ်ပေသည်။ ဘုရင့်နောင်နှင့် နန္ဒမင်းတို့ လက်ထက်တွင် စေတီတော်မြတ်ကြီး၏ ဉာဏ်တော် မှာ ၁၉၈ တောင်မြင့်တော်မူသည်။ မဟာသက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် မြေငလျင် ဒဏ်ခံရပြီး ပြည်သူလူထုက စုပေါင်းပြုပြင်မွမ်းမံရာ ဉာဏ်တော်အမြင့် ၂၀၂ တောင် နှစ်မိုက်မြင့်တော်မူ သည်။ ပဉ္စမအကြိမ် ငလျင်ဒဏ်ခံရပြီးနောက် သက္ကရာဇ် ၁၃၁၅ ခုနှစ် တန်ခူးလဆန်း ၁၃ ရက်နေ့ တွင် စေတီတော်ကြီးကို ပြုပြင်မွမ်းမံအောင်မြင်ပြီး ငှက်မြတ်နားတော် ထီးတော်၊ စိန်ဖူးတော်များ တင် လှူနိုင်ခဲ့သောကြောင့် စေတီတော်ကြီး၏ ဉာဏ်တော် မှာ ၃၇၃ ပေ ကိုးလက်မ သို့မဟုတ် ၂၄၉ တောင်နှင့် တစ်မိုက်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးဉာဏ်တော်ရှိ စေတီကြီးအဖြစ်ဝင့်ကြွားစွာ တည်ရှိနေပေ၏။
ထို့ပြင် “မြန်မာမှန်လျှင် ပုဂံသို့” ရောက်ဖူးရ မည်ဟု ဆိုစမှတ်ပြုကြသည့်နောက်တွင် “ပဲခူး-ပုဂံ” မှာအဖိုးတန်သော ရှေးဟောင်းအနုပညာလက်ရာ များနှင့် သမိုင်းဝင်စေတီပုထိုးများ၊ ရုပ်ပွားတော်များ တည်ရှိနေသည်ကို “အမျိုးမှန်လျှင်ပဲခူးသို့လည်း ဆန်ရမည်” ဟု ရှေးလူကြီးများဆိုကြပေသည်။ ရွှေမော်ဓောစေတီတော်မှသည် ဟင်္သာကုန်း၊ စိန်သာ လျောင်း၊ ရွှေသာလျောင်း၊ မြသာလျောင်း၊ ကျိုက်ပွန်၊ ရွှေဂူကြီး၊ ရွှေဂူလေး၊ ကိုးသိန်းကိုးသန်း၊ မဟာစေတီ၊ မဟာကြီး၊ အကျွတ်၊ အလွတ်၊ ဗောင်းတော်ကျစသည် မှသည် စေတီပုထိုးပေါင်းများစွာ တည်ရှိနေပါသည်။ ဓမ္မစေတီမင်းကြီး ခေါင်းဗောင်းတော်ချပြီးသည့်နောက်ရန်အပေါင်းပြေငြိမ်းစေရန်အတွက် မင်းညီ မင်းသားမှူးမတ်များ တည်ထားခဲ့သော ရန်ပြေ၊ ရန်အောင်၊ ဝဋ်ကြွေးပြေ၊ ရှိပြီးရင်းရှိ၊ ရပြီးရင်းရ စသော စေတီငယ်လည်းများစွာရှိပါသေးသည်။ ထို့ ကြောင့် “လှည်းဝင်ရိုးသံ တညံညံပုဂံဘုရားပေါင်း” ဟူသော တဘောင်ကဲ့သို့ပင် ပဲခူးမြို့တွင်လည်း ဗုဒ္ဓ သာသနာထွန်းကားရာ အရပ်ဖြစ်၍ စေတီပုထိုးများ ပေါကြွယ်ဝပေသည်။
သာသနာတန်ခိုးဖြင့် ဝေဆာဖြိုးသည်
သာသနာနှင့်အစတည်၍ သာသနာပြုမင်းများထီးနန်းစိုးစံခဲ့သော ဟံသာဝတီ (ပဲခူး) သည် မင်း အဆက်ဆက်၊ ခေတ်အဆက်ဆက်မှသည် ယနေ့ ထိတိုင် သာသနာ့အလင်းရောင်ဖြင့် ထွန်းပြောင် လျက်ရှိပေသည်။ ဗုဒ္ဓပူဇနိယပွဲတော်များ၊ သာသနာ နှင့်သက်ဆိုင်သည့် ပွဲတော်များတွင် ပဲခူးသား ပဲခူး သူတို့၏ အလှူဒါနရက်ရောမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းကျနမှု၊ သေသပ်မှုတို့ကို အများပြည်သူတို့ တွေ့မြင်ကြရမည်။ အနီးစပ်ဆုံးသာဓကကို ပြရမည် ဆိုလျှင် “ပဲခူးမြို့၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် နှင့် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲပင်ဖြစ်သည်။ ဗုဒ္ဓသာသနာကို ယုံကြည်သက်ဝင်သည့် အလျောက် သက်တော်ထင်ရှား မြတ်စွာဘုရားရှင် အား ရည်မှန်း၍မီးပုံးများ လွှတ်တင်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ ဘုရားရင်ပြင်တော်၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မသိုးသင်္ကန်းရက်လုပ် လှူဒါန်းခြင်းများပြုလုပ်ကြသည်။ ပျော်ပွဲရွှင်ပွဲဟုသည်အမြင်ရှိကြသော်လည်း အလှူရှင်များ၏ စေတနာသဒ္ဓါတရား၊ လာရောက်ကြည့်ရှုသူများ၏ ရင်တွင်းမုဒိတာ စကားများသည်ကား အထက်ဘဝဂ် သို့တိုင်အောင် လွင့်ပျံနေမည်မှာ သေချာပါသည်။ မည်သို့သော အခြေအနေ၊ အကြောင်းတရားများပင် ရှိစေကာမူ မြန်မာတို့၏နှလုံးသား၊ ဗုဒ္ဓဘာသာဝင်တို့၏ အလှူ စေတနာထက်သန်မှု၊ ပဲခူးသား ပဲခူးသူများ၏ သာသနာအပေါ် ကြည်ညိုလေးစားမှုတို့ကို ပြသနိုင် သောတန်ဆောင်တိုင်ပွဲတော်သည်ကား မှတ်ကျောက် တင် ကမ္ပည်းထိုးရလောက်ပေသည်။
အောက်မေ့တသ
ပဲခူးမြို့သူမြို့သားများသည် သာသနာတော်၌ယုံကြည်သက်ဝင်သည့်အလျောက် ပထမဦးစွာ ဗုဒ္ဓ ဘုရားရှင်အား မီးပုံးပျံဖြင့် ပုံဖော်၍ပူဇော်ခဲ့သည်။ ထို မီးပုံးပျံနောက်တွင် မြို့သူမြို့သားအလှူရှင်များ၏မီးပုံးငယ်ပေါင်း သောင်းချီ၍ လွှတ်တင်ခြင်း၊ မီးရှူး မီးပန်းပစ်ဖောက်ပူဇော်ခြင်းများ ပြုလုပ်ကြ၏။ ဒုတိယမီးပုံးတွင် မြန်မာ့ဂုဏ်ရောင် ပဲခူးဂုဏ်ဆောင် ခဲ့သည့် “ဘုရင့်နောင်မင်းတရားကြီး” ၏ ရဲစွမ်းသတ္တိ များကို အောက်မေ့တသစွာဖြင့် မီးပုံးပျံပေါ်တွင် ကမ္ဘောဇသာဒီနန်းတော်ရာပုံကိုဖော်၍ တည်ကြည် ခံ့ညားသော ဘုရင့်နောင်မင်းတရားကြီးပုံတို့ကိုလွှတ်တင်ခဲ့သည်။ ထို့နောက်တွင်မှ မီးပုံးငယ်များ လွှတ်တင်ဝန်းရံကြသည်။ မည်သို့ပင်ဆိုစေကာမူ နှလုံးသားမှဖြစ်တည်လာသော သဒ္ဓါတရားများ၊ ဇာတိမာန်များသည် “ကမ္ဘာ့အလယ်တွင် ဝင့်ထည် သည့်မြန်မာ” ဟု အားရပါးရ ဟစ်ကြွေးသကဲ့သို့ ရှိနေပေတော့သည်။
စည်းလုံးမှုအင်အား
သာသနာ့တန်ခိုးကြောင့် ပဲခူးမြို့သည် ထင်ရှား သည်။ အေးချမ်းသာယာမှုရှိသည်။ သာသနာ့ဂုဏ် ရောင်ကြောင့်ပင် စည်းလုံးမှုအင်အားသည်လည်းထွန်းပြောင်သည်ကို သက်သေပြနိုင်ခဲ့သည်။သာသနာ ဖြင့်အစတည်ခဲ့သော ဟံသာဝတီ (ပဲခူး) မြေတွင် သာသနာ့အရောင်များ ဆက်လက်ထွန်းပြောင်နေမည် မှာသေချာပါသည်။ သာသနာ့အရောင်ထွန်းလင်း ပြောင်သည်နှင့်အမျှ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံး သားသည်လည်း နူးညံ့ပျော့ပျောင်းနေပေမည်။ ထိုအခါ ပဲခူးမြို့သည် အရာရာတိုင်းလှပ၍ ယခု ထက်မက ဖွံ့ဖြိုးဝေဆာလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် “သာသနာ့တန်ခိုးနှင့် ဝေဆာဖြိုးသည့်မြို့ ပဲခူး” ဟု တင်စားရေးဖွဲ့လိုက် ပေသည်။ ။
- Log in to post comments