နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

 

နေပြည်တော် အောက်တိုဘာ  ၁၈


(၂၃)   ကြိမ်မြောက်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ   အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂  ညီလာခံခန်းမ၌  ကျင်းပရာ  ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ နာယက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား  ပြောကြားသည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊   ပြည်ထောင်စု     တရားသူကြီးချုပ်၊    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်    ဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊    တရားလွှတ်တော်ချုပ်    တရားသူကြီးများ၊  နိုင်ငံတော်ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာ  ခုံရုံးအဖွဲ့ဝင်များ၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်   အဖွဲ့ဝင်များ၊     နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊        ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊       ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊   လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြ များ၊    ဆုရရှိကြသည့်     ပြိုင်ပွဲဝင်တိုင်းရင်းသား  ညီအစ်ကိုမောင်နှမများနှင့်           တာဝန်ရှိသူများ တက်ရောက်ကြသည်။  

 


အောင်မြင်သိုက်မြိုက်  ခမ်းနားစွာကျင်းပပြီး


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က  အမှာစကား ပြောကြားရာတွင် ၅ နှစ်ကျော် ကာလနီးပါး ရပ်နားခဲ့ ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အထူးအားထုတ်ခဲ့ ရပါကြောင်း၊ သက်ဆိုင်ရာဦးစီးကော်မတီ၊  လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များ၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှစ၍ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ အကဲဖြတ်ပညာ ရှင်ကြီးများ၊ နည်းပြဆရာ၊ ဆရာမကြီးများ၊  ကြီးကြပ် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်များ၏ ပူးပေါင်းဆောင်ရွက် မှုများကြောင့်   အောင်မြင်သိုက်မြိုက်   ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ပြီး ယခုကဲ့သို့ ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း။

 


ယှဉ်ပြိုင်ခြင်းဖြင့်   အောင်မြင်မှု  မှတ်တိုင်တစ်ခု ရယူနိုင်ရေးဟု ဆိုရာတွင် ပညာရပ်တစ်ခုကို စည်း စနစ်ကျစွာ သင်ကြားနာယူမှု၊ စွဲမြဲစွာ တစိုက်မတ်မတ် လေ့ကျင့်ကြိုးစားမှု၊   ကျန်းမာရေးနှင့်ဆိုင်သည့် သက်လုံပြည့်ဝမှု၊ ဇွဲရှိမှုနှင့် သာလွန်ကောင်းမွန်သော ထိုးထွင်းသိမြင်မှု            စသည့်အကြောင်းများစွာပေါ်၌ အခြေခံလျက်ရှိကြောင်း။

 


တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း    ဆုအသီးသီး   ရယူနိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များကို ဂုဏ်ယူဝမ်းမြောက်ကြောင်းကို        ပြောကြားလို ကြောင်း၊   ဆုမရရှိသော်လည်း   ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်မြတ်နိုးနိုးယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲ ဝင်များ၏ ကြိုးစားအားထုတ်မှုကိုလည်း တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း။

 


အမွေအနှစ်များ ပျောက်ကွယ်မသွားစေရန်


မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊  အက၊  အရေး၊ အတီး ပြိုင်ပွဲကြီးကို  နိုင်ငံတော်အနေဖြင့် အချိန်အား၊ လူအား၊  ဓနငွေကြေးအင်အားများနှင့်  ကျင်းပပေး နေခြင်းသည် မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်ကြ သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ပိုင်ဆိုင်ထားကြသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် များ၊    ကောင်းမြတ်သည့်   ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းအပြင်        အဆိုပါအမွေအနှစ်များ တိမ်ကောပျောက်ကွယ် မသွားစေရန် ဆင့်ကဲဆင့်ကဲ ဖြန့်ဝေဆက်ခံနိုင်ကြရန်ဖြစ်ကြောင်း။ 
အထူးအားဖြင့်  ပင်းယခေတ်တွင်   ပေါ်ထွန်းခဲ့ သည့် ကာချင်းများ၊  အင်းဝခေတ်တွင်   ပေါ်ထွန်းခဲ့ သည့်   ကြိုးသီချင်းများ၊   ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သည့် ဘွဲ့၊  သီချင်းခံ၊  ပတ်ပျိုးများ  စသည့် မဟာဂီတဟု   သတ်မှတ်ခြင်းခံထားရသည့်   တေး သီချင်းများနှင့်  ကျေးလက်တေးသံများသည် ယနေ့ ခေတ် ပြည်သူများအကြားပျံ့နှံ့မှု  အားနည်းလာခဲ့ပြီ ဖြစ်ကြောင်း။ 

 


သို့သော်   အချို့သော   အသိပညာရှင်၊     အတတ် ပညာရှင်များသည်   ယနေ့ခေတ်   ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာတိုးတက်မြင့်မားလာမှုကို အသုံး ပြု၍ လူမှုကွန်ရက် မီဒီယာအချို့တွင် မဟာဂီတဝင် ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုးအစရှိသည့် တေးသီချင်း များကို အတီးတူရိယာတစ်မျိုးတည်းအနေဖြင့်ဖြစ်စေ၊ ဆိုတီးနှစ်ဖြာ   ရောနှော၍ဖြစ်စေ  ထုတ်လွှင့်နေကြ သည်ကို  တွေ့မြင်ကြားသိနေရသည့်အတွက် များစွာ အသိအမှတ်ပြုမိကြောင်း၊   ယနေ့   Globalization  ဟုခေါ်သည့် ကမ္ဘာ့ရွာကြီးထဲတွင်  ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း  အစဉ်အလာများ၏    အရွေ့သည် အကောင်းနှင့်အဆိုး          အရှိန်အဟုန်မြင့်မားလျက် အပြန်အလှန်ကူးပြောင်းနေသကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ဖြင့်  ရိုးရာယဉ်ကျေးမှု  အလေ့အထအမူအကျင့်စရိုက် များ   တိမ်ကောပပျောက်သွားအောင်  နည်းမျိုးစုံဖြင့် ထိုးဖောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှု များအပေါ်   မိမိတို့နိုင်ငံသူ နိုင်ငံသားများအနေဖြင့် လည်း အမျိုးဂုဏ် ဇာတိဂုဏ်စောင့်ထိန်းရင်း မိမိနိုင်ငံ မိမိနိုင်ငံသားများ၏ ရိုးရာယဉ်ကျေးမှု  ဓလေ့ထုံးတမ်း အစဉ်အလာများကို   နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကင်းဝေးစေရန်             ဝိုင်းဝန်းကြိုးပမ်းကာကွယ် ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း။

 


လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခြောက်ရာကျော် တွင် ပေါ်ထွန်းခဲ့သည့် ဗုဒ္ဓ၏ တရားဒေသနာများနှင့် အခြားသော  ဘာသာတရားတို့၏  ကောင်းမြတ်သော အဆုံးအမများ   ယနေ့အထိ   တည်တံ့နေခြင်းသည် သက်ဝင်ယုံကြည်မှုနှင့်အတူ    လက်ဆင့်ကမ်းပညာ အမွေပေးမှုရှိခြင်းနှင့် နာယူမှတ်သားသူ အဆင့်ဆင့် ကလည်း ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နှင့် စဉ်ဆက်မပြတ် ကြိုးစားကျင့်ကြံ ကြိုးစားအားထုတ်ခဲ့၍ ဖြစ်ကြောင်း။

 


ထိုနည်းတူ    မိမိတို့    နေ့စဉ်လူမှုဘဝထဲမှ ကောင်းမြတ်သော ဓလေ့ထုံးစံများနှင့် တန်ဖိုးကြီးမား သော အနုသုခုမ အမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့်    ပွားများအောင်    ကြိုးပမ်းခြင်း များ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 


အထူးပင်ကျေးဇူးတင် 


မကြာမီ ပြီးစီးတော့မည့်(၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်ပြီးမြောက်အောင် စီမံဆောင်ရွက်ပေးကြ သည့်      ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်အလိုက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ   အောင်မြင်စွာကျင်းပနိုင်ရန်   လူအား ငွေအား     စေတနာအားတို့ဖြင့်       ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့်  တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်  ပြိုင်ပွဲကျင်းပရေး     ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ကာလရှည်ကြာကျင်းပခဲ့သည့်           ပြိုင်ပွဲကြီး တစ်လျှောက်       မြန်မာတို့၏      အဆင့်အတန်း မြင့်မားလှသည့်            အနုသုခုမပညာရပ်များ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို   မျိုးဆက်သစ်လူငယ်လူရွယ်၊ တိုင်းရင်းသား   ညီနောင်များအတွက်   ပညာအမွေ ပေးရန်   ပြင်းပြသည့်   စိတ်စေတနာအပြည့်အဝဖြင့် မိမိတို့၏  အသက်အရွယ်နှင့်   ကျန်းမာရေးကိုပင် လျစ်လျူရှုပြီး ပြိုင်ပွဲဝင်များအပေါ် လိုအပ်သည်များကို ပြုပြင်ပေးကြသည့် အကဲဖြတ်ဒိုင်လူကြီးများ  အပါ အဝင်  ပြိုင်ပွဲအားလုံး၌  စိတ်ရောကိုယ်ပါနှစ်ပြီး  ဇွဲ၊ လုံ့လ၊ ဝီရိယ  အားမာန်အပြည့်အဝဖြင့်    ပြိုင်ပွဲဝင်ခဲ့ ကြသည့် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးမှ ချစ်ကြည်ရင်းနှီးအပ်သော   တိုင်းရင်းသား ညီနောင် လူငယ်လူရွယ်များအားလုံးကို  အထူးပင်ကျေးဇူးတင် ရှိပါကြောင်း။ 

 


ထို့ပြင် ပြိုင်ပွဲကာလတစ်လျှောက်  ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်   အသင်းသူ  အသင်းသားများ၊    ကြီးကြပ် အုပ်ချုပ်သူများ၊    နည်းပြများ     အားလုံးကလည်း အဆင့်ရှိရှိ    အပြိုင်အဆိုင်   ကြိုးကြိုးစားစား  ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်ကို      ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊  အရေး၊     အတီးပြိုင်ပွဲမှ အနာဂတ်နိုင်ငံတော်အတွက်  မြန်မာ့ရိုးရာယဉ်ကျေး မှု  အမွေအနှစ်များ  ထိန်းသိမ်းကြမည့် မျိုးဆက်သစ် ထူးချွန်သည့် အနုပညာရှင်မြောက်မြားစွာ ပေါ်ထွန်း လာမည်ဟု ယုံကြည်ပါကြောင်း။

 


ကျင်းပပြီးစီးခဲ့သည့် (၂၃)  ကြိမ်မြောက်   မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ ကြီးကို အကြောင်းပြု၍ ရရှိခဲ့သောအောင်မြင်မှု ဆု တံဆိပ်များ၊  ပြိုင်ပွဲကာလအတွင်း  တွေ့ကြုံရင်းနှီးခဲ့ရ သည့်  တိုင်းရင်းသား  ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ချစ်ကြည်ခိုင်မြဲခဲ့ရသော မေတ္တာတရား များကိုအခြေခံ၍ မိမိတို့ နေရပ်ဒေသများသို့ ပြန်လည် ရောက်ရှိကြသည့်အခါ နိုင်ငံ့အကျိုးနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ   ဖြစ်ကြသည့်   နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကို သက်ဆိုင်ရာ လုပ်ငန်းခွင်၊ စာသင်ခန်းများမှတစ်ဆင့် ဆတက်ထမ်းပိုး သယ်ပိုး နိုင်ကြပါစေကြောင်း ပြောကြားသည်။ 

 


ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်


ထို့နောက်    ဆုများ    ပေးအပ်ချီးမြှင့်ရာ  ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ချုပ်က တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်း သားရိုးရာနှင့် ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 


ယင်းနောက်              နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များက     မဟာဂီတတေးသီချင်း     အဆို ပြိုင်ပွဲ၊   ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲ၊   အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း အဆိုပြိုင်ပွဲ တို့တွင် ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 


ထို့နောက်  အဆင့်မြင့်ပညာအဆင့် (အမျိုးသား) “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့် တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသ ကြီးမှ    မောင်စွမ်းရည်ထက်က   ဖျော်ဖြေတင်ဆက်သည်။

 


ဆက်လက်၍           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များက အကပြိုင်ပွဲ၊  ရုပ်သေး  ကြိုးဆွဲ ပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲ၊ ရာမာယဏ   ဇာတ်တော်ကြီး  ပြိုင်ပွဲ၊ မြန်မာအက အခြေခံကဗျာလွတ် အကပြိုင်ပွဲတို့တွင် ဆုရရှိသူများ နှင့် အကပံ့ပိုး   ဆိုင်းအဖွဲ့ဆုရရှိသူများ၊  ဆို ငို ပြော ထူးချွန်ဆု၊   ဇာတ်ပို့ဆိုင်းထူးချွန်ဆု၊    ဇာတ်ညွှန်း ထူးချွန်ဆု၊   ဒါရိုက်တာထူးချွန်ဆု   ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်ချီးမြှင့်ကြသည်။

 


ထို့နောက် အခြေခံပညာအဆင့်  (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ကဗျာလွတ် အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကရင်ပြည်နယ်မှ နန်းသဇင်အေး နှင့် အဖွဲ့က ကပြဖျော်ဖြေတင်ဆက်သည်။

 


ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်က အရေးပြိုင်ပွဲတွင်    ဆုရရှိကြသူများကို     ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။

 


ထို့နောက်   ဝါသနာရှင်အဆင့်   (ပထမတန်း) အရေးပြိုင်ပွဲတွင်   ပထမဆုရရှိသော  ရန်ကုန်တိုင်း ဒေသကြီးမှ ဦးဗိုလ်စိုး ရေးသားသည့် “ထိန်းသိမ်းစို့ လေ ရိုးရာအမွေ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

 


ဆက်လက်၍        ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက    စောင်းအတီး ပြိုင်ပွဲ၊ စန္ဒရားအတီးပြိုင်ပွဲ၊ ပတ္တလားအတီးပြိုင်ပွဲ၊ တယောအတီးပြိုင်ပွဲ၊ မယ်ဒလင်အတီးပြိုင်ပွဲ၊ ဂီတာ အတီးပြိုင်ပွဲနှင့် ဒုံမင်းအတီးပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲ၊ ဆိုင်းအဖွဲ့လိုက်အတီးပြိုင်ပွဲ၊ နှဲပြိုင်ပွဲ၊ ပလွေပြိုင်ပွဲ၊  အိုးစည်ပြိုင်ပွဲ၊   ဒိုးပတ်ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 


ထို့နောက် အခြေခံပညာအဆင့်  (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)    ပတ္တလား     အတီးပြိုင်ပွဲတွင် ပထမဆုရရှိသော   မွန်ပြည်နယ်မှ  မနွေးနွေးထက်က တီးခတ်ဖျော်ဖြေတင်ဆက်ပြီး          အခမ်းအနားကို ရုပ်သိမ်းသည်။ 

 


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှုများမှာ  ရန်ကုန်တိုင်းဒေသကြီးမှ ၁၂၈ ဆု၊  မန္တလေးတိုင်းဒေသ ကြီးမှ ၈၈ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅၈ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ   ၃၆   ဆု၊   ပဲခူးတိုင်းဒေသ ကြီးမှ ၃၃ ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၃ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၂၂ ဆု၊ ချင်းပြည်နယ်မှ  ၂၁ ဆု၊ ကရင်ပြည်နယ်မှ ဆု ၂၀ ၊ ရခိုင်ပြည်နယ်မှ ဆု ၂၀၊ ရှမ်းပြည်နယ်မှ ၁၉ ဆု၊ မွန်ပြည်နယ်မှ ၁၅ ဆု၊ ကချင်ပြည်နယ်မှ ၁၁ ဆုနှင့် ကယားပြည်နယ်မှ ၁၀ ဆု ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။  

သတင်းစဉ်