
နေပြည်တော် ဒီဇင်ဘာ ၁၆
၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဦးဝင်းမော်ထွန်း၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦး၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂ ရက်တွင် “၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ” ကို
ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ(၁) အပါအဝင် (၁၄)ဦးဖြင့် လည်းကောင်း၊ “စီမံခန့်ခွဲမှုကော်မတီ” ကို ဥက္ကဋ္ဌအဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အပါအဝင် (၁၇) ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ဆပ်ကော်မတီ (၁၄)ခုကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်မှာ “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံမှသည် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရေး”၊ “တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး”၊ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး”၊ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသား အားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး” နှင့် “အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာ သောမျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး” တို့ ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပ
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက် ကာ ပြည်မနှင့်တောင်တန်းဒေသ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ပင်လုံညီလာခံကို ကျင်းပ၍ တိုင်းရင်းသားအားလုံး တညီတညွတ်တည်း ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကာ လွတ်လပ်ရေးကို အရယူနိုင် ခဲ့ပါကြောင်း၊ ထိုသို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသ နိုင်ခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်ရစ်ခဲ့ပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၄)နှစ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ် မှုကြောင့် လွတ်လပ်ရေးရရှိခဲ့သဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တစ်မျှ အရေးကြီးကြောင်းကို နောင်လာနောက်သားများသိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလျက် ရှိပါကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားသည် နှစ်စဉ်ကျင်းပ နေကျဖြစ်သော်လည်း လတ်တလော ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကြောင့် နံနက်ပိုင်းအခမ်းအနား များဖြစ်သည့် “နိုင်ငံတော်အလံတင်အခမ်းအနား” နှင့် “နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား” တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထား သည့် “စံလုပ်ငန်းလမ်းညွှန်ချက်များ”၊ “ညွှန်ကြားချက်များ” နှင့်အညီ လိုက်နာဆောင်ရွက်ကာ လူအင်အားလျှော့ချသတ်မှတ်ပြီး ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည့် “ဧည့်ခံ ပွဲနှင့် ညစာစားပွဲအခမ်းအနား” ကို COVID-19 ကူးစက် ရောဂါ ကင်းစင်မှုမရှိသေးသည့်အတွက် ယခုနှစ်တွင် ကျင်းပခြင်း မပြုလုပ်တော့ပါကြောင်း။
ဂရုတစိုက်ဆောင်ရွက်
“ပြည်ထောင်စုနေ့အခမ်းအနားများ” ကို အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့် သတ်မှတ်ပေးထားသောလုပ်ငန်းတာဝန်များ အပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန် ထားသည့် “ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စံလုပ်ငန်း လမ်းညွှန်ချက်များ” ကို သေချာစွာ ဂရုတစိုက်ဆောင်ရွက် ရမည့်ကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” အနေဖြင့် လည်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ၌ “၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားများ” ကို ကျင်းပရာတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် “အခမ်းအနားစီစဉ် ဆောင်ရွက်မည့်သူများ လိုက်နာဆောင်ရွက်ရန် အချက် (၁၂) ချက်” နှင့် “နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတွင် လိုက်နာဆောင်ရွက်ရမည့် အချက်(၄)ချက်”၊ စုစုပေါင်းအချက် (၁၆)ချက်ကို ရေးဆွဲပေးထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီ များနှင့် တာဝန်ရှိသူများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပြင် အဆိုပါအချက် (၁၆)ချက်ကို စံလုပ်ငန်းလမ်းညွှန်ချက်အဖြစ် သတ်မှတ်ကာ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
တိတိကျကျလိုက်နာ
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကိုလည်း “ပြည်ထောင်စုနေ့အခမ်းအနားများ” ကို ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေး ထားသည့် “စံလုပ်ငန်း လမ်းညွှန်ချက်များ”၊ “အမိန့်နှင့် ညွှန်ကြားချက်များ” နှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည့်နေရာများ တွင် ပိုးသတ်ဆေးကြိုတင်ဖျန်းထားနိုင်ရေး၊ အဆိုပါ နေရာအားလုံးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ထိတွေ့နိုင်မှုများရှိနိုင်သဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်လာသူများအတွက် နှာခေါင်းစည်း(Mask) များ၊ မျက်နှာအကာ(Face Shield)များ၊ လက်အိတ်(Glove)များ ဖြန့်ဝေနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရေး၊ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရန်နှင့် လက်ဆေးကြော သန့်စင်နိုင်ရန်အတွက် လက်သန့်စင်ဆေးရည် (Hand Sanitizer/Gel) များ ထားရှိနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်မည့်သူများအတွက် နေရာခင်းကျင်းရာတွင် လည်း အခမ်းအနားကျင်းပမည့် နေရာအကျယ်အဝန်းပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး အကွာအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် Social Distancing များအတိုင်း နေရာချထားပြီး လူအင်အား လျှော့ချသတ်မှတ်နိုင်ရေးနှင့် အရေးပေါ် ကျန်းမာရေး ကိစ္စရပ်များအတွက် လုံလောက်သောဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုယာဉ် များကို ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ထည့်သွင်းဖော်ပြရန်လို
၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေး ဦးတည်ချက် (၅)ရပ်၏ အနှစ်သာရများကို ပြည်သူများ သိရှိနားလည်နိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းအားလုံးမှ ပြန်ကြား ရေး၊ ဖျော်ဖြေရေးနှင့် ပညာပေးအစီအစဉ်အမျိုးမျိုးတို့ဖြင့် ထုတ်လွှင့်ဖော်ပြနိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စု အစိုးရအဖွဲ့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံ များကိုလည်း ထည့်သွင်းဖော်ပြရန် လိုအပ်ပါကြောင်း။
သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီအနေဖြင့် “နိုင်ငံတော်သမ္မတထံမှ ၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့မည့် သဝဏ်လွှာ” ကို အချိန်မီရရှိနိုင်ရေးအတွက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားကြရန် ပြောကြားလိုပါ ကြောင်း။
မြေစိုက်ပိုစတာဒီဇိုင်းများနှင့် ပို့စကတ်ဒီဇိုင်းများကို လည်း အချိန်မီတင်ပြအတည်ပြုချက် ရယူနိုင်ရေးနှင့် သတ်မှတ်နေရာများတွင် မြေစိုက်ပိုစတာများ အချိန်မီ စိုက်ထူနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရန် ပြောကြားလိုပါကြောင်း။
စစ်ဆေးကြပ်မတ်ဆောင်ရွက်
အထူးသဖြင့် အဓိကထားပြောကြားလိုသည်မှာ လုံခြုံ ရေးအပိုင်းပင်ဖြစ်ပါကြောင်း၊ လုံခြုံရေးဆပ်ကော်မတီ အနေဖြင့်လည်း လုံခြုံရေးဆောင်ရွက်ရာတွင် သတ်မှတ် ထားသည့် လုပ်ငန်းတာဝန်များကို လစ်ဟာမှုမရှိအောင် ဘက်စုံထောင့်စုံသုံးသပ်ဆောင်ရွက်ကာ စနစ်တကျ စီမံ ချက်များရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီများ အနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ် သာရရှိစွာဖြင့် အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ တိကျစွာလိုက်နာပြီး ယခုနှစ်တွင် အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့်အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စု နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့က “လုံခြုံရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များ အပေါ် ဆောင်ရွက်သွားမည့် လုံခြုံရေးအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင် ထွန်းက “ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ အခမ်းအနားတက်ရောက်မည့်သူများအား အချိန်မီ ဖိတ်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေ၊ ဖိတ်ကြားမည့် ဖိတ်စာနမူနာပုံစံ၊ ပန်ကြား လွှာ၊ ရင်ထိုးတံဆိပ်၊ လုံခြုံရေးစတစ်ကာ၊ လုံခြုံရေးကတ်ပြား များနှင့် ယာဉ်ဝင်ခွင့်ကတ်ပြားများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦးက “အလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်း အနားများတွင် စစ်ရေးပြဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လူဦးရေကန့်သတ်လျှော့ချကာ ဖွဲ့စည်းလေ့ကျင့်ဆောင်ရွက် နေမှုအခြေအနေများနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက် သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်က “မြေစိုက် ပိုစတာများစိုက်ထူရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို အများပြည်သူမြင်သာအောင် မြေစိုက်ပိုစတာများ စိုက်ထူ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် “ကျန်းမာရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အခမ်းအနားသို့ တက်ရောက် မည့်သူများအား ဖိတ်ကြားစာပေးပို့ရာတွင် COVID-19 ရောဂါကူးစက်မှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဖိတ်ကြားစာတွင် တစ်ပါတည်း ထည့်သွင်း ပေးနိုင်ရေးနှင့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနိုင်မှု အခြေအနေများအား အခမ်းအနားတက်ရောက်မည့်သူများ သတိပြုနိုင်စေရေးအတွက် သတိပေးဆောင်ပုဒ်များ စိုက်ထူ ထားရန်နှင့် Hand Speaker များဖြင့် ကျန်းမာရေး သတိပေးမှုများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ COVID-19 ရောဂါ ကူးစက် ဖြစ်ပွားမှု မရှိစေရေးအတွက် လိုအပ်သည့် ဆေးနှင့် အကာ အကွယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနား ကျင်းပမည့်နေရာများတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနားတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအား ကျန်းမာရေး ဆေးစစ်မှု ကြိုတင်ဆောင်ရွက်ပေးမည့်အခြေအနေများ နှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းကူညီစစ်ဆေးဆောင်ရွက်သွား မည့်အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ခွဲဝေချထားမှုအခြေအနေ၊ နံနက်ပိုင်း အခမ်း အနားများအတွက် လူဦးရေကန့်သတ်လျှော့ချကာ တစ်ဦး နှင့် တစ်ဦး (၈)ပေခွာပြီး နေရာချထားမည့် လျာထားမှု အကွက်ချပုံစံနှင့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က “ပြန်ကြားရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုနေ့အကြိုကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် ပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်များ၊ ပြည်ထောင်စုနေ့ အခမ်းအနားများအား တိုက်ရိုက်ထုတ်လွှင့်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စု နေ့နှင့် သက်ဆိုင်သောအခမ်းအနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရိုက်ကူးထား သည့် ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
အစီအမံများရှင်းလင်း
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတထံမှ ပေးပို့မည့် သဝဏ်လွှာကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်များ လာရောက်ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် နေပြည်တော်အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်