
တာချီလိတ် ဩဂုတ် ၁၇
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ် မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဩဂုတ် ၁၇ ရက်မှစတင်ပြီး ကျပ်၊ ဘတ် ဖြင့် နိုင်ငံခြားငွေ တိုက်ရိုက်ပေးချေသည့် ဘဏ်အကောင့်ဖွင့်လှစ်၍ အသုံးပြုနိုင် မည့် ဝန်ဆောင်မှုကို စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန် လွှဲပို့ငွေနှင့် ပို့ကုန်ပြန်ရငွေအားလုံးသည် ဘဏ်စနစ်ဖြင့်သွားရမည်ဖြစ်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ကျပ်၊ ဘတ် တိုက်ရိုက်အသုံးပြုပေးချေ မှုအတွက် ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) အဖြစ် ယခုနှစ် မေလမှစတင်ပြီး ဧရာဝတီတောင်သူ လယ်သမားဖွံ့ဖြိုးရေးဘဏ်ကို သတ်မှတ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ ဘဏ်တစ်ခုတည်းဖြစ်နေ၍ လုပ်ငန်းလိုအပ်ချက်အရ မြန်မာ့စီးပွားရေး ဘဏ်ကို Designated Bank အဖြစ် ထပ်မံ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ပြောသည်။
ဩဂုတ် ၁၇ ရက်မှစတင်၍ မြန်မာ့ စီးပွားရေးဘဏ်(တာချီလိတ်)တွင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များက ဘတ်ငွေ စာရင်းနှင့် ကျပ်ငွေစာရင်း အကောင့်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းဖွင့်လှစ် ရန်အတွက် သက်တမ်းရှိသော ပို့ကုန် သွင်းကုန်လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံ တင်စာရင်း၊ ကုမ္ပဏီအစည်းအဝေး မှတ်တမ်း၊ ဘတ်ငွေပေးသွင်းမည်ဆိုပါက နိုင်ငံခြားသုံးငွေရရှိသော အထောက် အထား၊ စာရင်းဖွင့်လျှောက်လွှာနှင့်အတူ ထိုင်းဘတ်ငွေ ၁၀၀ သို့မဟုတ် ၎င်းနှင့် ညီမျှသော ကျပ်ငွေဖြင့် စာရင်းဖွင့်လှစ် နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာသုံးစွဲမှုလျှော့ချနိုင်ရန် ရည်ရွယ် ပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ကျပ်၊ ဘတ် တိုက်ရိုက်အသုံးပြုပေးချေ ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံငွေပေး ချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူ ချောမွေ့စေရန်၊ ပြည်တွင်းကျပ်ငွေသုံးစွဲ မှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကို နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မြိတ်၊ မောတောင်နှင့် မဲဆောက်တို့မှတစ်ဆင့် ပြုလုပ်လျက် ရှိပြီး အများစုအနေဖြင့် မြဝတီမှတစ်ဆင့် တင်သွင်း၊ တင်ပို့မှုပြုလုပ်နေကြောင်း သိရသည်။
သန်းဇော် (ပြန်/ဆက်)