
ရန်ကုန် အောက်တိုဘာ ၂၀
အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်း အပြောင်းအလဲမြန်လာခဲ့ပြီး ငရုတ်ဈေးနှုန်းအချို့ မြင့်တက်လာခဲ့ကာ မတ်ပဲနှင့် ကုလားပဲခြမ်းတို့လည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လာခဲ့သည်။ ဆန်နှင့်ဆီမှာမူ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
ဆန်
မိုးဆန်ကြမ်း(လမ်းဆန်) အသစ်တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဝန်းကျင်၊ ပြည်ပပို့ဆန်ကွဲတစ်အိတ် ကျပ် ၃၉၀၀၀ ဝန်းကျင်၊ သီးထပ်ဆန်ကြမ်း အဟောင်း တစ်အိတ်လျှင် ကျပ် ၄၄၀၀၀ နှင့် ရက် ၉၀ ဆန်ကြမ်းအဟောင်း (ရှယ်)မှာ တစ်အိတ်လျှင် ကျပ် ၄၆၀၀၀ နှုန်းဝန်းကျင်ရှိနေသည်ကို မြင်တွေ့ ရသည်။ ပေါ်ဆန်းတွင် ရွှေဘိုတစ်အိတ်လျှင် ကျပ် ၈၀၀၀၀/၉၀၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဝန်းကျင်နှင့် ဖျာပုံပေါ်ဆန်းမှာ ကျပ် ၅၈၀၀၀/၆၀၀၀၀ နှုန်း၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၄၇၀၀၀ နှုန်း စသည်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
ဆီ
စားအုန်းဆီရည်ညွှန်းဈေးမှာ ယခင်သီတင်းပတ်ထက် တစ်ပိဿာ ကျပ် ၈၀ မြင့်တက်လာပြီး ကျပ် ၃၉၆၀ ဖြစ်လာခဲ့သည်။ ရန်ကုန်ပြင်ပ ဆီဈေးကွက် အတွင်း လက်ငင်းတစ်ပိဿာ ဈေးနှုန်းမှာ အောက်တိုဘာ ၁၇ ရက်က ကျပ် ၆၁၀၀/၆၁၅၀ ဖြင့် ဘုရင့်နောင်တွင် ဈေးနှုန်းဖွင့်သော်လည်း ညောင်ပင်လေး ဈေးတွင်မူ တစ်ပိဿာ ကျပ် ၆၃၀၀ နှုန်း ဖွင့်လာခဲ့သည်။ အောက်တိုဘာ ၁၉ ရက်တွင် ပြင်ပအလှယ်ဈေး ကျပ် ၆၁၀၀ ဝန်းကျင်သာရှိခဲ့သည်။
ပဲအမျိုးမျိုး
အောက်တိုဘာ ၁၉ ရက်က မတ်ပဲ (FAQ/RC) တစ်တန် ကျပ်၁၈၄၁၉၀၀၀ နှုန်း၊ (SQ/RC) တစ်တန် ကျပ် ၂၁၅၀၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၁၉၇၅၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၀၀၀-၄၂၅၀ နှုန်းရှိသည်။ မတ်ပဲ (FAQ/RC) တစ်တန် ကျပ် ၁၈ သိန်းအောက်သို့ ကျဆင်းနေရာမှ ယခု သီတင်းပတ်တွင် ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
စားဖိုချောင်သီးနှံ
ကြက်သွန်နီဈေးနှုန်းများ စံချိန်တင်တက်ပြီးနောက် ဖွင့်ရက်၌ ရန်ကုန် အဝင်များလာသဖြင့် ဈေးကျလာသည်။ အောက်တိုဘာ ၁၈ ရက်တွင် ပိဿာချိန် ၁၈၀၀၀၀ ဝင်ရောက်လာခဲ့ရာ ဆိပ်ဖြူ၊ မုံရွာကြက်သွန်နီဈေးမှာ ပိုမိုကျဆင်း လာခဲ့သည်။ အောက်တိုဘာ ၁၅ ရက်က ဆိပ်ဖြူတစ်ပိဿာ ကျပ် ၃၇၀၀၊ မြင်းခြံကံဆင့် တစ်ပိဿာ ကျပ် ၃၆၀၀ စသည်ဖြင့်ရှိခဲ့သည်။ အောက်တိုဘာ ၁၉ ရက်တွင် ပိဿာချိန် ၁၂၀၀၀၀ ခန့် ဘုရင့်နောင်သို့ ဝင်ရောက်လာခဲ့ရာ ဆိပ်ဖြူကြက်သွန်နီလက်ကားတစ်ပိဿာ ကျပ်၂၈၀၀-၃၁၀၀-၃၃၀၀-၃၄၀၀ ဈေးနှုန်းရှိသည်။
အောက်တိုဘာ ၁၉ ရက်က ရှမ်းကြက်သွန်ဖြူ(အောင်ပန်း) လက်ကား တစ်ပိဿာ ကျပ် ၃၃၀၀-၄၀၀၀၊ ကြူကုတ် တစ်ပိဿာ ကျပ် ၃၅၂၅ နှုန်းရှိသည်။ အာလူးမှာ တရုတ်အာလူး လက်ကားတစ်ပိဿာ ကျပ်၂၂၀၀၊ ရှမ်း(အောင်ပန်း) ကျပ် ၁၆၀၀-၂၁၀၀ နှုန်းရှိခဲ့သည်။ နယ်စုံ မိုးထောင်ငရုတ်လက်ကားတစ်ပိဿာ ကျပ် ၁၄၅၀၀ ဝန်းကျင်၊ မြှားနီငရုတ်ရှည်(အအေးခန်းထုတ်) ကျပ် ၁၉၀၀၀၊ မြစ်ဝငရုတ်ပွ(အအေးခန်းထုတ်) ကျပ် ၂၃၀၀၀၊ ဇီးငရုတ်ပွ တစ်ပိဿာ ကျပ် ၂၀၀၀၀ နှုန်းရှိသည်။
အောင်ခင်နိုင်