
ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်လူထုကော်မတီနှင့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့ သည် Binh Duong ပြည်နယ်ရှိ များစွာသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ၏ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှုတွင် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ လူထုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ Binh Duong ပြည်နယ်တွင် စီးပွားရေးလုပ်ငန်း ၅၇၀၀၀ ကျော်ရှိပြီး ၎င်းတို့အထဲမှ ၉၇ ရာခိုင်နှုန်းမှာ SME လုပ်ငန်းများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားစဉ် SME လုပ်ငန်းပေါင်း ၉၀ ရာခိုင် နှုန်းကျော်သည် ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း၊ ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများကို ပြောင်းလဲရန် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်း သည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ လိုအပ်နေကြောင်း သိရသည်။
ယခုအချိန်သည် SME လုပ်ငန်းများ၏ စီမံအုပ်ချုပ်မှုများတွင် နည်းပညာအသုံးချရန် နှင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရမည့်အချိန် သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါ ကူးပြောင်းမှု တွင် ဖြစ်ပေါ်လာသည့် အခက်အခဲ၊ အတား အဆီးများကို ကျော်လွှားနိုင်ရန်အတွက် သက်ဆိုင်ရာမူဝါဒများကို လျင်မြန်စွာ ချမှတ် ပေးသွားရန် လိုအပ်သလို SME လုပ်ငန်းများ၌ နည်းပညာပြောင်းလဲမှုကို ပြုလုပ်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။
SME များအနေဖြင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်းကို လက်ခံယုံကြည်လာရန် ဆွဲဆောင်စည်းရုံးရမည်ဖြစ်ပြီး ပြည်နယ် အုပ်ချုပ်ရေးအနေဖြင့် SME လုပ်ငန်းများ ဆန်းသစ်တီထွင်နိုင်ရန်နှင့် ဖြစ်ပေါ်လာနိုင် ခြေရှိသည့် ဆုံးရှုံးနစ်နာမှုများမှ ကြိုတင် ရှောင်ရှားနိုင်ရန်အတွက် ကူညီပံ့ပိုးပေးရန် ဥပဒေမူဘောင်တစ်ခုကို ဖန်တီးပေးရမည်ဟု ဗီယက်နမ်နိုင်ငံ လူထုကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။
SME စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးပြီး ၎င်းတို့အနေဖြင့် နည်းပညာ အသစ်များကို အသုံးချရန် အခြေအနေများ ဖန်တီးပေးသော မူဝါဒများနှင့် အထူးသဖြင့် ဥပဒေရေးရာ အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည့် နည်းပညာ များကို ခွင့်ပြုပေးရမည်ဟု ကျွမ်းကျင်သူ များက ပြောကြားထားသည်။
Binh Duong ပြည်နယ်အနေဖြင့် နည်းပညာကုမ္ပဏီကြီးများ ဖွံ့ဖြိုးတိုးတက် လာစေရေးကို အားပေးမြှင့်တင်ရန် လိုအပ်ပြီး လူမှုအသိုက်အဝန်းအတွင်း ဒစ်ဂျစ်တယ်စနစ် သို့ ကူးပြောင်းခြင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာ များ၏ အကျိုးကျေးဇူးများကို သိရှိရန် အသိပညာပေးလုပ်ငန်းများ မြှင့်တင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် SME စီးပွားရေးလုပ်ငန်းများ၏ ဆုံးရှုံးနိုင်ခြေများကို လျှော့ချရေး အကူအညီပေးရန် ဒစ်ဂျစ်တယ် စနစ်သို့ ကူးပြောင်းခြင်းအတွက် အခြေခံစံနှုန်း များကို ချမှတ်ရမည်ဟုလည်း ကျွမ်းကျင်သူ များက မှတ်ချက်ပြုထားသည်။
Binh Duong ပြည်နယ်မှ SME များ အတွက် ထောက်ပံ့မှုကွင်းဆက် ချိတ်ဆက်မှု များ တိုးတက်လာရန်နှင့် ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးရန် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)သည် စီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာနနှင့်အတူ USAID Link-ages for Small and Medium Enterprises အမည်ရှိ အစီအစဉ်တစ်ခုကို နီးကပ်စွာ ပါဝင်အကောင်အထည်ဖော်လျက်ရှိသည်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ၏ အစီအစဉ်သည် ဗီယက်နမ် SME လုပ်ငန်းများနှင့် ဗီယက်နမ်နိုင်ငံရှိ ဦးဆောင် ကုမ္ပဏီကြီးများအကြား Supplier-Buyer ဆက်သွယ်ဆောင်ရွက်မှုများကို ပံ့ပိုးကူညီပေး ရန်၊ ကုန်ထုတ်လုပ်မှု ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် ပါဝင်ဖြည့်ဆည်းနိုင်ရန်နှင့် ဗီယက်နမ် SME လုပ်ငန်းများ၏ စွမ်းဆောင် ရည်များချဲ့ထွင်ရန်အတွက် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုစင်တာများနှင့် SME လုပ်ငန်း များ မြှင့်တင်ရေးအေဂျင်စီများကဲ့သို့သော ကြားခံအဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်စွမ်း များကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက် သွားရန် ရည်ရွယ်ထားသည်။
Binh Duong ပြည်နယ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၀၃ ခုရှိပြီး ရင်းနှီး မြှုပ်နှံမှု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိကြောင်း သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊