
မြိတ် သြဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုဒေသ၌ ရေငန်ပုစွန်မွေးမြူရေးလုပ် ငန်းများ အောင်မြင်ဖြစ်ထွန်းလာသည့်အတွက် ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လာနိုင်ပါက သဘာဝအတိုင်း ဖမ်းဆီးမှုကို တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်ပြီး ပြည်ပဝင်ငွေလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
မြိတ်ကျွန်းစုဒေသ၌ ရေငန်ပုစွန် မွေးမြူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ရာ ယခုအခါ ပုစွန် မွေးမြူရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းမှုများ ရရှိနေပြီး ထွက်ရှိလာသည့် ရေငန်ပုစွန်များကို ပြည်ပပို့ကုန်တစ်ခု အနေဖြင့် တင်ပို့ရောင်းချလျက်ရှိသည်။
ပြည့်ဖြိုးထွန်း ခေတ်မီရေငန်ပုစွန် မွေးမြူရေးကုမ္ပဏီမှ မန်နေဂျာ ဦးမိုးကျော်ဟန်က “ကတ္တလူးကျေးရွာက မြေ ၄၁၅ ဧကမှာ ရေငန်ပုစွန် ၆၄ ကန် မွေးမြူထားပါတယ်။ တစ်လကို တန် ၂၅၀ နဲ့ ၃၀၀ အကြား ဖမ်းယူရရှိနေပါတယ်၊ ပုစွန်မွေးမြူရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ် ကနေ စတင်မွေးမြူခဲ့တာ အခုဆိုရင် ရှစ်နှစ်မှာ ပုစွန်ကန် ၆၄ ကန် မွေးမြူပြီး ပါပြီ။ လက်ရှိမှာ ပြည်ပပို့ကုန်အခက်အခဲ နည်းနည်းရှိတဲ့အတွက် ထိန်းပြီးမွေးနေရ ပါတယ်။ ပြည်ပပို့ကုန်အနေနဲ့ ဂျပန်နဲ့ တရုတ်နိုင်ငံတွေကို အဓိကတင်ပို့နေပါ တယ်။ ရေငန်ပုစွန် မွေးမြူခြင်းကို နွေရာသီမှာ ပိုမိုမွေးမြူရတယ်။ မိုးရာသီမှာ ရေငန်နှုန်းကျပြီး ကြီးထွားနှုန်း နှေးကွေးတဲ့အတွက် ထိန်းပြီးမွေးရပါ တယ်။ ဒါကြောင့် မိုးရာသီမှာ လျှော့မွေး ပြီး နွေရာသီမှာ ပိုမွေးပါတယ်။ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းကို တိုးချဲ့ဖို့ရှိပါတယ်။ သစ်ယာဝကျေးရွာမှာလည်း တိုးချဲ့ပြီး မွေးမြူဖို့ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ရေငန်ပုစွန် မွေးမြူခြင်း ကို ကျွန်းစုမြိုနယ်အတွင်းရှိ ကတ္တလူး ကျွန်း၊ မစမ်းပါးကျွန်း၊ ကျားကြီးအော် ကျွန်း၊ ကော့သောင်းမြို့နယ်ရှိ သူဌေး ကျွန်းနှင့် မြိတ်မြို့နယ်တို့၌ လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။
ခိုင်ဇင်ရော်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစန်းမောင်ကလည်း “ကျွန်တော်တို့ ဒေသအတွင်းမှာ မွေးမြူရေးလုပ်လို့ရတဲ့ မြေနေရာတွေမှာ ငါးမွေးမြူရေး၊ ဂျင်းမွေးမြူရေး၊ ပုစွန် မွေးမြူရေးလုပ်လို့ရတဲ့ မြေနေရာတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာသာ ကျွန်တော်တို့ မွေးမြူရေးလုပ်လို့ အောင်မြင်မယ်၊ သက်ဆိုင်ရာဌာနတွေက တွန်းအားပေးမယ်ဆိုရင် ရေထဲမှာပဲ သဘာဝတရားအတိုင်း ငါးဖမ်းဆီးနေ၊ ပုစွန်ဖမ်းဆီးနေတဲ့ဟာကို တစ်ဖက် တစ်လမ်းကနေ ထိန်းသိမ်းပေးရာ ရောက်မယ်။ တစ်ဖက်တစ်လမ်းကနေ ပြည်ပဝင်ငွေကိုလည်း အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
ရေငန်ပုစွန် မွေးမြူသည့်အခါ မိုးရာသီကာလတွင် ပုစွန်သားပေါက် အကောင်ရေ တစ်သန်း ထည့်သွင်း မွေးမြူပါက ပျမ်းမျှ ၂၅ တန်မှ တန် ၃၀ ကြားထွက်ရှိပြီး နွေရာသီတွင်မူ ရာသီဥတု ကောင်းမွန်သည့်အတွက် အကောင်ရေ ၁ သန်း ၂ သိန်း ထည့်သွင်းမွေးမြူပါက တန် ၃၀ မှ ၃၅ တန်ခန့် ထွက်ရှိကြောင်းနှင့် ရေငန်ပုစွန်မွေးမြူရာတွင် စတင် ထည့်သွင်းမွေးမြူသည့်နေ့မှ ပြီးဆုံး သည်အထိ ရက်ပေါင်း ၉၀ မှ ၁၁၀ အထိ မွေးမြူရကြောင်း ရေငန်ပုစွန်မွေးမြူရေး လုပ်ကိုင်နေသူများထံမှ သိရသည်။
မြိတ်ကျွန်းစုဒေသအတွင်း ရေငန် ပုစွန်မွေးမြူခြင်းလုပ်ငန်းမှ ထွက်ရှိလာ သည့် ရေငန်ပုစွန်များကို ပြည်ပပို့ကုန် တစ်ခုအနေဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိရာ ပြည်ပဝင်ငွေရရှိသည့် လုပ်ငန်း ဖြစ်လာနေကြောင်း သိရသည်။
မြင့်ဦး(မြိတ်)