
ရပ်စောက် ဩဂုတ် ၃၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဩဂုတ်လ ၃၀ ရက်နေ့ ညကမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီချောင်း ရေလျှံတက်လာပြီး အဆိုပါ ချောင်းဘေးရှိ နေအိမ်အချို့နှင့် လမ်းမများပေါ်သို့ ချောင်းရေများ ဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဇော်ဂျီချောင်း ရေများ လျှံတက်လာမှုကြောင့် ဇော်ဂျီ ရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက် အတွင်းရှိ လူနေအိမ်အချို့နှင့် လမ်းမများပေါ်သို့ ရေများ ဝင်ရောက်ခဲ့ပြီး လိုအပ်လာပါက ကူညီ ကယ်ဆယ်ရေး လုပ်ငန်း များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှု ကူညီရေး အသင်းအဖွဲ့များက အသင့်စောင့်ဆိုင်းနေခဲ့ကြရာ လူ၊ တိရစ္ဆာန်နှင့် နေအိမ်များ ပျက်စီး ဆုံးရှုံးမှုမရှိဘဲ ယနေ့မွန်းလွဲပိုင်း တွင် ချောင်းရေများ အနည်းငယ် ပြန်လည် ကျဆင်းသွားပြီဖြစ် ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်က မိုးသည်း ထန်စွာရွာသွန်း ပြီး ဇော်ဂျီချောင်း ရေမြင့်တက်လာမှုကြောင့် တာဝန် ရှိသူများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြပြီး အိမ်ထောင်စု ၃၄၃ စုနှင့် စုစုပေါင်း လူဦးရေ ၉၁၈ ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး (ပြန်/ဆက်)