ရန်ကုန်တိုင်းဒေသကြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်) ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန်  စက်တင်ဘာ  ၉     


ရန်ကုန်တိုင်းဒေသကြီး ၂၀၂၂ခုနှစ် (၂၃)  ကြိမ်မြောက်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊  အက၊  အရေး၊ အတီးပြိုင်ပွဲ      (အဆင့်မြင့်ပညာအဆင့်) ဂုဏ်ပြုလက်မှတ်ချီးမြှင့် ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ  ၂     နာရီခွဲတွင်     ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)   မြို့နယ်ရှိ အမျိုးသား       ယဉ်ကျေးမှုနှင့်        အနုပညာတက္ကသိုလ်     (ရန်ကုန်)         သရဖီဆောင်   အနုပညာခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ  ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး        ဥပဒေချုပ် ဦးဌေးအောင်၊           ရန်ကုန်မြို့ရှိ တက္ကသိုလ်၊           ဒီဂရီကောလိပ် အသီးသီးမှ  ပေါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊  မျိုးဆက်သစ်ပြိုင်ပွဲဝင်များနှင့်  မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်    ဆိုင်းအဖွဲ့ လိုက်(အမျိုးသမီး) မသဲဆုလှိုင်နှင့် အဖွဲ့၊   ဒိုးပတ်အဖွဲ့လိုက်  (အမျိုးသား)  မောင်စစ်ဇေယျာထွန်းနှင့် အဖွဲ့တို့   ဖျော်ဖြေတင်ဆက်မှုနှင့် ငြိမ့်ညောင်းသံသာ  တေးအလင်္ကာ သံစုံတီးဝိုင်းအဖွဲ့၏          သရုပ်ပြ ဖျော်ဖြေတင်ဆက်မှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း နှင့်    ဧည့်သည်ပရိသတ်များက ကြည့်ရှုအားပေးကြပြီး (အောက်ပုံ) တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်သည်။

 


ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး  (အဆင့်မြင့် ပညာအဆင့်) ဘာသာရပ်အလိုက် ဂုဏ်ပြုလက်မှတ်ရရှိသူများအား ရန်ကုန်မြို့ရှိ  တက္ကသိုလ်၊   ဒီဂရီ ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊      ကျောင်းအုပ်ကြီးများ၊   ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိ သူများက ချီးမြှင့်ပေးအပ်ကြသည်။

 


နံနက်ပိုင်းတွင်   ဦးစွာပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်အဖွဲ့သည် အတီးပြိုင်ပွဲ  သတ်မှတ်နေရာဖြစ်သည့်   သရဖီဆောင်  အနုပညာ ခန်းမနှင့်သဇင်ဆောင်တို့တွင်နေရာ ယူကြပြီးပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို  ကြည့်ရှုကာ   အကဲဖြတ်အမှတ်များ         ပေးကြသည်။

 


ထို့နောက် ပြိုင်ပွဲဝင် မျိုးဆက် သစ်လူငယ်များက  အဆင့်မြင့် ပညာအဆင့် အတီးဘာသာရပ်တွင် ပါဝင်သည့် ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊နှဲ၊အိုးစည်၊ဒိုးပတ်၊   အဆင့်မြင့်ပညာအဆင့် အဆို ဘာသာရပ်တွင် ပါဝင်သည့်  အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ဖြင့် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

သတင်းစဉ်