
ဟန်နိုင်စိုး
ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီးတော့ အခုလို မိန့်ကြားဖူးပါတယ်။ “လူ့လောကမှာ အင်မတန် ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အဝမထိန်းချင်ကြဘူး။ အလှူအတန်းကြီး တွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ် ပေးတယ်။
အဆောင်အယောင်တွေ၊ ပကာသနတွေ။ သီလထိန်းတာက လူမမြင်ရတော့ အရသာက တယ် မရှိဘဲကိုး။ မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာက တော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။ သာယာဖွယ်ဖြစ်တယ်။ အင်း ... သံသရာနဲ့ ကြည့်လိုက်တော့ လူချီးမွမ်းမခံရတဲ့ သီလကမှ စိတ်ချရတာပဲ။ ဘဝကူးကောင်းဖို့နဲ့ ပတ်သက်လာလျှင် သီလကဒါနထက်ပိုပြီး အားကိုး ရတယ်။ တချို့များ သီလဖျက်ပြီးတော့ စီးပွားရှာ လိုက်ကြတာ။ သားသမီးတွေကလည်း မိဘလုပ်တဲ့ အတိုင်း လိုက်လုပ်ကြတာပဲ။ သံသရာထဲမှာ ရင်လေးစရာပေါ့။ သံသရာခရီးတစ်လျှောက်လုံး အတွက်ပါ ကြည့်ရမှာ” လို့ ဆရာတော်ဘုရားကြီး ဆုံးမခဲ့ဖူးတာကို စာပေတွေထဲကနေ မှတ်သားဖူး တယ်။
သီလစောင့်ဖို့ တွန့်ဆုတ်နေ
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနအား အင်မတန်ကောင်းတာ ကမ္ဘာမှာ ကျော်ကြားပါတယ်။ ထိုနည်းတူစွာပဲ မြန်မာတွေ သီလအားကောင်းတာ ကိုလည်း ကမ္ဘာကျော်စေချင်တယ်။ ဒါပေမယ့် မြန်မာတွေရဲ့ သီလစောင့်ထိန်းမှုက ဒါနထက် အားနည်းတာတော့ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရပ်ထဲမှာ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “အူမ တောင့်မှ သီလစောင့်မယ်” တဲ့။ အဲဒီစကားကို သေချာစေ့ငုကြည့်လိုက်ရင် “အူမ မတောင့်ရင် သီလ မစောင့်နိုင်ဘူး” ဆိုတဲ့ သဘောသက်ရောက်နေတာ။ အူမကတော့ ဘယ်အချိန်၊ ဘယ်အခါမှ တောင့်မလဲ ဆိုတာ မသိဘူး။ ဒီစကားအရ သီလစောင့်ဖို့အတွက် တွန့်ဆုတ်နေတာတော့ ထင်ရှားတယ်။ သီလ စောင့်ဖို့အတွက် တွန့်ဆုတ်နေတော့ ဘာဖြစ်သလဲ။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာတတ်တယ်။
လူတွေဟာ အူမတောင့်ဖို့အတွက် နေ့စဉ်နဲ့အမျှ စီးပွားဥစ္စာတွေရှာကြရ၊ ဖွေကြရတယ်။ အလုပ်တွေ လုပ်ရတယ်။ နှုတ်နဲ့ပြောပြီး အလုပ်လုပ်တယ်။ ကိုယ်ကာယစိုက်ထုတ်ပြီးတော့ စီးပွားဥစ္စာတွေ ရှာကြရတယ်။ အဓိကကတော့ အူမတောင့်ဖို့၊ ဝမ်းရေး ဖြည့်တင်းဖို့အတွက်ပါပဲ။ ဒါကို အသက်မွေး ဝမ်းကျောင်းလို့လည်း ခေါ်ကြတယ်။
အဲဒီလို အသက်မွေးဝမ်းကျောင်းလုပ်တဲ့အခါမှာ လူတွေအားလုံးဟာ ကောင်းမွန်တဲ့ စိတ်နေ စိတ်ထားနဲ့ချည်း အလုပ်လုပ်နေကြတာတော့ မဟုတ်ဘူး။ အချို့ကမကောင်းတဲ့ အနေအထား တွေနဲ့လည်း လုပ်ကြတယ်။ ဘယ်သူသေသေ ငတေ မာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့၊ မိမိကြီးပွားရင် ပြီးရော တခြားလူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ အနေ အထားမျိုးနဲ့လည်း အလုပ်လုပ်ကြတယ်။ ဥပမာ စီးပွားရှာတဲ့အခါမှာ ကိုယ်အူမတောင့်ဖို့အတွက် စားသောက်ကုန်တွေဆိုလည်း အတုလုပ်တာတွေ ရှိတယ်။ ဆေးဝါးတွေဆိုရင်လည်း အတုလုပ်တာ တွေရှိတယ်။ ဆီဆိုလည်း မသန့်တာတွေနဲ့ရော တယ်။ အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။ အသီးအနှံတွေကအစ ဆိုးဆေးတွေသုံး တယ်။ နွားနို့ဆိုရင်လည်း ရေလေးနည်းနည်းတော့ ရောလိုက်ရမှ နေသာထိုင်သာရှိတယ်။ အချို့ငါးပိ ထုတ်လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်း ဓာတ်မြေဩဇာ တွေနဲ့ ရောတယ်လို့ သတင်းတွေ ကြားနေရတာပဲ။ ငါးပိကြိုက်တဲ့ မြန်မာလူမျိုးတွေရဲ့ ကျန်းမာရေး ဘယ်လောက် ထိခိုက်ကုန်မလဲ။
ရောဂါဝေဒနာတွေ တဖြည်းဖြည်းများလာ
အခုမြန်မာနိုင်ငံမှာ အသည်းရောဂါ၊ ကျောက်ကပ် ရောဂါတို့ ပိုပိုပြီးတော့ များလာတာဟာ အဲဒီလို အစားအသောက်တွေကြောင့်ဖြစ်တယ်လို့ စာအုပ် ထဲမှာ ဖတ်ဖူးတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးတယ်။ ဓာတုဗေဒဆေးတွေ၊ ဓာတ်မြေဩဇာ တွေ အလွန်အကျွံအသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့ မဆုံးနိုင်အောင် ရောဂါဝေဒနာတွေ ဖြစ်လာကြမှာပဲ။ ဒါ့ကြောင့်မို့လို့ ရောဂါဝေဒနာတွေ တဖြည်းဖြည်း များလာတာဟာ အကုသိုလ်ကံကြောင့် ချည်း သက်သက်တော့မဟုတ်ဘူးရယ်။ လူတွေရဲ့ အကျင့် သီလချို့ယွင်းခြင်းကြောင့် ရောဂါဝေဒနာတွေ ပိုပို ပြီးတော့ ဖြစ်လာတာလည်းပါတယ်လို့ ပညာရှိ ဆရာတော်ဘုရားကြီးတွေက မိန့်ဆိုကြတယ်။ တချို့ကလည်း ဒါကို “အူမတောင့်မှ သီလစောင့်နိုင် မယ်” ဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောနေ ကြတယ်။ တကယ်တော့ သီလဆိုတဲ့ သဘောတရား က ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးနေတာဖြစ်တယ်။
အလွယ်ဆုံးထပ်ပြီးတော့ ပြောရရင် မြန်မာတွေ သီလနဲ့ပတ်သက်ပြီးတော့ အလွန်ကို နားလည် လွယ်တဲ့ ငါးပါးသီလအကြောင်းပဲ အရင်စဉ်းစား ကြည့်ပါဦး။ ဥပမာ သူတစ်ပါးအသက်ကို မသတ်ပါ ဘူးဆိုတဲ့ ပါဏာတိပါတကံကို ထိန်းမယ်ဆိုရင် ပုဂ္ဂိုလ်၊ သက်ရှိသတ္တဝါရှိတဲ့ ပတ်ဝန်းကျင်နေရာမှာပဲ စောင့်ထိန်းလို့ရတယ်။ ပုဂ္ဂိုလ်၊ သက်ရှိသတ္တဝါ၊ တစ်ဦးတစ်ယောက်မှမရှိတဲ့နေရာဆိုရင် အဲဒီကံကို ကျူးလွန်ချင်ရင်တောင် ကျူးလွန်လို့မရဘူး။
အဒိန္နာဒါနဆိုရင်လည်း ဒီအတိုင်းပဲ ခိုးစရာ ပစ္စည်းမရှိ၊ ခိုးစရာပစ္စည်းလည်းမတွေ့နိုင်တဲ့ ပတ်ဝန်းကျင်နေရာမျိုးမှာ ဘယ်ဟာကိုသွားခိုးမလဲ။ ခိုးစရာပစ္စည်းလည်းရှိ၊ ပတ်ဝန်းကျင်လည်းရှိလို့သာ ကျူးလွန်လို့ရတာ။ မုသာဝါဒလည်း တူတူပါပဲ။ လိမ်ညာပြောဆိုခံရမယ့် ပုဂ္ဂိုလ်၊ သတ္တဝါက ရှိဦးမှ လိမ်ညာပြောဆိုလို့ရတာလေ။
ကာမေသုမိစ္ဆာစာရလည်း ထို့အတူပါပဲ။ အဲဒီ ကံကျူးလွန်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ သူတစ်ပါး၊ သားမယားက အဆင်သင့်ရှိနေဦးမှ ကျူးလွန်လို့ရတာ။ သုရာမေရယဆိုရင်လည်း ပတ်ဝန်းကျင်နဲ့ အများကြီးဆက်စပ်တယ်။ ရှည်ရှည် မတွေးပါနဲ့ဦး။ အရက်သေစာ သောက်စားလို့ မူးယစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူ့မိသားစု ဒုက္ခရောက်တယ်။ အရက်စွဲနေတယ်၊ မူးယစ်ဆေးဝါး စွဲနေတယ်ဆိုရင် သူ့မိသားစုက နံပါတ်တစ် အရင် ဒုက္ခရောက်ရတယ်။
သီလဆိုတဲ့ သဘောက
အဓိပ္ပာယ်တွေ အများကြီးရှိ
ဆိုတော့ သီလဆိုတဲ့ သဘောက ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်တွေအများကြီး ရှိတယ်။ Society တစ်ခုမှာ လူတစ်ယောက် ကိုယ်ကျင့်သီလကောင်းလိုက်ရင် ကိုယ့်ပတ်ဝန်းကျင် မှာ အများကြီးစိတ်ချမ်းသာရာရတယ်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်ကစပြီး တစ်နိုင်ငံလုံး စောင့်ထိန်းနိုင်လေ၊ တစ်နိုင်ငံလုံး အေးချမ်းလေ၊ တစ်ကမ္ဘာလုံးစောင့်ထိန်းနိုင်လေ တစ်ကမ္ဘာလုံး အေးချမ်းလေဖြစ်မှာပဲ။
ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီးတော့ အနောက်တိုင်းပညာရှိတွေရဲ့ ထင်ရှားတဲ့အဆို အမိန့်တစ်ခုကိုလည်း ချန်မထားခဲ့ချင်လို့ တင်ပြပါ ရစေ။ အဲဒါကတော့ “when wealth is lost, nothing is lost. When health is lost, something is lost. When character is lost, everything is lost.” ဆိုတဲ့ စကားပါ။ ဥစ္စာဓန ဆုံးရှုံးသောအခါ ဘာမျှ မဆုံးရှုံးသေးပါ။ ကျန်းမာမှုဆုံးရှုံးတဲ့အခါ တစ်စုံတစ်ခုဆုံးရှုံးပါပြီ။ ကိုယ်ကျင့်တရားဆုံးရှုံးရင် တော့ အားလုံးကိုဆုံးရှုံးပြီလို့ ဆိုပါတယ်။
ကိုယ်ကျင့်တရားကို ပါဠိလို “သီလ” လို့ ခေါ်တယ်လို့ ဆရာကြီးဒေါက်တာ မင်းတင်မွန်ရဲ့ “မြတ်သီလ” စာအုပ်မှာ ဖော်ပြထားတယ်။ ဆိုတော့ “When Character is lost, Everything is lost.” စကားအတိုင်းပါပဲ။ လူသားတွေအားလုံးဟာ ကိုယ့်ကျင့်သီလတွေ ဆုံးရှုံးရင်တော့ အားလုံးကို ဆုံးရှုံးရပါပြီ။ “အူမတောင့်မှ သီလစောင့်မယ့်” လူတွေများလာရင် အထက်မှာဆိုခဲ့သလို စားသောက်ကုန်အတု၊ ဆေးဝါးအတုတွေနဲ့ မူးယစ် ရမ်းကားနေတဲ့သူ၊ ဓားထောက်လုယက်မယ့်သူ တွေ၊ လိမ်ပြောတဲ့သူ၊ သူတစ်ပါးသားမယား စော်ကားတဲ့သူတွေနဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့သူတွေများလာရင် လူ့အဖွဲ့အစည်း တစ်ခုဟာ ချည့်နဲ့သွားပါလိမ့်မယ်။
သီလခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီးအကျိုးပေးနိုင်
အနှစ်ချုပ်ရရင် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ အဆုံးအမတစ်ခု နဲ့ အဆုံးသတ်ချင်ပါတယ်။ အဲဒီအဆုံးအမကတော့ “လူတစ်ယောက်ဟာ ဒါနမရှိပေမယ့် သီလရှိနေရင်ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါနမရှိတာက အကျိုးမရ တာပဲရှိမယ်။ သီလမပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။ တစ်ခါဒါနပြုတဲ့အခါမှာလည်း သီလမပါဘဲနဲ့ပြုရင် အကျိုးပေးမသန်နိုင်ဘူး။ သီလ ခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီးအကျိုးပေးသန်နိုင်တယ်။ ဒါကြောင့် သီလကတော့ အခြေခံပဲ။ သီလကတော့ ဇာတ်လိုက်ပဲ။ သီလကို လက်လွတ်လို့ မဖြစ်ဘူး။” ဟူ၍ပင် ဖြစ်ပါတယ်။
ပြီးတော့ ဗုဒ္ဓသာသနာမှာ လိုရင်းအနှစ်ချုပ်က ဒါန၊ သီလ၊ ဘာဝနာလို့ပဲဆိုဆို၊ သီလ၊ သမာဓိ၊ ပညာ လို့ပဲပြောပြော အဲဒီနှစ်ခုစလုံးမှာ သီလကတော့ မပါမဖြစ်ပါဘဲ။ သီလကတော့ ဘုံပါနေတာပါပဲ။ ဒါနဆိုတာ သူတစ်ပါးချမ်းသာအောင် ပြုလုပ်ရတာ ဖြစ်ပြီး သီလကတော့ သူတစ်ပါးမဆင်းရဲအောင် ကိုယ်၊ နှုတ်၊ စိတ်သုံးပါးစလုံးကို ထိန်းသိမ်း စောင့်ရှောက်တဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကိုအကြောင်းပြုပြီး သူတစ်ပါးမဆင်းရဲရလေ အောင်၊ လူ့အဖွဲ့အစည်း မပျက်စီးရလေအောင် ကိုယ်ကျင့်သီလကို အတတ်နိုင်ဆုံး ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေခင်ဗျာ။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။ ။
ကိုးကား-
မဟာဂန္ဓာရုံဆရာတော်၏ လူဝတ်ကြောင်တို့ အတွက် နံနက်ခင်းဩဝါဒများ
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ သီလ နှင့် ပညာတရားတော်
ဒေါက်တာမင်းတင်မွန်၏ “မြတ်သီလ” စာအုပ်
- Log in to post comments