(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုပြုလုပ်ရန် တရုတ်နိုင်ငံသို့ အားကစားသမားများ ကမ္ဘောဒီးယား စေလွှတ်မည်

 

ဖနောင်ပင်    စက်တင်ဘာ   ၁၃


ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ် ကမ္ဘောဒီးယား နိုင်ငံတွင်   ကျင်းပမည့်  (၃၂) ကြိမ်မြောက်  အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိုင်ပွဲ အတွက် ရည်ရွယ်ကာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှု အဖြစ် အားကစားသမား ၁၆၀ ပါ အဖွဲ့ကို တရုတ် နိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြော သည်။  အဆိုပါစေလွှတ်သည့်   အားကစားသမား  ပမာဏသည်     ပြည်ပသို့     လေ့ကျင့်မှုပြုလုပ်ရန် စေလွှတ်သည့် အများဆုံးပမာဏဖြစ်ကြောင်း သိရ သည်။

 


ကမ္ဘောဒီးယား  အမျိုးသားအိုလံပစ်ကော်မတီမှ  အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဗက်သ်ချမ် ရိုအွန်က   အဆိုပါ    အားကစားသမားများသည်  ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ  ပြုလုပ်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ စက်တင်ဘာ ၁၅ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း    ပြောသည်။    ထို့အပြင် ၎င်းက ထိုကဲ့သို့ တရုတ်နိုင်ငံကို နိုင်ငံမှ အားကစား သမားများ    လေ့ကျင့်မှုပြုလုပ်ရန်   စေလွှတ်ခြင်း သည်   ကမ္ဘောဒီးယားနိုင်ငံနှင့်   တရုတ်နိုင်ငံတို့ကြား သံမဏိချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှု၏ နောက်ထပ်အသီးအပွင့်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းက             ကမ္ဘောဒီးယားနိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရေးပါသော အခန်းကဏ္ဍမှ အထောက်အပံ့ကောင်းများ ရရှိမည် ဖြစ်ကြောင်း ပြောသည်။

 


ထို့အပြင် ဗက်သ်ချမ်ရိုအွန်က အဆိုပါအားကစား သမားများသည်  ရေကူး၊  ဘတ်စကက်ဘော၊ ဝူရှူး၊ အလေးမ၊  ဘော်လီဘော၊  အမျိုးသမီးဘောလုံး၊ ကြက်တောင်၊    နပန်း၊   ဂျူဒို၊    စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်နှင့် ကျွမ်းဘားစသည့် အားကစားနည်း များအပါအဝင် အားကစားနည်း ၁၂ မျိုးကို လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


ကမ္ဘောဒီးယားနိုင်ငံသည်  ၂၀၂၃ ခုနှစ် မေလ တွင် ပထမဆုံးအကြိမ် (၃၂) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကို     အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။                

                            
ဆင်ဟွာ