Type
              
          
မောင်မျိုးအောင်(ပန်းဧရာ)
၂၀၂၂ ခုနှစ်တွင်  ကမ္ဘာကြီးမှာ  စစ်မီးသံများ  ဆက်တိုက်ထွက်ပေါ်လာ ၏။ ဖန်တီးသူ မီးပွားစပေးသူက တစ်ဦးတည်းသာဖြစ်၏။ စစ်ငွေ့သန်း သည့် နေရာကို လေ့လာကြည့်လျှင် ကမ္ဘာကြီး၏  အနောက်ခြမ်းမှသည် အရှေ့ခြမ်းဆီသို့  ရွေ့စပြုလာ၏။ ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလတွင် ယူကရိန်းကို NATO အဖွဲ့ထဲသို့  ဝင်ရောက်နိုင်ရေးအတွက် ရုရှားဖြင့် စစ်မီးမွှေးခဲ့၏။ ယခုအထိ အဆုံးမသတ်နိုင်သေး။ ထို့အတူ ၂၀၂၂ ခုနှစ် ဩဂုတ်လ  လဆန်းက   တရုတ်နိုင်ငံ၏   အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်ဝမ်ကျွန်းသို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ  နန်စီပလိုစီ၏ ခရီးစဉ်ဖြစ်၏။ 
အနောက်ဘက်တွင် မီးစမွှေးခဲ့သဖြင့် စွမ်းအင်အစပြု သည့် ဂယက်တို့သည် အနောက်ကမ္ဘာတွင် အတော်လေး လှုပ်လှုပ် ခတ်ခတ် ခံစားနေရပြီ  ဖြစ်၏။  ထိုင်ဝမ်အရေး၏ လှုပ်ခတ်မှုကား သည်ထက် ကမ္ဘာတွင် စီးပွားရေးအရ လှုပ်ခတ်မှုဖြစ်ပေလိမ့်မည်။ ကမ္ဘာနိုင်ငံအများစုနှင့်        မြန်မာနိုင်ငံတို့ကပါ    အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ၏  ထိုင်ဝမ်ခရီးစဉ်အား သဘောမတွေ့လှ။ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာစေချင်၏။ ထို့ကြောင့် ထို့ကြောင့် တရုတ်တစ်နိုင်ငံတည်း   မူဝါဒကို   မြန်မာနိုင်ငံက   အစဉ်တစိုက်  လေးနက်စွာ ထောက်ခံခဲ့သည်။
သံတမန်ရေးရာ ကျွမ်းကျင်လိမ္မာစွာ 
ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုများ တွေ့ရ
မြန်မာနှင့်တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေ၏။ ကီလို မီတာပေါင်း  ၂၂၀၀  ကျော်လောက်  ထိစပ်နေသည့်  နိုင်ငံဖြစ်၏။ ၎င်းအပြင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုရှိပြီး နယ်စပ်တွင် နေထိုင်သည့် တိုင်းရင်းသားတို့မှာလည်း တူညီမှုရှိ၏။ နှစ်နိုင်ငံနယ်စပ် ဒေသရှိ တိုင်းရင်းသားများမှာ တိုင်းရင်းသားမျိုးနွယ်တူသာမက လူနေမှု စနစ်ပါ တူညီမှုရှိကြ၏။ သမိုင်းကြောင်းအရ တရုတ်-မြန်မာ နှစ်နိုင်ငံတို့အကြား သံတမန်ခင်းဆက်ဆံရေးသည် အေဒီ ၈၀၂ ခုနှစ် တွင် မြန်မာနိုင်ငံမှ ပျူကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံ ထန်မင်းဆက် လက်ထက်     မြို့တော်ဖြစ်သည့်    ချန်းအန်မြို့သို့     ချစ်ကြည်ရေး ခရီးသွားရောက်သည့် အချိန်ကစသည်ဟု မှတ်တမ်းများအရသိရ၏။ ထိုအချိန်မှစ၍ နှစ်နိုင်ငံဘုရင်များ အဆက်ဆက် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြင့် တရားဝင်ဆက်ဆံရေးကို ထူထောင်လာခဲ့၏။ မြန်မာ သက္ကရာဇ် ၆၄၀ ပြည့်နှစ် ပုဂံမင်း နရသီဟပတေ့နှင့် တရုတ်မွန်ဂိုဘုရင် ကူဗလိုင်ခန်တို့ မပြေမလည်ဖြစ်ခဲ့ရာ ၎င်းကိစ္စအား ပြေလည်မှုရစေရန် အတွက် နရသီဟပတေ့မင်း၏ ဆရာတော် ရှင်ဒိသာပါမောက်သည် တရုတ်ပြည်  ပီကင်းသို့သွားရောက်၍  ကူဗလိုင်ခန်နှင့်တွေ့ဆုံပြီး သံတမန်ရေးရာ ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင် မှုများကိုလည်း တွေ့ရ၏။ 
မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ကြိုဆိုထောက်ခံခြင်းသည် အာရှတိုက်တွင် ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံဖြစ်
၁၉ ရာစု အစပိုင်းတွင် အနောက်နိုင်ငံမှ နယ်ချဲ့များ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပြီး ထိုအထဲမှ ဗြိတိသျှတို့သည် တရုတ်နိုင်ငံသို့ ဘိန်းများတင်သွင်းစေ၍ နိုင်ငံအား အင်အားချည့်နဲ့စေရန် ဆောင်ရွက် ခဲ့သည်။ ဘိန်းတင်သွင်းမှုကြောင့်လည်း ၁၈၄၁ ခုနှစ်မှ ၁၈၄၂ ခုနှစ် အထိ ပထမဘိန်းစစ်ပွဲ၊ ၁၈၅၆ ခုနှစ်မှ ၁၈၆၀ ပြည့်နှစ်အထိ ဒုတိယ ဘိန်းစစ်ပွဲတို့ကို ဆင်နွှဲခဲ့ရပြီး ၎င်းစစ်ပွဲများတွင် အရေးနိမ့်မှု မှသည် တရုတ်ဘုရင်တို့၏ ဩဇာကျဆင်းခဲ့ရသည်။ ထို့အတူမြန်မာနိုင်ငံတွင် လည်း အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီးများ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် အိမ်နီးချင်းနှစ်နိုင်ငံ၏  သမိုင်းကြောင်းများလည်း  နီးစပ်မှုရှိကြ၏။ မြန်မာနိုင်ငံသည်  ၁၉၄၉ ခုနှစ်  အောက်တိုဘာလ  ၁   ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို  အသိအမှတ်ပြုသည့်  ကြေညာချက် တစ်ရပ်အား ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့၏။ ထိုကဲ့သို့ မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ကြိုဆိုထောက်ခံခြင်းသည် အာရှတိုက်တွင် ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံဖြစ်၏။ 
၁၉၄၅-၁၉၅၀   ပြည့်နှစ်အတွင်း  တရုတ်နိုင်ငံ၏   နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တို့သည် မြန်မာနယ်စပ်နှင့် မြန်မာနိုင်ငံအတွင်းသို့ ရိုက်ခတ်မှုရှိ၏။ ထို့အတူပင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဖြစ်ပေါ် ပြောင်းလဲမှုတို့သည်လည်း   တရုတ်နိုင်ငံနယ်စပ်နှင့်   တရုတ်နိုင်ငံ အထိလည်း   ရိုက်ခတ်မှုရှိခြင်းသည်  ထူးခြားချက်များပင်ဖြစ်၏။ အမေရိကန်နှင့်  အနောက်နိုင်ငံများ၏  ထောက်ခံမှုဖြင့် ကူမင်တန် အစိုးရသည် ၁၉၇၁ ခုနှစ်မတိုင်ခင် တရုတ်နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင်နေရာ ရခဲ့သည်။ တရုတ်ပြည်မက ၁၉၇၁ ခုနှစ် တွင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာသောအခါမှ ကူမင်တန် (ထိုင်ဝမ်) အစိုးရသည်  ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ  အလိုအလျောက်  ပျက်ပြယ်  သွားခဲ့သည်။ ၁၉၅၀ ပြည့်နှစ်ကာလအတွင်း တရုတ်ဖြူ ကူမင်တန် များသည် အမေရိကန်၏  အကြံပေးမှုဖြင့်  မြန်မာနိုင်ငံ နယ်စပ်တွင် ခြေကုပ်ယူ၍  တရုတ်နိုင်ငံ   ယူနန်နယ်အတွင်း   ဝင်ရောက်တိုက်ခိုက်ပြီး လွတ်မြောက် နယ်မြေဖန်တီးရန်၊ ၎င်းမှတစ်ဆင့် တရုတ် ပြည်မကြီး အတွင်းအထိ  တစ်စတစ်စတိုက်ခိုက်သိမ်းပိုက်ရန်  စီစဉ်ခဲ့ကြသည်။ ထို့ကြောင့်လည်း   ယူနန်ပြည်ဘက်မှ    တရုတ်ဖြူတပ်များသည် မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သည်။ တရုတ်ဖြူများ ၏ ကျူးကျော်မှုသည် နယ်ချဲ့စီမံကိန်းအထိပါဝင်နေပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ကျူးကျော်ခဲ့သဖြင့် တရုတ်ဖြူ ကျူးကျော် ရေးသမားများကို မြန်မာ့တပ်မတော်က တွန်းလှန်တိုက်ထုတ်ခဲ့ရသည်။ တရုတ်ဖြူတို့က အစပြုခဲ့သော မူးယစ်ဆေးပြဿနာမှာ  မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ၌      ယခုထက်တိုင်      နှိမ်နင်းနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံနှင့်      အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကောင်းမွန်သော  ဆက်ဆံရေးကိုလည်း ပျက်ပြားစေရန် ကြံစည်ခဲ့ခြင်း ဖြစ်သကဲ့သို့     မြန်မာနိုင်ငံ၏   ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကိုလည်း  ချိုးဖျက်ရန် ကြံစည်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ 
အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း ထပ်လောင်းအတည်ပြု 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ၂၀-၅-၂၀၂၁ ရက်နေ့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ  Phoenix  ရုပ်သံမီဒီယာနှင့် တွေ့ဆုံမေးမြန်းစဉ် “ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးကို ယုံကြည်မှုနဲ့ ချစ်ချစ်ခင်ခင်နေတာက အကောင်းဆုံးလို့ကျွန်တော်က ခံယူထားတယ်။ အိမ်နီးချင်းထက်  စိတ်ချရတဲ့  မိတ်ဆွေနိုင်ငံဆိုတာ မရှိဘူး။ အိမ်နီးချင်းဆိုတာ အရင်းနှီးဆုံး နိုင်ငံဖြစ်ရမယ်။ အိမ်နီးချင်း ကောင်းပဲ ဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးချင်းငါးနိုင်ငံနဲ့ ချစ်ကြည် အောင် ဆောင်ရွက်ပါတယ်။ တရုတ်နဲ့မြန်မာကလည်း  ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ ၅ ချက်ကို ကမ္ဘာမှာစပြီး လက်မှတ်ထိုးခဲ့တဲ့နိုင်ငံတွေ ဖြစ်တယ်” ဟု ဖြေကြားခဲ့ဖူး၏။ အိမ်နီးချင်းနှစ်နိုင်ငံ၏ နီးကပ်နွေးထွေး သော ဆက်ဆံမှု ဝိသေသသာဖြစ်၏။ အိမ်နီးချင်းနိုင်ငံပီပီ တရုတ် တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံခြင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခြင်း ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းအား အဘက်ဘက်မှ လျော့ပါး လာချိန်တွင် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရ၏။ တရုတ်နိုင်ငံ သည်ပင်  တရုတ်-အင်္ဂလိပ်စစ်ပွဲဖြစ်သည့်  ပထမဘိန်းစစ်ပွဲအပြီး ၁၈၄၁ ခုနှစ်တွင် ဟောင်ကောင်ကျွန်းကို ဗြိတိသျှလက်သို့ အငှား စာချုပ်ဖြင့်  ထိုးအပ်လိုက်ရ၏။   ၁၈၆၀ ပြည့်နှစ် ဒုတိယစစ်ပွဲတွင် ဗြိတိသျှတို့က ကိုလိုနီပြုမှုကို ကိုးလွန်းကျွန်းဆွယ်အထိ နယ်ချဲ့လာပြီး ၁၈၉၈ ခုနှစ်တွင် ဟောင်ကောင်ဒေသ ၈၆ ရာခိုင်နှုန်းကျော်ပါဝင်သည့် နယ်မြေအသစ်များကို  ၉၉ နှစ်ကြာ အငှားစာချုပ်ဖြင့် သိမ်းပိုက်နိုင်ခဲ့၏။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဗြိတိသျှလက်အောက်ရှိ ဟောင်ကောင်အား ဂျပန်တို့က သိမ်းပိုက်ခဲ့၏။ ဒုတိယကမ္ဘာစစ်အပြီးတွင်မူ    ဗြိတိသျှတို့က   ဟောင်ကောင်ကို ဆက်လက်အုပ်ချုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့၏။ လက်ရှိအချိန်တွင် ဟောင်ကောင်ဒေသသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏     အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏   တစ်နိုင်ငံ    အုပ်ချုပ်မှုစနစ်နှစ်မျိုး  အခြေခံသဘောတရား၏     အုပ်ချုပ်မှုအောက်တွင်     တည်ရှိသည်။ ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးဒေသတစ်ခု ဖြစ်သည်။  ကမ္ဘာပေါ်တွင်   ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးဒေသနှင့်  ကမ္ဘာ့ ဘဏ္ဍာရေးဗဟိုဌာနတို့လည်းဖြစ်၏။ ဗြိတိသျှလက်အောက်တွင် ရှိနေ စဉ်အခါက ငွေရေးကြေးရေးပဏာမ တွက်ချက်မှုအရ ဟောင်ကောင်၏ GDP မှာ ၁၉၉၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၇ ဘီလီယံ၊ ၁၉၉၆ ခုနှစ်တွင် ၁၅၉ ဒသမ ၇ ဘီလီယံနှင့် ၁၉၉၇ ခုနှစ်တွင် ၁၇၇ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်  အမေရိကန်ဒေါ်လာ ၃၄၃ ဘီလီယံနှင့် ၂၀၂၁  ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၃၆၇ ဒသမ ၉ ဘီလီယံ  အထိရှိခဲ့၏။ အိမ်ရှင်နှင့် ဧည့်သည်၊ သွေးချင်းနှင့် သွေးခြား တို့ လက်ဝယ် နှစ်ခုအတွင်း ကွာဟချက်ကို သိနိုင်၏။
မကာအိုဒေသအား တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ် နှစ်မျိုး
အခြေခံသဘောတရားဖြင့်  လွတ်လပ်စွာ  အုပ်ချုပ်ခွင့်ပေးထား
ထို့အတူ မကာအိုဆိုသည်မှာလည်း လက်ရှိတရုတ်နိုင်ငံ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး ဒေသတစ်ခုလည်းဖြစ်၏။ ၁၅၅၇ ခုနှစ် မင် မင်းဆက်လက်ထက်တွင် ပေါ်တူဂီသို့  ကုန်သွယ်ရေးစခန်းအဖြစ် တရုတ်နိုင်ငံက ငှားရမ်းခဲ့၏။ ပေါ်တူဂီတို့က မကာအိုအား ငှားရမ်းထားသည့်အတွက် ငှားရမ်းခကို နှစ်စဉ်ပေးအပ်ခဲ့၏။ ထိုငှားရမ်းမှုဖြင့် ၁၈၈၇ ခုနှစ်အထိ တရုတ် အချုပ် အခြာအာဏာအောက်ရှိ  ထိုဒေသကို ပေါ်တူဂီတို့က အုပ်ချုပ်ခဲ့၏။ ထို့နောက် တရုတ်-ပေါ်တူဂီ ပီကင်းသဘောတူစာချုပ်ကြောင့် ပေါ်တူဂီ တို့က  မကာအိုဒေသကို  ရာသက်ပန်  ကိုလိုနီအုပ်ချုပ်ခွင့် ရရှိခဲ့ရာ ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လက်အတွင်းသို့  ပြန်လည်အပ်နှံ လိုက်ရသည့် အချိန်ထိဖြစ်၏။ 
လက်ရှိတွင် တရုတ်နိုင်ငံက မကာအို ဒေသအား တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ် နှစ်မျိုးဟူသော  အခြေခံသဘော တရားဖြင့်   လွတ်လပ်စွာ  အုပ်ချုပ်ခွင့်ပေးထား၏။  မကာအိုဒေသ သည်လည်း  ပေါ်တူဂီလက်အောက်တွင် ရှိစဉ်အခါ ငွေရေးကြေးရေး တွက်ချက်မှုအရ ၁၉၉၈ ခုနှစ်တွင် GDP အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉၈ ဘီလီယံနှင့် ၁၉၉၉ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၈  ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ တစ်နိုင်ငံ၊ အုပ်ချုပ်မှုစနစ်နှစ်မျိုးဖြင့် လွတ်လပ်စွာ အုပ်ချုပ်ခွင့် ရထားသော အခြေအနေတွင် GDP တိုးတက် မှု ရှိလာခဲ့၏။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၂၁ ဘီလီယံအထိရှိခဲ့ပြီး ကပ် ရောဂါဖြစ်ပွားဆဲဖြစ်သည့် ၂၀၂၁ ခုနှစ်တွင်ပင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၁ ဘီလီယံထိရှိသည်ကို  တွေ့ရှိရ၏။  မည်သည့်နေရာ၊  မည်သည့်အချိန်တွင်ဖြစ်စေ သွေးသားရင်းချာလောက် မနွေးထွေး မစောင့်ရှောက်နိုင်၊ မကောင်းနိုင်သည်မှာ သိသာလှ၏။
တရုတ်နိုင်ငံသည် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၇-၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် ဂျပန်နှင့်စစ်ဖြစ်ခဲ့၏။ ပထမအကြိမ်တွင် ထိုင်ဝမ်ကျွန်းအား  လက်လွှတ်ခဲ့ရ၏။ ဒုတိယအကြိမ်တွင် မဟာမိတ် များ၏   ပူးပေါင်းတိုက်ပွဲဝင်မှုဖြင့်   လက်လွှတ်ခဲ့ရသည့်နေရာအား  ပြန်လည်ရရှိခဲ့၏။  ၁၉၄၀  ပြည့်နှစ်အလွန်ကာလ တရုတ်ပြည်တွင်းစစ် ဖြစ်ပွားမှုအပြီးတွင်    စစ်ရှုံးနိမ့်ခဲ့သည့်   ကူမင်တန်တပ်မတော်၏ အကြွင်းအကျန်အစုတို့သည်   တရုတ်ကမ်းလွန်   ထိုင်ဝမ်ကျွန်းသို့ ကူးပြောင်းခိုလှုံခဲ့ပြီး နိုင်ငံတစ်နိုင်ငံထူထောင်ခဲ့၏။  ၁၉၇၁ ခုနှစ်တွင် ကျင်းပသည့် (၂၆) ကြိမ်မြောက်  ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ်   ၂၇၅၈ တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရကိုသာ ကုလသမဂ္ဂတွင်  ကိုယ်စားလှယ်ထားခွင့်ပေးထားပြီး ချန်ကေရှိတ်  ဦးစီးကိုယ်စားလှယ်အဖွဲ့အား ကုလသမဂ္ဂမှ ဖယ်ထုတ် ထားကြောင်း ဖော်ပြထား၏။ ၎င်းအပြင် ထိုင်ဝမ်ကျွန်းပါဝင်သည့် တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိပြီး တရုတ်နိုင်ငံ နှစ်နိုင်ငံမရှိ ကြောင်း၊ တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံဟူ၍   မရှိကြောင်းကို လည်း အတိအလင်းထုတ်ပြန်ကြေညာခဲ့၏။ ၎င်းအပြင်ကုလသမဂ္ဂက ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့်သာ သတ်မှတ် ရည်ညွှန်းခဲ့၏။    ထို့ကြောင့်လည်း   အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈၁ နိုင်ငံက တရုတ်နိုင်ငံဖြင့် တရားဝင်သံတမန်ဆက်ဆံ ရေးအား ထူထောင်လျက်ရှိခြင်းပင်ဖြစ်၏။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုင်ဝမ်စီးပွားရေးကုမ္ပဏီအချို့ မြန်မာနိုင်ငံ၌ လာရောက်အလုပ်လုပ် ကိုင် နေသည်မှအပ တရားဝင်သံတမန် အဆက်အသွယ် မည်သည့် အခါမျှ မရှိခဲ့ချေ။
ထိုင်ဝမ်ဒေသကို တရုတ်နိုင်ငံ၏ နယ်မြေဒေသ အစိတ်အပိုင်းအဖြစ် အမြဲ ပြောကြားနေလျက်ရှိ
၎င်းအပြင် ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် တရုတ်-အမေရိကန် တရားဝင်  သံတမန်ဆက်ဆံရေးထူထောင်မှု  ပူးတွဲ သဘောတူကြေညာချက်တွင် “တရုတ်နိုင်ငံဆိုတာ  နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်ဝမ်ဆိုတာ   တရုတ်နိုင်ငံ၏   အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်ကို  အမေရိကန်ပြည်ထောင်စုက   အသိအမှတ်ပြုကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏  အစိုးရကိုသာ  တရုတ်နိုင်ငံ၏ တစ်ခု တည်းသော တရားဝင်အစိုးရအဖြစ်သတ်မှတ်ကြောင်း”ဖော်ပြထား၏။ ထို့ကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ဒေသကို ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အမျိုးသားလုံခြုံရေးဥပဒေ၊  သမိုင်းကြောင်းအစဉ်အလာ တို့အရ  တရုတ်နိုင်ငံ၏ နယ်မြေဒေသ အစိတ်အပိုင်းအဖြစ် အမြဲ ပြောကြားနေလျက်ရှိသကဲ့သို့  တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အား  အစဉ်သဖြင့်  လူသိရှင်ကြား  ထုတ်ဖော်ပြောကြားခဲ့၏။  နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင်လည်း ထိုင်ဝမ်နှင့်ဆက်ဆံရေး ထူထောင်နေမှုများကိုလည်း  ကန့်သတ်ထားရှိမှုနှင့်အတူ နိုင်ငံတကာ သို့လည်း သတိပေးမှုပြုလုပ်လေ့ရှိ၏။ 
ဖော်မိုဆာ(ထိုင်ဝမ်)ကျွန်းသို့ ထွက်ပြေးခဲ့သော တရုတ်ဖြူအစိုးရ မှာ တရုတ်ပြည်မကြီးအား ၎င်းလက်သို့ ပြန်လည်ရရှိရေးအတွက် အစဉ်တစိုက် ကြိုးစားခဲ့၏။ ကြိုးစားတိုင်းလည်း ရှုံးနိမ့်ခဲ့၏။ ၎င်းတို့ အနေဖြင့် တရုတ်ပြည်မကြီးက ထွက်ပြေးလာရသည့်တိုင် ပြည်မကြီး အား ၎င်းတို့သာ  ပိုင်သည်ဟု  မှတ်ယူထားပြီး  တစ်နေ့နေ့တွင် ပြန်လည်သိမ်းယူနိုင်မည်ဟု မှတ်ထင်ထားကြ၏။ သို့သော် ပြည်မကြီး က ထွက်ပြေးလာကြပြီး နှစ်ပေါင်း ၅၀ ကျော်မျှ ကျော်လွန်လာချိန်တွင် ထိုင်ဝမ်ရှိ ခေါင်းဆောင်များ၏အမြင်သည်  ပြောင်းလဲလာဟန်ရှိ၏။ မူလက တရုတ်ပြည်မကြီးအား  ပြန်လည်ရရှိ ရေးရည်မှန်းချက်ထားခဲ့ကြ သော်လည်း  တဖြည်းဖြည်းချင်း  ထိုင်ဝမ်အား သီးခြားလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ဖြစ်တည်လိုလာကြ၏။ ငွေကြေးချမ်းသာသည့်တိုင် ကမ္ဘာတွင် နေရာမရသည့်အခါ  ထိုင်ဝမ်အစိုးရအနေဖြင့် အခြားသော နည်းလမ်းများကိုအသုံးပြု၍ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးရရှိအောင် ကြိုးပမ်းလာခဲ့၏။    အမေရိကန်အနေဖြင့်   ထိုအခွင့်အရေးအား လက်လွှတ်မခံဘဲ   ထိုင်ဝမ်၏    ကယ်တင်ရှင်သဖွယ်ဖြစ်အောင် ဝင်ရောက်နေရာယူလာခဲ့၏။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ က ပြုလုပ်ခဲ့သည့်  အမေရိကန်လွှတ်တော်အမတ်များ ဦးဆောင်သည့် ထိုင်ဝမ်လုံခြုံရေး ဖော်ဆောင်မှုဥပဒေကို အောက်လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့၏။ ထိုဥပဒေအတည်ပြုမှုကြောင့် အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား  စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဘက်ပေါင်းစုံ တွင်ကျယ်စွာ ပေါင်းစည်းခွင့်ရသွားခဲ့၏။ အမေရိကန်အနေဖြင့် ထိုသို့ လုပ်ဆောင်ခြင်းသည်ပင် ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေးထူထောင်မှု          ပူးတွဲသဘောတူညီချက်ကို ဗြောင်ကျကျချိုးဖောက်ခဲ့ခြင်းသာ ဖြစ်၏။ လက်ရှိ ထိုင်ဝမ်ကျွန်းတွင် ဆိုင်ယင်းဝမ် အာဏာရရှိလာသည့် ၂၀၁၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံမှ ခွဲထွက်ရေးကြိုးပမ်းချက်ကို    အမေရိကန်အစိုးရအဆက်ဆက်၏ အားပေးထောက်ခံမှုဖြင့် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့၏။ ထိုသို့ကြိုးပမ်းရာတွင် နိုင်ငံရေးနည်းဖြင့်သာမက စစ်ရေးနည်းဖြင့်ပါ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုများ   ရှိလာခဲ့၏။  ထိုင်ဝမ်၏  ခွဲထွက်ရေး ကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံသည် အဓိကအခန်းမှ အားပေး အားမြှောက်ပြုလာခဲ့၏။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့    ရုတ်တရက်ဝင်ရောက်ခဲ့သည့်  ခရီးစဉ်သည် တရုတ် တစ်နိုင်ငံတည်း မူဝါဒအပေါ် အတိအလင်း ချိုးဖောက်မှုအဖြစ် တရုတ် နိုင်ငံမှ ရှုမြင်ထားပြီး နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ရလဒ် ပေါင်းစုံကို တွေ့မြင်လာရ၏။ ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်ဝမ်နှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ တတိယ အကြိမ်မြောက် စက္ကူဖြူစာတမ်းက သက်သေခံနေ၏။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်းပြကာ 
တရုတ်နိုင်ငံအား  တိုက်ခိုက်
အမေရိကန်နိုင်ငံသည်  ၎င်း၏ပြိုင်ဘက်ဖြစ်လာသည့်   ကမ္ဘာ့ စီးပွားရေးနှင့်   စစ်ရေးအင်အားကြီးဖြစ်သည့်   တရုတ်နိုင်ငံအား အင်အားချည့်နဲ့နိုင်ရေး ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီစံသတ်မှတ်ချက်များ ကို အကြောင်းပြုပြီး  တရုတ်နိုင်ငံ၏  ပြည်တွင်းရေးကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်လျက်ရှိ၏။  ဥပမာအားဖြင့် အမေရိကန်နိုင်ငံသည် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း      အခြေအနေများ၊ ရှင်ကျန်းဝီဂါဒေသရှိ အခြေအနေများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်းပြကာ အမျိုးမျိုးပုံဖော်ပြီး   တရုတ်နိုင်ငံအား  တိုက်ခိုက် လျက်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်နိုင်ငံသည် တစ်နေ့ တခြား   အင်အားကြီးထွားလာသည့်  တရုတ်နိုင်ငံအား  မဟာဗျူဟာ မြောက် ပြိုင်ဘက်အဖြစ် သတ်မှတ်ချဉ်းကပ်ပြီး အင်ဒို-ပစိဖိတ်ဒေသ အတွင်း ဩဇာလွှမ်းမိုးမှုရရှိစေရေးအတွက်ဖြစ်သည်။   အထူးသဖြင့် အမေရိကန်သည်    တရုတ်နိုင်ငံကို   ထိန်းချုပ်ရေးမူဝါဒချမှတ်ကာ ထိုမူဝါဒအကောင်အထည်ဖော်ရေးအတွက်  တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊   စစ်ရေးကိစ္စများမှသည်   ပြည်တွင်းရေးအထိ  ဝင်ရောက် စွက်ဖက်မှုများ လုပ်ဆောင်လာခဲ့၏။ 
ပထမဦးစွာ   အင်ဒို-ပစိဖိတ်ဒေသအတွင်း  ဩဇာလွှမ်းမိုးကာ တရုတ်နိုင်ငံကို  ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့်    မိတ်ဖက်နိုင်ငံများအား  ၎င်းတို့ဘက်သို့   ပါလာစေရန် နည်းလမ်းအမျိုးမျိုးဖြင့်   ဆွဲဆောင်စည်းရုံးခဲ့၏။  အဓိကအားဖြင့် ခေတ်မီစစ်လက်နက်ပစ္စည်းများ    အသုံးပြု  ဆွဲဆောင်စည်းရုံးခြင်း  ဖြစ်ကာ ထိုသို့ဆွဲဆောင်စည်းရုံး၍ မရပါက အင်အားပြခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်းကို အသုံးပြု၏။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအား   ထိန်းချုပ်နိုင်ရေးအတွက်   လုပ်ဆောင်ခဲ့သည့် နည်းလမ်းများအနက် အများစုမှာ ဒေသတွင်းနိုင်ငံများ၊ ဒေသများကို ကြားခံစစ်တလင်းဖြင့် ဖန်တီးသည့် နည်းဗျူဟာအား အသုံးပြု ပုံဖော် လျက်ရှိပါသည်။ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် ဒေသများ၊ နိုင်ငံများတွင်လည်း  စစ်စခန်းများ တည်ဆောက်နိုင်ရေး သို့မဟုတ် ၎င်းတို့စိတ်တိုင်းကျ ကပြအသုံးတော်ခံမည့် ရုပ်သေးအစိုးရများကို တင်နိုင်ရေးအတွက်လည်း   လွန်ခဲ့သော   ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ပြင်ဆင်လာခဲ့သည်ကို တွေ့မြင်ရပါသည်။
မြန်မာနိုင်ငံသားများကို အသုံးချပြီး ရုပ်သေးအစိုးရ 
တင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများလည်းရှိ
အလားတူ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ကောင်း တည်ဆောက်ထားနိုင်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်ကာ သနားညှာတာမှုရှိပြီး အယုံလွယ် သည့် မြန်မာနိုင်ငံသားများကို အသုံးချပြီး ရုပ်သေးအစိုးရ တင်နိုင်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်မှုများလည်း ရှိခဲ့၏။ သို့သော် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေသည့်  မြန်မာ့တပ်မတော် ကြောင့် ၎င်းတို့  စိတ်တိုင်းကျ ဖြစ်မလာသည့်အခါ လူမဆန်သည့် အရေးယူပိတ်ဆို့မှုများ    ချမှတ်၍   နိုင်ငံတော်ကြီး  အလုံးစုံပျက်စီး အောင်    ကြိုးပမ်းဆောင်ရွက်နေလျက်   ရှိပါသည်။    အကယ်၍ မြန်မာနိုင်ငံသာ  ၎င်းတို့ စိတ်တိုင်းကျ အစိုးရသာ ဖြစ်လာခဲ့ပါက ပထဝီနိုင်ငံရေးတွင်  အချက်အချာကျသည့်   ကျွန်ုပ်တို့   နိုင်ငံ၏ အနာဂတ်မှာ မတွေးဝံ့စရာပင်ဖြစ်လာမည်။ 
ထို့ပြင် အမေရိကန်တို့သည် တရုတ်နိုင်ငံ၏ အင်အားနည်းပါးသွား စေရေးအကြံဖြင့် တရုတ်နိုင်ငံ လက်အောက်ရှိ ဖွံ့ဖြိုးတိုးတက်လျက်ရှိ သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ဖဲ့ထုတ်နိုင်ရေး အစဉ်တစိုက်   ကြိုးပမ်းလျက်ရှိသည်ကို မှတ်တမ်းများအရ တွေ့ရှိနိုင်ပါသည်။ လက်ရှိ နန်စီပလိုစီ၏ ခရီးစဉ်မှအစပြုပြီး ထိုင်ဝမ် ရေလက်ကြား၌  စစ်ရေး ပြင်ဆင်မှုများနှင့် စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့မှုများက  မြင့်တက် လာနေ၏။ အမေရိကန်အနေဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ကူညီ ထောက်ပံ့မှုများသာမက နိုင်ငံရေးအရ ထောက်ပံ့မှုများကို ပြောင်ပြောင် တင်းတင်း ပေးအပ်လာပါက တရုတ်နိုင်ငံကို လုပ်ရကိုင်ရခက်အောင်  သို့မဟုတ်  စီးပွားရေးကျဆင်းအောင်အထိ  လုပ်ဆောင်လာသည်ကို တွေ့ရှိရ၏။  ၎င်းအပြင်  ဒေသတွင်း  ဒီမိုကရေစီအင်အားစုများက  ထိုင်ဝမ်ကို  ဘက်ပေါင်းစုံက  ထောက်ပံ့ကူညီနိုင်ရေး  ကြိုးပမ်း လာနိုင်ဖွယ်လည်းရှိ၏။ ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံအား ရင်ဆိုင် နိုင်ရန်အတွက် ၎င်းအား ထောက်ခံလိုလားသည့်   အင်အားကြီးနိုင်ငံ များနှင့် နိုင်ငံတကာမှ  အကူအညီများ  ရရှိရေးအတွက်  နည်းလမ်းမျိုးစုံ ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိပြီး   လိုအပ်ပါလျှင်   စစ်ရေးအရလည်း လက်တုံ့ပြန် နိုင်ရေးအတွက် ပြင်ဆင်နိုင်ဖွယ်ရှိ၏။ ထိုသို့ အပြိုင်အဆိုင် ဆောင်ရွက်မှုများသည်  ဒေသတွင်း  တည်ငြိမ်အေးချမ်းမှုများကို  ထိခိုက်လာနိုင်ပြီး   ဒေသတွင်း   ကုန်သွယ်ရေး၊   စီးပွားရေးနှင့်  ခရီး သွားလာရေးလုပ်ငန်းများ   အပါအဝင်   ကဏ္ဍရပ်များစွာအပေါ် သက်ရောက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်၏။
ခွဲထွက်မှုများကြောင့် ပြိုကွဲခဲ့ရသော ပြည်ထောင်စုကြီးများ၏ ကန့်လန့်ကာနောက်ကွယ်တွင် လက်သည်ကြီး တည်ရှိနေ
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့သမိုင်းစဉ်တွင် ခွဲထွက်မှုများကြောင့် ပြိုကွဲခဲ့ရသော ပြည်ထောင်စု ကြီးများ၏ ကန့်လန့်ကာနောက်ကွယ်တွင် အမေရိကန်တည်းဟူသော   လက်သည်ကြီး   တည်ရှိနေသည်ကို အားလုံး   သတိမူတတ်ကြမည်ဆိုပါလျှင်  ယနေ့တင်းမာနေသည့် ရုရှား-ယူကရိန်းအရေး၊ အစ္စရေး - ပါလက်စတိုင်းအရေး၊ ထိုင်ဝမ်ကျွန်း အရေး ကိစ္စများသည်  ဖြစ်လာစရာ  အကြောင်းအရင်း  မရှိနိုင်ပါပေ။ ကျွန်တော်တို့ နိုင်ငံသားများအနေဖြင့်လည်း အဖျက်အမှောင့် အစုအဖွဲ့ များ၏ နောက်ကွယ်မှ  ဇာတ်လမ်းစုံအား အမှန်တရားအတိုင်း သိရှိ အောင်  ကြိုးစားကြမည်ဆိုပါလျှင်  ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လေ ပိုင်နက်များ၏ တန်ဖိုးကို ပိုမိုသိရှိနားလည်  ခံစားနိုင်လာလိမ့်မည်ဖြစ် ၏။   ထိုသို့    သိရှိနားလည်ခံစားလာသည်နှင့်အမျှ   ယနေ့တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ  One  China  Policy အပေါ် ပိုမိုရှုမြင်နားလည်လာနိုင်ကြမည်ဟု  ယူဆမိပါ၏။       ။
        - Log in to post comments
 
      


