
နယူးယောက် စက်တင်ဘာ ၁၀
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား ဥပဒေသစ်တစ်ရပ် အတည်ပြုလိုက်ခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ အဆိုပါ နျူကလီးယား ဥပဒေသစ်တစ်ရပ်ကို စက်တင်ဘာ ၈ ရက်တွင် လွှတ်တော် က အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအန်း က မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နောက်ပြန်လှည့်၍ မရကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
လုံခြုံရေးအယူဝါဒများတွင် နျူကလီးယားလက်နက် များ၏ အခန်းကဏ္ဍနှင့် အရေးပါမှုမြင့်တက်လာခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းက နျူကလီးယားအန္တရာယ် လျှော့ချရေးနှင့် ကင်းစင်ရေး၏ ဆယ်စုနှစ်ကြာ ကြိုးပမ်း အားထုတ်မှုများကို သွေဖည်နေသည်ဟု ဂူတာရက်စ်က ဆိုသည်။
ထို့အပြင် ဂူတာရက်စ်က ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်အတွက် အဓိက ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု ပြန်လည်ပြုလုပ်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်းဆိုလိုက်ကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ